SJ WorldNews - шаблон joomla Авто

အဆုတ်ကျန်းမာရေး အတွက် ဆေးတစ်ခွက်

Tuesday, 06 February 2018 08:46 font size decrease font size decrease font size increase font size increase font size

လူတို့အသက်ရှင် ရပ်တည်နိုင်ရေးအတွက် အသက်ရှူလုပ်ငန်းကို တာဝန်ယူ လုပ်ဆောင်နေသော အဆုတ်သည် လေထုညစ်ညမ်းမှုကြောင့် မသန့်ရှင်းသော လေကိုရှူမိသည့်အခါ အဆုတ်ကင်ဆာရောဂါ ဖြစ်စေနိုင်သည်။ အဆုတ်ကင်ဆာ ရောဂါဖြစ်လာခဲ့သော် ခွဲစိတ်ကုသခြင်း၊ ဓာတ်ကင်ခြင်းနှင့် အခြားဓာတုကုထုံးများဖြင့် ကုသ နိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

စက်မှုဖွံ့ဖြိုးသော ဗြိတိန်နိုင်ငံ၌ ရက်သတ္တ တစ်ပတ်လျှင် အဆုတ်ရောဂါဖြစ်ပွားသူ ၁ဝဝဝဝ ရှိပြီး ၎င်းရောဂါကြောင့် သေဆုံးသူ တစ်ဦးနှုန်းရှိခြင်းသည် ရောဂါအမျိုးမျိုးကြောင့် သေဆုံးသူဦးရေ၏ ၂ဝ ရာခိုင်နှုန်းနှင့် ညီမျှ ကြောင်း လေ့လာဖော်ထုတ် ထားကြသည်။ မသန့်ရှင်းသောလေကို ရှူမိရာမှ အဆုတ်ကိုထိခိုက်လျှင် အသက်ရှူကျပ်သော ဝေဒနာခံစားရသူသည် နာတာရှည်ပန်းနာရင်ကျပ်ရောဂါ အဖြစ်စွဲကပ်၍ ချောင်းတဟွတ်ဟွတ် ဆိုးခြင်းနှင့် ချွဲကျပ်ခြင်း ဝေဒနာတို့ကိုပါ တစ်ပြိုင်တည်း ခံစားရတော့သည်။ ဆေးဘက်ဆိုင်ရာ ပညာရှင်များက အဆုတ်ရောဂါ ကုသရေးအတွက် သုတေသနပြုကြရာတွင် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်စေမည့် ကုထုံးအဖြစ် အစာဖြင့်ကုစားနိုင်သောနည်းလမ်းကို ရှာဖွေတွေ့ရှိထားကြခြင်းသည် အဆုတ်ရောဂါဝေဒနာ ဖိစီးခံနေရသူ ၁ ဒသမ ၂ သန်းတို့အတွက် ဝမ်းမြောက်ဖွယ် သတင်းဖြစ်သည်။ နေ့စဉ်စားသုံးနေကျ အစားအစာများမှ ဝက်သားခြောက်၊ ကျပ်တင်ထားသော ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်းတို့ကို စားသုံးခြင်းသည် ပန်းနာရင်ကျပ်ရောဂါ ပိုမိုဆိုးရွားစေခြင်းကြောင့် ရှောင်ကြဉ်ကြရန်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၅ဝ ကာလ ကျန်းမာရေး စစ်တမ်းများအရ အသီးအနှံများ စားသုံးခြင်းသည် အဆုတ်ရောဂါဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်းစေနိုင်သည်ကို တွေ့ရခြင်းကြောင့် အသီးအနှံများများ စားလေ အဆုတ်၏ လုပ်ဆောင်မှု ပိုကောင်းလေ ဖြစ်ကြောင်း ဖော်ပြထားသည်။

လူတစ်ဦးအသက်ရှူလိုက်တိုင်း လေထုအတွင်းရှိသော ဗက်တီးရီးယားပိုး ထောင်ပေါင်းများစွာ အဆုတ်အတွင်းသို့ ရောက်ရှိလာကြရာ အချို့ဗက်တီးရီးယားပိုး တို့က အန္တရာယ်မရှိသော်လည်း စတက်ဖီလိုကော့ကတ်၊ စထရက်ထိုကော့ကတ်ကဲ့သို့သော ပိုးများက လူကိုသေစေနိုင်သည့် တုပ်ကွေးရောဂါနှင့် အဆုတ်ရောင်ရောဂါ တို့ကိုဖြစ်စေနိုင်ကြသည်။ နေ့စဉ်အသီးအနှံများကို စားသုံးခြင်းဖြင့်   အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော ရောဂါပိုးမွှားများ၏ အန္တရာယ်ကို ခုခံတွန်းလှန်နိုင်သည့် အာနိသင်ကို ရရှိစေမည်ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်က လေ့လာဆန်းစစ်မှုအရ တစ်နေ့လျှင် အသီးအနှံ ငါးကြိမ်ပုံမှန်စားသူ တစ်ဦးသည် တစ်နေ့လျှင် နှစ်ကြိမ်သာ စားသူတစ်ဦးထက် အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေ လျော့နည်းမှု ၈၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လူလတ်ပိုင်းအရွယ် လူဦးရေတစ်သိန်းကို လေ့လာခဲ့ရာ နေ့စဉ်အသားဟင်း စားသုံးသူနှင့် ရံဖန်ရံခါ အသားစားသုံးသူတို့သည် အသားနှင့်ဥတို့ကို နေ့စဉ်ရှောင်ကြဉ်သူများထက် ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေ ပိုများကြသည်။ ကလေးများ ဖြစ်ပွားတတ်သော ပန်းနာရင်ကျပ်ရောဂါနှင့် လူကြီးများတွင် ဖြစ်ပွားတတ်သော ပန်းနာရင်ကျပ်ရောဂါ နှစ်မျိုးစလုံးဖြစ်ပွားမှု လျှော့ချရန် အသီးအနှံကို နေ့စဉ် ပိုမိုစားသုံးသင့်ကြောင်း သုတေသီများက တိုက်တွန်းထားကြသည်။

သြစတြေးလျနိုင်ငံမှ သုတေသီများသည် ပန်းနာရင်ကျပ်ရောဂါ ခံစားနေရသူများအား ကျွေးမွေးသည့် နေ့စဉ်အစားအသောက်များမှ အသီးအနှံကို လျှော့ကျွေးပြီး စမ်းသပ်ကြည့်ရာ ရက်သတ္တနှစ်ပတ်ကြာသောအခါ ရောဂါလက္ခဏာ ပိုဆိုးလာကြောင်း တွေ့ကြရသည်။ နောက်တစ်ကြိမ် စမ်းသပ်မှုတွင် ပန်းနာရင်ကျပ် ဝေဒနာရှင်များအား ယခင်ကျွေးနေကျ ပမာဏထက် အသီးအနှံ ပိုကျွေးလိုက်သောအခါ ရောဂါခံစားရမှု တစ်ဝက်သက်သာ လာကြောင်း တွေ့ကြရသည်။ နှစ်ရှည်လများ ဆေးလိပ်သောက်လာသူများအား  အစိမ်းရောင်ပန်းဂေါ်ဖီ (broccoli)ကို ယခင်ကထက် နေ့စဉ်စားသုံးသည့် ပမာဏထက် ၂၅ ဆပိုစားသုံးကြရန် စည်းရုံး ဟောပြောကြပြီး ၁ဝ ရက်ကြာသောအခါ ဆေးလိပ်သောက်သူများထဲမှ အစိမ်းရောင် ပန်းဂေါ်ဖီစားသုံးသူနှင့် မစားသုံးသူတို့၏ အခြေအနေကို နှိုင်းယှဉ်လေ့လာကြသည်။ နှိုင်းယှဉ်လေ့လာချက်အရ အစိမ်းရောင် ပန်းဂေါ်ဖီစားသုံးသူက DNA ပြောင်းလဲမှု ၄၁ ရာခိုင်နှုန်း လျော့နည်းသက်သာကြောင်း တွေ့ရသဖြင့် အစိမ်းရောင် ပန်းဂေါ်ဖီသည် အသည်းကိုထိခိုက်စေသော အဆိပ်ကိုချေဖျက်နိုင်သော အာနိသင်ရှိကြောင်း ပို၍ထင်ရှားစေသည်။

သို့ဖြစ်၍ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုထားကြသည့်အတိုင်း ခန္ဓာကိုယ်တွင်းရှိ အဆုတ်နှင့်အသည်း တို့တွင်ဖြစ်တတ်သော ရောဂါဝေဒနာ ကင်းပျောက်စေရန် အစိမ်းရောင် ပန်းဂေါ်ဖီကို နေ့စဉ်စားသုံးသင့်ကြောင်း ဆေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအား မြဝတီက ထပ်ဆင့်မျှဝေ လိုက်ရပါသည်။   

Read 621 times Last modified on Tuesday, 06 February 2018 08:47