SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပန်းကလေးများ လန်းဆန်း စေလိုကြသော်

Sunday, 28 January 2018 08:30 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ရောင်ဝါနေသို့ ထွန်းလင်းသော နိုင်ငံဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံသားတို့သည်လည်း ဇာတိပုညဂုဏ်မာနကို စောင့်ထိန်းကြသူများဖြစ်သည်။ မြန်မာတို့ သည် မိမိတို့၏မိဘဂုဏ်၊ မျိုးရိုးဂုဏ်နှင့် ဇာတိဂုဏ်တို့ကို မညှိုးနွမ်းမသေးသိမ်ရအောင် မိဘ၊ ဆရာများနှင့် ပတ်ဝန်းကျင်၏ သွန်သင်မှုတို့ကို ဆုံးမနာယူလွယ်သူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။ လောက တွင် တိုးတက်ကြီးပွားသူတို့သည် မိဘ၊ ဆရာသမားနှင့်ပတ်ဝန်းကျင်၏ လမ်းညွှန်သွန်သင်မှုတို့ကို ဆုံးမနာယူလွယ်သူ တို့သာဖြစ်သည်။

မိဘတို့သည် ကလလရေကြည်တည်သည်မှစ၍ အချိန်တန် အရွယ်ရောက်ချိန်အထိ မိဘတို့ အသက်ရှင် နေသမျှ သားသမီးများအပေါ် မေတ္တာမပျက် အသက်ထက်ဆုံး ထိန်းသိမ်း စောင့်ရှောက်ကြသူများ ဖြစ်သဖြင့် စာဆိုရှင်မဟာရဋ္ဌသာရက ''ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သား၊ တောင်မြင်းမိုရ်ရှိ၊ ဂုဏ်ကြီးဘိသည်၊ မွေးမိဖခင်၊ ကျေးဇူးရှင်''ဟူ၍မိဘမေတ္တာကို မြင်းမိုရ်တောင်နှင့် ဥပမာနှိုင်း၍ ပြဆိုထား သည်။ ''မကောင်းမြစ် တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ ''ဟူသော မိဘတို့ဝတ္တရားငါးပါးနှင့်အညီ သားသမီးတို့ ကျောင်းနေအရွယ်ေ ရာက်လျှင် ကျောင်းအပ်နှံ၍ ဆရာ တို့ထံမှ အသိပညာ၊ အတတ်ပညာကိုသင်ယူနိုင်ရန် စီမံအားပေးကြရသည်။ လောကကို အလှဆင်ဖို့ ပန်းပျိုး သူဆရာတို့ကလည်း ဝါသနာ၊ စေတနာ၊ အနစ်နာဟူသော နာသုံးနာနှင့်အညီ ''အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ''ဟူသော ဆရာတို့ကျင့်ဝတ်ငါးပါး နှင့်အညီ တပည့်တို့ကို သင်ကြားလမ်းညွှန်ပေးကြ သည်။ မိဘနှင့်ဆရာပူးပေါင်း ကလေးပညာကောင်းသူတွေ အများအပြားရှိကြသကဲ့သို့ ဆရာကောင်းတပည့် ပန်းကောင်းပန်ရသူလည်း အများအပြား ရှိကြသည်။ အန န္တောအနန္တဂိုဏ်းဝင် မိဘနှင့်ဆရာတို့သည် သားသမီးနှင့် တပည့်များ တိုးတက်ကြီးပွားသည်ကို မြင်တွေ့လို ကြသူ၊ ဆင်စီးမြင်းရံသည်ကို မြင်တွေ့လိုကြသူများသာ ဖြစ်သည်။ ရှေးခေတ်က မြန်မာပညာရှိ အမတ်ကြီး ဘိုးရာဇာလျှောက်ထုံး၌ ''မိဘကောင်း ကားများလှသည်၊ သားသမီးကောင်းကား ရှားလှသည်''ဟု ဆိုထားသည့်အတိုင်း သားသမီးတို့ မလိမ္မာသောအခါ မိဘများစိတ်သောက ရောက်ကြရသည်။ သားသမီးတို့ စားဝတ်နေရေးကျပ်တည်းလျှင် မိဘတို့ တတ်နိုင်သမျှ ဖြည့်ဆည်းစောင့်ရှောက် ပေးနိုင်သော်ငြား အမှုအခင်းဖြစ် လာလျှင်ကား မည်သို့မျှမတတ်နိုင် ဥပဒေ၏ အဆုံးအဖြတ်အတိုင်း သားသမီးတို့ခံယူကြရပေမည်။ ၂ဝ၁၇ ခုနှစ်အတွင်း ပြစ်မှုဖြစ်ပွားခဲ့ သည့် အခြေအနေများကို မီဒီယာများက ဖော်ပြထားသည့်အနက် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ဖြစ်ပွားခဲ့သည့် ပြစ်မှုများတွင် ပြစ်မှုကျူးလွန်သူ လူငယ် ၅ဝ ရာခိုင်နှုန်းပါဝင်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး၏ပြောကြား ချက်ကို ကိုးကားဖော်ပြထားသော သတင်းတစ်ပုဒ် တွေ့လိုက်ရသည်။ ပြစ်မှုကျူးလွန် သူလူကြီးများက လောဘနှင့်ဒေါသကြောင့် အဖြစ်များပြီး လူငယ်များမှာ အသိဥာဏ်မပြည့်စုံမှုကြောင့် မိုက် ရူးရဲပြုမူကြခြင်းေ ကြာင့် ပြစ်မှုကျူးလွန်ကြခြင်းဖြစ်ကြောင်း သိရသည်။ မိဘ၊ ဆရာသမားနှင့် လူကြီးသူမတို့၏ ပြောဆိုဆုံးမမှုကို မနာခံဘဲ အရက်သေစာ သောက်စားရာမှ ပြစ်မှုကျူးလွန်ခြင်းကြောင့် ဥပဒေနှင့်အညီ ပြစ် ဒဏ်ကျခံရ ဖူးသူများပင် မိုက်ဇာတ်မဆုံးနိုင်ကြောင်း သိရသည်မှာ သက်ဆိုင်သူ လူငယ်တို့ နောင်ရေးနှင့် လူမှု ပတ်ဝန်းကျင်အတွက် ရင်လေးဖွယ်ဖြစ်သည်။

မြို့ကြီးများရှိ လူမြင်ကွင်းများ၌ ညအချိန် အရက်သေစာ သောက်စားရင်း လူငယ်တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ဖြစ် စကားများကြရာမှ စကားနောက်ဓားပါသော ဖြစ်စဉ်များ၊ အတူသောက်စားရင်း ငြင်းခုံကြရာမှ စကားေ နာက် ဓားပါသောဖြစ်စဉ်များကိုလည်း မကြာခဏ ကြားသိနေရသကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက မှုခင်းကြိုတင် ကာကွယ်ရေး အစီအစဉ်များ ဆောင်ရွက်နေကြသော သတင်းများလည်း တွေ့ရ သည်။ ဆုံးမ နာယူလွယ်မှုမရှိသော သားယောက်ျား ကလေးများအတွက် ရတက်မအေးရသော မိဘများနည်းတူ သမီး မိန်းကလေးရှင်များအတွက် ရတက်မအေးရသော အခြေအနေများ ရှိကြသည်။ နည်းပညာေ ခတ်တွင် နည်းပညာကို အကျိုးရှိအောင် အသုံးပြုကြသူနှင့် အကျိုးအပြစ် မခွဲခြားတတ်ဘဲ ကြုံသလို သုံးကြရာမှ ဥစ္စာငွေ ကြေးအလိမ်ခံရသူများနှင့် မိဘများမျှော်လင့်သလို ဆင်စီးမြင်းရံ မမြင်ရဘဲ ဆင်နင်းမြင်း ကန် ခံကြရသည်ကိုသာ မြင်ရလေသောအခါ မိဘဆွေမျိုးများ သောကရောက်ကြရသည့် သတင်းများလည်း ကြားသိနေရသည်မှာ သက်ဆိုင်သူ လူငယ်တို့နောင်ရေးနှင့် လူမှုပတ်ဝန်းကျင်အတွက် စိတ်မချမ်းမြေ့ ဖွယ်ဖြစ်သည်။

သို့ဖြစ်၍ လူငယ်စွမ်းအား ပြည်ထွန်းကားစေရန် အနာဂတ်ကို အလှဆင်ကြမည့် ပန်းကလေးများ လန်းဆန်းစေလိုကြသော် ဆုံးမနာယူ လွယ်တတ်သူများ ဖြစ်စေရန် သက်ဆိုင်သူ အားလုံးတို့က လျစ်လျူမရှုဘဲ ဝိုင်း ဝန်းဖေးမပြုပြင်ကြရမည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

 

Read 479 times Last modified on Sunday, 28 January 2018 08:44