SJ WorldNews - шаблон joomla Авто

အသီးမှာသရက် အရွက်မှာ လက်ဖက် နှစ်ချက်ဥပမာ

Tuesday, 30 January 2018 09:04 font size decrease font size decrease font size increase font size increase font size

မြန်မာ့ရိုးရာ အစားအစာများမှ အနံ့၊ အရသာနှင့် ပြည့်စုံသော အစားအစာများတွင် အသီးမှာသရက်၊ အရွက်မှာ လက်ဖက်တို့ကို လူကြိုက်များကြသဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး ကလေးလူကြီးအားလုံး စားသုံးကြသည်။

မြန်မာစာဆိုပညာရှင်ကြီး စလေဦးပုည၏ လက်ဖက်မေတ္တာစာအရ သရက်ဆိုသည်မှာ အလေ့ကျပေါက်သော သရက်နှင့် သာမန်လူတို့ စိုက်ပျိုးသော သရက်ကိုဆိုလိုသည် မဟုတ်ဘဲ ဟိမဝန္တာမြိုင်ခွင်ရှိ တောင်နှစ်လုံးကြား၌ ပေါက်သော အဗ္ဘန္တရ သရက်သီးကိုသာ ကောင်းချီးပေးထိုက်ကြောင်း ကျမ်းဟောင်းအရ လောကလူသားတို့ ပြောစကားတွင်သည်။ လက်ဖက်ဆိုရာမှာလည်း အရွက်အကင်း အဆင်းအနံ့ ယုတ်ညံ့အရသာ ပမာဏဂုဏ်မစုံလင်သော သာမန်လက်ဖက်ကိုမဆိုလို၊ ကိုးမျက်ရတနာ ခြယ်မြွှာစီခတ် ရွှေကလပ်နှင့် တင်၍ ရွှေပြည်ရှင်မင်း

တို့ကို နှစ်စဉ်တင်ဆက် ပို့သရသော မိုးမမီရွှေဖီတွင်သည့် လက်ဖက်ကိုသာ နှစ်သက်အံ့သြ ပြောပလောက်ကြောင်း စာဟောင်းသမိုင်း ထွက်ရှိသည်ဆို၏။ မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ပျိုး ထုတ်လုပ်သောဒေသများမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)  ပင်လောင်းမြို့နယ်တို့၌ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြသည်။ လက်ဖက်အစို လုပ်ငန်းများတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ထုတ်လုပ်သော ဇယန်းလက်ဖက် နာမည်ကြီးသည်။  လက်ဖက်ခြောက်လုပ်ငန်းများတွင်  ကျောက်မဲနှင့်ပင်လောင်းမှ လာသော လက်ဖက်ခြောက်တို့ကို သူ့ဒေသနှင့်သူ လူကြိုက်များကြသည်။

မြန်မာတို့သည် နံနက်စောစောအချိန်များတွင် ရှမ်းပြည်နယ်မှ လာသော လက်ဖက်စိုကို နှမ်းဆီမွှေးမွှေးဆမ်း၍ အညာဒေသထွက် ပဲတစ်မျိုးမျိုးနှင့် ထမင်းပူပူတို့ကို စားသုံးသည့် ဓလေ့ရှိကြသည်။ မြို့ပြဒေသများ၌ တန်ဖိုးနည်းနည်းဖြင့် စားသုံးနိုင်သော လက်ဖက်ထမင်းကို ဝန်ထမ်းများ စားသုံးကြသည်။ စီးပွားရေးလောကမှ လက်ဖက်စိုနှင့် လက်ဖက်ခြောက် လုပ်ငန်းရှင်များကလည်း ပြည်ပဈေးကွက် ရရှိရေးအတွက် ခေတ်မီနည်းပညာ အသုံးပြု၍ စိုက်ပျိုးသည်မှ ထုပ်ပိုးပြီးသည်အထိ ဈေးကွက်ဝင် အရည်အသွေးပြည့်မီသော လက်ဖက်ဖြစ်အောင် ကြိုးစားနေကြသည်။ ရွှေချည်မျှင်ငွေချည်မျှင်၊ ရေမဝင်မိုးမမီ၊ ရွှေဖီလက်ဖက်နတ်သစ်ရွက် ဆိုသည်မှာ ကဆုန်၊ နယုန်လတို့တွင် ရွာတတ်သော မိုးဦးလေဦးမကျမီ ခူးယူထားသော လက်ဖက်ရွက် အညွန့်ကလေးများကို ရွှေဖီမိုးလွတ် လက်ဖက်ဟုခေါ်ကြပြီး အနံ့၊ အရသာနှင့် ပြည့်စုံခြင်းကြောင့် လူကြိုက်များသဖြင့် ဈေးကောင်းရသော ရောင်းကုန်တစ်မျိုးဖြစ်သည်။

လွန်ခဲ့သော ၁၉ ရာစုနှစ်လယ်ကာလ မြန်မာနိုင်ငံ စပါးစိုက်ပျိုးရေး လုပ်ငန်းသည် မိုးတွင်းကာလ တစ်သီးစား စိုက်ပျိုးရေးစနစ်ဖြစ်သဖြင့် မိုးစပါး ရိတ်သိမ်းပြီးချိန်တွင် အညာဒေသမှ တောင်သူလယ်သမားများမှာ ရှမ်းပြည်နယ်ဘက်သို့ စားအိုးစားခွက်နှင့် မိသားစုလိုက် လက်ဖက်ခူးသွားပြီး နွေအတွက် ငွေမခက်စေရန် ရှာဖွေကြသည်။ မိုးတွင်းအတွက် စားသောက်စရိတ် ရသည့်အပြင် ဒေသန္တရ ဗဟုသုတရသဖြင့် မိသားစုလိုက် ပျော်ပျော်ပါးပါး သွားကြရင်း အသိမိတ်ဆွေ တိုးလာကြပြီး မြေပြန့်နှင့်တောင်ပေါ် သွေးသားချင်း တော်စပ်ကြသည်အထိ ရင်းနှီးကျွမ်းဝင်ကြ သည်။ မြေပြန့်မှရွှေညာသူ ရွှေညာသားတို့က တောင်ပေါ်သွား၍ စီးပွားရှာကြသလို တောင်ပေါ်သွေးချင်းတို့ကလည်း အညာမြေကိုခြေဆန့်၍ လက်ဖက်ဈေးကွက် ရှာဖွေကြရင်း တန်ခိုးကြီး ဘုရားများကို လှည့်လည်ဖူးမြော်ကြရာတွင် တစ်မူးရလို့တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား အစဉ်အလာအတိုင်း ကုသိုလ်ယူကြသည်။

မြန်မာနိုင်ငံခေတ်ပြောင်း စနစ်ပြောင်းကာလ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ဆည်မြောင်း တာတမံများ တည်ဆောက်ပေးပြီး လယ်လုပ်သူ လယ်ပိုင်ဆိုင်သော အခြေအနေသို့ ရောက်လာပြီး မြန်မာနိုင်ငံ စပါးစိုက်ပျိုးရေး လုပ်ငန်းမှာလည်း တစ်သီးစားမှ နှစ်သီးစားစိုက်ပျိုးရေးနှင့် သီးထပ်သီးညှပ် စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲလာသောအခါ ရွှေညာသူရွှေညာသားတို့ မအားမလပ်နိုင်တော့သဖြင့် ရေမဝင်မိုးမမီ ရွှေဖီလက်ဖက်  နတ်သစ်ရွက် စိုက်ပျိုးထုတ်လုပ်သော နေရာသို့ သွားသူနည်းသွားသည်။  ရွှေဖီလက်ဖက် နတ်သစ်ရွက်ကို သံယောဇဉ်ကြီးမားသဖြင့် မယ်တို့ရွာသာစခန်းမှာ ရွှင်လန်းနေကြသော အညာသားတို့မှာ တစ်ရွာသွားတော့ အားငယ်ကြရသဖြင့် ယခုအချိန်တွင် မွေးရပ်ရွာတမာမြေသို့ ပြန်လှည့်လာကြသူတွေ များကြောင်း သိရသည်။

မြို့ပေါ်ရှိ ထမင်းဆိုင်များမှာ ဝယ်စားကြသော လက်ဖက်ထမင်းတစ်ပွဲကို ပြင်ဆင်ရာတွင် ရှမ်းပြည်နယ်မှ လာသော လက်ဖက်၊ မြေပြန့်မှလာသော နှမ်းဆီနှင့်ပဲ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှလာသော ပုသိမ်ပေါ်ဆန်းမွှေး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်မှလာသော ဆားတို့ကို အချိုးကျပေါင်းစပ်မှသာ အနံ့၊ အရသာနှင့် ပြည့်စုံသော လက်ဖက်ထမင်းတစ်ပွဲကို မြိန်ရှက်စွာ စားသုံးနိုင်ကြသည်။ လက်ဖက်၊ ဆီ၊ ပဲ၊ ဆန်၊ ဆားတစ်မျိုးမျိုး လိုနေသော် လက်ဖက်ထမင်း တစ်ပွဲကို မြိန်ရှက်စွာ စားသုံးနိုင်ကြသည် မဟုတ်ပေ။ ထို့နည်းအတူပင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းများမှာလည်း တိုင်းရင်းသားသွေးချင်းတို့ အားလုံး စုံစုံညီညီ ပါဝင်ကြမှသာ ပြည်သူတို့ လိုလားတောင့်တနေကြသော တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အချိန်တိုအတွင်း ဆောင်ကြဉ်းနိုင်ကြမည်ဖြစ်သည်။ တစ်ယောက်ကောင်းဝါဒ၊ တစ်ဖွဲ့ကောင်းဝါဒ၊  တစ်တောတစ်ဖတွန် ဝါဒတို့ဖြင့် အကွဲကွဲ အပြားပြား ဖြစ်နေကြသော် ပြည်သူတို့ဘဝသည် ဆင်းရဲတွင်းမှာပင် တဝဲလည်လည်ဖြစ်နေမည်ကို သမိုင်းသင်ခန်းစာများ ရှိပြီးဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော်လိုက်ရပါသည်။  

Read 576 times Last modified on Tuesday, 30 January 2018 09:05