Print this page

မည်သူ့ကိုမျှ မျက်နှာသာမပေး သတိပြုဖွယ် မီးဘေး

Wednesday, 07 February 2018 08:29 font size decrease font size decrease font size increase font size increase font size

လူသားနှင့်မီးတို့ ရင်းနှီးခဲ့ကြသည်မှာ သမိုင်းဦး ဘုံမြေခေတ်ထက် စောနိုင်သည်ဟု ခန့်မှန်းရသည်။ လူတို့သည် အမှောင်ကို ပယ်ဖျောက်ရန် မီးအလင်းရောင်ကို အသုံးပြုသည်။ အအေးဒဏ်ကို ကာကွယ်ရန် မီးအပူဓာတ်ကို အသုံးပြုကြသည်။ လူတို့ယဉ်ကျေးမှု ထွန်းကားလာသောအခါ ချက်ပြုတ်စားသောက်ရန်နှင့် အခြားကိစ္စရပ်များတွင် မီးကို အသုံးချကြသည့် အတွေ့အကြုံများအရ မီးသည်လူတို့အတွက်  သုံးတတ်လျှင် မိတ်ဆွေ မသုံးတတ်လျှင် ရန်သူဟု ဆိုထားသည်။

မြန်မာစကားပုံများမှ မီးကိုအကြောင်းပြု၍ ပြောစကားများ၌ မီးကိုမလောင်မီကတား၊ မီးများမီးနိုင်၊  ရေများရေနိုင်၊ မီးလောင်ရာလေပင့် စသည့် စကားပုံတို့ကို သုံးနှုန်းပြောဆိုကြရာတွင် မီးလောင်မှ ငြှိမ်းသတ်သည်ထက် မလောင်မီက တားဆီး ကာကွယ်ရသကဲ့သို့ အန္တရာယ်တစ်ခုကို ကျရောက်မှ ဖြေရှင်းသည်ထက် မကျရောက်မီက ကြိုတင်ကာကွယ်ထားရန် မီးမလောင်မီကတားဟု ဆိုကြသည်။ မီးလောင်ရာတွင် မီးက အားသာလျှင် မီးကအနိုင်ရရှိပြီး ရေကအားသာလျှင်  ရေက အနိုင်ရရှိသကဲ့သို့ အင်အားများရာက အနိုင်ရရှိသည်ကို  မီးများမီးနိုင်၊ ရေများရေနိုင်ဟု ဆိုကြသည်။ မီးလောင် ရာတွင် လေက ပင့်ကူတိုက်ပေးသကဲ့သို့ အခြေအနေတစ်ခုကို ပိုမိုဆိုးရွားအောင် ဝင်၍ ပြုမူပြောဆိုသည်ကို မီးလောင်ရာလေပင့်ဟု ဆိုကြသည်။

မြန်မာပြက္ခဒိန် ဆယ့်နှစ်လရာသီမှ ကုံရာသီတပို့တွဲလသည် အေး၍ခြောက်သွေ့သော ရာသီဖြစ်ပြီး ယနေ့ကာလတွင် လာနီညာဖြစ်စဉ်ကြောင့် ၂ဝ၁၈ ခုနှစ် ဆောင်းဥတု၌ အအေးဆုံးလဟု ဆိုနိုင်သော်ငြား မီးဘေးအန္တရာယ် သတင်းများကို ကြားသိနေရသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ၈၈ x ၈၉ လမ်းကြား ၁၇ လမ်း၊ အကွက်အမှတ် ၁၃၂ ရှိ လူနေနှစ်ထပ် အိမ်အပေါ်ထပ်ခန်းတွင် ဇန်နဝါရီ ၃ ရက် ည ၇ နာရီမိနစ် ၂ဝ ခန့်တွင် ဝါယာရှော့ခ်ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းသည်။ မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၁၅ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ  ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးစတင် လောင်ကျွမ်းသည်မှ အချိန် ၁၅ မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း အသက်သုံးနှစ်အရွယ် ကလေးတစ်ဦး မီးလောင် သေဆုံးသွားကြောင်း သိရသည်မှာ ကြေကွဲဝမ်းနည်းဖွယ် သတင်းဖြစ်သည်။

ယခင်နှစ်များကတွေ့သည့် မီးလောင်မှုဖြစ်စဉ်များတွင် ကလေးသူငယ်များ သေဆုံးသော သတင်းများရှိခဲ့ဖူးသည်။ လွန်ခဲ့သောငါးနှစ်ခန့်က စစ်ကိုင်းမြို့နယ်အတွင်း ရွာတစ်ရွာ၌ မိခင်ဖြစ်သူက နောက်တစ်နေ့နံနက် ဈေးတွင်ရောင်းချရန် ရွာထဲသို့ကြက်သွားဝယ်နေစဉ် ညအချိန်အိမ်၌ အိပ်နေကြသော ဖတဆိုးသား၊ သမီး သုံးဦး နေအိမ်မီးလောင်သဖြင့် သေဆုံးသွားသော သတင်းတွေ့ရဖူး သည်။ ထိုသတင်းကိုဖတ်ရသူများ ကြေကွဲဝမ်းနည်း ကြရသကဲ့သို့ ကလေးတို့မိခင်၏ ကြေကွဲဝမ်းနည်းပူဆွေးမှုသည် ခေတ်သစ် မပဋာတစ်ယောက်ဟုဆိုနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။   အလားတူ သတင်းတစ်ပုဒ်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က တောင်ငူခရိုင်အတွင်းရှိ  တောင်ပေါ်ကျေးရွာ တစ်ရွာမှ မိသားစုတစ်စုသည် နေ့ခင်းပိုင်းတွင် လူကြီးများ တောင်ယာစိုက်ခင်းသို့ သွားနေစဉ် တောမီးလောင်ရာမှ တစ်ဆင့် လူနေတဲသို့ မီးကူးစက်လောင်ကျွမ်းသဖြင့် တဲထဲ၌အိပ်ပျော်နေသော ကလေးငယ်တစ်ဦး သေဆုံးသွားသော သတင်းတွေ့ရဖူးသည်မှာလည်း ကြေကွဲ ဝမ်းနည်းဖွယ်ဖြစ်သည်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်း အမျိုးမျိုး ရှိသည့်အနက် လျှပ်စစ်မီးကို စနစ်တကျ မသုံးစွဲကြခြင်းကြောင့် လောင်ကျွမ်းမှုများ ပါဝင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အေးသာယာရပ်ကွက် အောင်မြေလောက ဘုန်းတော်ကြီးကျောင်းအနီး၌ ဖွင့်ထားသော လက်ဖက်ရည်ဆိုင်တွင် လက်နှိပ်ဓာတ်မီး အားသွင်းထားရာမှ ဝါယာရှော့ခ်ဖြစ်ပြီး ထရံကိုကူးစက်၍ မီးလောင်သော်လည်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ်လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၇ဝ ဦးတို့က ငြှိမ်းသတ်ကြသဖြင့် ၁၅ မိနစ်ခန့်အတွင်း မီးငြိမ်းသွားသည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီက ဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်မှု မရှိကြောင်း သိရသည်။ မွန်ပြည်နယ် ရေးမြို့ ရန်မျိုးအောင် ရပ်ကွက်အတွင်း မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက် လောင်ကျွမ်းခြင်းကြောင့် လူနေအိမ်သုံးလုံး မီးလောင်ကျွမ်းခံရသည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ တပ်မတော်(ရေ)မှ ရေသယ်ယာဉ်နှင့် ပုဂ္ဂလိက ရေသယ်ယာဉ်တို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ကြသဖြင့် မိနစ် ၂ဝ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်။ ရေးမြို့နယ်၌ ယခုတစ်ကြိမ် အပါအဝင် ၂ဝ၁၈ ခုနှစ်အတွင်း မီးလောင်မှု လေးကြိမ်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ နေရာဒေသ၊ အချိန်ကာလမရွေး မည်သူ့ကိုမျှ မျက်နှာသာမပေးဘဲ ဒုက္ခပေးတတ်သော မီးဘေးအန္တရာယ်ကို မလောင်မီက တားဆီးနိုင်ရန် တစ်ဦးချင်းမှအစ တစ်ရပ်တစ်ရွာ တစ်မြို့လုံးတွင် နေထိုင်ကြသော ပြည်သူအပေါင်းတို့အနေဖြင့် သတိရှိကြရန် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   

Read 492 times Last modified on Wednesday, 07 February 2018 08:30