SJ WorldNews - шаблон joomla Авто

ကိုယ်ခံစွမ်းအား ကောင်းမွန်ရေး အားကစားကို မြှင့်တင်ပေး

Monday, 29 January 2018 10:51 font size decrease font size decrease font size increase font size increase font size

အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားကို စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံ ဆုရရှိချိန်တွင် မိမိတို့နိုင်ငံ အလံလွှင့်တင်ပြီး နိုင်ငံတော်သီချင်းအား တက်ရောက်လာသူ အားလုံးက ပါဝင်သီဆို အလေးပြုကြသဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကို ပိုမိုဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် မိမိတို့အားကစားသမားများ အနေဖြင့် ပြိုင်ပွဲများတွင် အောင်ပွဲများ ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များ ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပသည့် (၂၇)ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်နှင့် တပ်မတော်ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုပေးအပ်ပွဲတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

(၂၇)ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၂၃ ရက်အထိ  စင်ကာပူနိုင်ငံ၌ ကျင်းပရာ   မြန်မာနိုင်ငံ တပ်မတော်(ကြည်း) သေနတ်ပစ်ပြိုင်ပွဲဝင် အဖွဲ့မှ အုပ်ချုပ်သူနည်းပြ ၂၄ ဦးနှင့် အားကစားသမား ၃၁ ဦး စုစုပေါင်း ၅၅ ဦးတို့က အားကစားနည်း ၂၂ မျိုးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ပစ္စတိုသေနတ်ပစ်ပြိုင်ပွဲဝင် အမျိုးသားအသင်းသည် ပွဲစဉ်ငါးမျိုး ဝင်ရောက် ယှဉ်ပြိုင်ပြီး အမျိုးသမီးအသင်းက ပွဲစဉ်လေးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ကာဘိုင်သေနတ်ပစ် ပြိုင်ပွဲဝင်အသင်းသည် ပွဲစဉ်ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ပြီး ရိုင်ဖယ်သေနတ်ပစ် ပြိုင်ပွဲဝင် အသင်းသည် ပွဲစဉ်ငါးမျိုးနှင့် စက်သေနတ်ပစ်ပြိုင်ပွဲဝင် အသင်းသည် ပွဲစဉ်သုံးမျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအမျိုးအစား အလိုက် ဆုရရှိမှုမှာ ပစ္စတိုသေနတ်ပစ် အမျိုးသမီးအသင်းက ပထမရွှေတံဆိပ်ဆု၊ ပစ္စတိုသေနတ်ပစ် အမျိုးသားအသင်းက ဒုတိယငွေတံဆိပ်ဆု၊ အသင်းလိုက် စက်သေနတ်ပစ်ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု အသီးသီး ရရှိကြသဖြင့် ပွဲစဉ်တစ်လျှောက် ဆုရရှိမှုမှာ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု အသီးသီး ရရှိခဲ့ကြပြီး နိုင်ငံအလိုက် အဆင့်(၅)ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံ တပ်မတော်သေနတ်ပစ် အဖွဲ့သည် နောင်လာမည့်မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲများမှ အရည်အသွေးရှိသော အားကစားသမားများနှင့် လေ့ကျင့်ရေး သင်တန်းကျောင်းများမှ သတ်မှတ်အရည်အချင်း ကိုက်ညီသူများကို ရွေးချယ်စုဆောင်း လေ့ကျင့်ပေးလျက်ရှိသည်။

တပ်မတော်တွင် တိုက်စွမ်းရည်ပြည့်ဝသော တပ်မတော်သားများဖြစ်စေရန် သေနတ်ပစ် အားကစားနည်းအပြင် ဘောလုံး၊ ဘော်လီဘော၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် အားကစားနည်းတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိရာ အသင်းလိုက် လုပ်ဆောင်ရသည့် ဘောလုံးအားကစားနှင့် ဘော်လီဘော အားကစားနည်း တို့ကို အဓိကအားကစားအဖြစ် သတ်မှတ်လေ့ကျင့်ပေးလျက်ရှိသည်။ ဘောလုံးနှင့်ဘော်လီဘောအားကစားနည်းတို့သည်

အစုအဖွဲ့ဖြင့်လုပ်ဆောင်တတ်စေရန် အထောက်အကူပြုပေးပြီး လက်ဝှေ့ အားကစားနည်းသည် တိုက်ပွဲဝင်ရာတွင် ရဲစွမ်းသတ္တိရှိစေသည်။ ပြေး၊ ခုန်၊ ပစ် အားကစားနည်းများ လေ့ကျင့်ခြင်းဖြင့် သက်လုံကောင်းစေရန် အထောက်အကူပြုသည်။  ဘောလုံးအားကစားနည်းသည်  ယှဉ်ပြိုင်အားကစား အမျိုးအစားတွင် ပါဝင်ပြီး တစ်ဦးချင်းစွမ်းရည်နှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်မှု စွမ်းရည်တို့ကို ပေါင်းစပ်ယှဉ်ပြိုင်ရသော အားကစားနည်းဖြစ်သဖြင့် နည်းစနစ် ကျွမ်းကျင်မှုရှိရန် လိုအပ်သည့်အပြင်   ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကိုလည်း လေးစား လိုက်နာမှု၊  ပြိုင်ဘက် အားကစားသမားများအပေါ် လေးစားနားလည်မှုတို့ ရှိရန် လိုအပ်သည့် အားကစားနည်း ဖြစ်သည်။

မည်သည့် အားကစားနည်းဖြစ်စေ ထူးချွန်သော အားကစားသမားတို့သည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးကြသူများဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် အားကစားကို အလေးထား ဆောင်ရွက်နေကြသည်။ နိုင်ငံတော် အတွက် အားကစားက မြှင့်တင်ပေးသော အချက်များကို လေ့လာဖော်ထုတ်ထားကြရာ အားကစား အောင်မြင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာဖြစ်သည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အထောက်အကူပြုသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေ၍ မျိုးချစ်စိတ်ဓာတ်ကို ရှင်သန်ထက်မြက်စေသည်ဟူသော အချက်များဖြစ်သည်။ ကမ္ဘာ့အသိုင်းအဝိုင်းဝင် မြန်မာနိုင်ငံသည် အားကစား မြှင့်တင်ရေးကို ကြိုးပမ်းလျက်ရှိရာတွင် တပ်မတော်အနေဖြင့် တစ်တပ်တစ်အား ပါဝင်လျက်ရှိသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုဆုပေးအပ်ပွဲတွင်  အမှာစကားပြောကြားရာ၌ ''ယခုအချိန်တွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေပြီး   ထိုသို့လျှောက်လှမ်းနိုင်ရန် အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း တပ်မတော်သားများ အနေဖြင့် အင်ပြည့်အားပြည့် ဆက်လက်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်ခံစွမ်းအားများ ကောင်းမှသာ မိမိတို့၏ကြိုးစားအားထုတ်မှုများသည် အောင်မြင်မှုများကိုရရှိနိုင်မည်ဖြစ်ကြောင်း'' ဖြင့် အလေးအနက်မှာကြားသည်။

သို့ဖြစ်၍ ခါချဉ်ကောင်မာန်ကြီး တောင်ကြီးဖြိုမည့်ကြံ၊ ခါးမသန်အားမာန်လျှော့ရသည့်အဖြစ်မျိုး ကင်းဝေးစေရန် နိုင်ငံသားများ၏ ကိုယ်ခံစွမ်းအားကောင်းမွန်ရေးကို အထောက်အကူပေးသော အားကစားကဏ္ဍမြှင့်တင်ရေးကို တိုင်းရင်းသားပြည်သူတို့က တစ်ခဲနက်အားပေးကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။  

Read 409 times Last modified on Monday, 29 January 2018 10:53