SJ WorldNews - шаблон joomla Авто

ပေါင်းကိုသင် မြေကိုဆွ မျိုးစေ့ချ သီတာသွန်း

Friday, 04 August 2017 09:07 font size decrease font size decrease font size increase font size increase font size

 

ပန်းတို့သဘာဝ ရေမြေဒေသနှင့် ရာသီအလိုက် ပွင့်ကြသည်များရှိသကဲ့သို့ ဥယျာဉ်မှူး တို့က မြေကိုတူးဆွမျိုးစေ့ချပြီး ရေလောင်းပေါင်းသင် ယုယစိုက်ပျိုးကြသည့် ဥယျာဉ်မှူးတို့ လုံ့လကြောင့် ငုံရာမှဖူး၊ ဖူးရာမှ အရောင်အသွေးစုံ ပွင့်ဝေလန်းဆန်းကြရသည်။

ဥယျာဉ်မှူးတို့ လုံ့လစိုက်ထုတ်ကြရာတွင် မျိုးစေ့ချ၊ ရေလောင်း ပေါင်းသင်စဉ်မှာပင် ပိုး၊ ခြ ၊ ယင်တို့ ဖျက်ဆီးခြင်းခံရသဖြင့် အပင်မသေ အပွင့်မညှိုးရအောင် ကြိုးစားအားထုတ်ကြရသည်။

စာပေဥယျာဉ်မှူးတို့စုဝေးကြရာ  မြန်မာနိုင်ငံ စာရေးဆရာအသင်းသည်  မြန်မာစာပေ ပန်းခင်းကြီးဖူးပွင့်ဝေလွင်စေရန်  အားမာန်အပြည့်ဖြင့် စာရေးနည်း အခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ်(၁)ကို ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုသင်တန်းအမှတ်စဉ်(၈)ကို စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သဖြင့် စာရေးရန် ဝါသနာပါသူများမှ အသက် ၁၆ နှစ်ပြည့်ပြီးသူများ တက်ရောက်နိုင်ကြောင်း နေ့စဉ်သတင်းစာများတွင် ဖော်ပြ ဖိတ်ခေါ်ထားသည်။ သင်တန်းမှ သင်ကြားပေးမည့် ဘာသာရပ်များမှာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုရေးသားနည်းတို့ဖြစ်ပြီး  ဘာသာရပ်အလိုက်  ဝါရင့်စာပေ ပညာရှင်ကြီးများက  သင်ကြားပေးကြမည်ဖြစ်သည်။ စာရေးနည်း အခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ်(၁) စတင်ဖွင့်လှစ်စဉ်က သင်တန်းသား ၆၂ ဦး တက်ရောက်ခဲ့ကြပြီးနောက် ဆက်လက်ဖွင့်လှစ်သော သင်တန်းများသို့ တက်ရောက်သော သင်တန်းသားဦးရေ တစ်ရာကျော်အထိ ရှိလာသည်မှာ စာပေဥယျာဉ်မှူးတို့၏ စေတနာထက်သန်မှုကို ပေါ်လွင်စေပါသည်။

သင်တန်းသားများမှာ လူငယ်၊ လူလတ်များနှင့်အတူ ပညာလိုအိုသည်မရှိ ဆိုစကားအတိုင်း အငြိမ်းစားဝန်ထမ်းများ ပါဝင်ကြသည်။ ဘာသာရပ်အလိုက် သင်တန်းနည်းပြများကလည်း ထိုနည်းနှင်နှင် ပါဝင်ကြသည်။ အသက်အရွယ်နှင့် အတွေ့အကြုံ မတူညီကြသည့်အပြင်  ပညာအရည်အချင်းနှင့် ဘဝအခြေအနေပါ မတူညီကြသော သင်တန်းသားများကို စာပေလိပ်ပြာနိုးကြားစိတ် တူညီမှုက ခင်မင်လေးစားညီညွတ်အောင် ဖန်တီးလိုက်ခြင်းနှင့် စာပေဥယျာဉ်မှူးတို့၏  စေတနာထက်သန်မှုကြောင့် စာရေးနည်း အခြေခံလမ်းညွှန် သင်တန်းသည် ပျော်ရွှင်ဖွယ်ရာ ပညာပေး သင်တန်းတစ်ခုဖြစ်သည်။

စာရေးနည်းအခြေခံ လမ်းညွှန်သင်တန်း အမှတ်စဉ်(၁)သို့ တက်ရောက်စဉ် ရသစာပေ သင်တန်းချိန်အစတွင် မိမိဖတ်ဖူးသော  ရသစာပေမှ  နှစ်သက်ရာ စာကြောင်းတစ်ကြောင်း  သို့မဟုတ်  ကဗျာတစ်ပုဒ်ကို ရွတ်ပြရန် သင်တန်းနည်းပြက ဖိတ်ခေါ်လိုက်သည်။ သင်တန်းသားတစ်ဦးက ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ကမ္ဘာကုန်ကျယ်သရွေ့ဝတ္ထုကို ဖတ်ဖူးသည်မှ နှစ်သက်ကြောင်းနှင့် ''ချစ်သည်၊ ချစ်မိသည်၊ ချစ်ခဲ့မိသည်၊ ချစ်ရလိမ့်ဦးမည်၊

ဒုက္ခ၊ ဘဝ၏ဒုက္ခ'' ဆိုသည်ကို ရွတ်ပြလိုက်ရာ  သင်တန်းသားအားလုံး တဝါးဝါးနှင့် ဝါးရှည်ကြီး ရယ်မောကြသည်။ ရွတ်ပြသောစာကနု၍ ရွတ်ပြသူကရင့်ရော်နေခြင်းကြောင့် သင်တန်းနည်းပြ ဆရာမ ကိုယ်တိုင် မရယ်မောသော်လည်း ပြုံးစိစိဖြစ်သွားသည်။

ရသစာပေ၏သဘောအနှစ်ချုပ်သည် ''ချစ်၊ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ရဲဝံ့၊ အံ့သြ နောအရသာ'' ဟူသော လင်္ကာကို မှတ်သားရသည့်အပြင် စာတစ်လုံး၊ စကားတစ်ခွန်း၏ အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်ကြောင်း၊ စာရေးသူနှင့်စာဖတ်သူ အမြင်မတူသည်များ ရှိကြောင်းတို့ကို မှတ်သားခဲ့ရပြီး လုပ်ငန်းခွင်၌ ကိုယ်တွေ့ကြုံရသည့်အခါ ဆရာမပြ နည်းမကျဆိုသည်ကို ပို၍နားလည်လာရသည်။ ဝတ္ထု၊ ကဗျာ၊ဆောင်းပါး မည်သည့်စာကို ရေးသည်ဖြစ်စေ မိမိရေးမည့် အကြောင်းအရာကို ကောင်းစွာသိပြီး ရေးသူ၏ ရည်ရွယ်ချက်ရှိရမည်။ စကားပြေရေးရာတွင် အတွေးရှင်း၊ အရေးရှင်းရမည်။ အရေးရှင်းရန် မြန်မာစာ ရေးထုံးနှင့်အညီ ကျစ်ကျစ်လျစ်လျစ် ပြေပြေပြစ်ပြစ်နှင့် ဆိုလိုရင်းအဓိပ္ပာယ် ပေါ်လွင်အောင် အကြောင်းအကျိုး ဆီလျော်ရမည် စသည်တို့ကို ပညာရှင်ကြီး များ၏သင်ပြမှုကြောင့် ထဲထဲဝင်ဝင် လေ့လာသိရှိခွင့် ရကြသည်။

စကားလုံးတို့သည် ခေတ်ကာလအလျောက် အဓိပ္ပာယ်ပြောင်းလာကြရာ အင်းဝခေတ်က ခင်ပွန်းဟူသော စကားလုံးကို မိတ်ဆွေဟူသော အဓိပ္ပာယ်ဖြင့် သုံးကြသည်။ ယခုခေတ်တွင် ခင်ပွန်းဆိုလျှင် လင်ယောက်ျားဟူသော အဓိပ္ပာယ်ဖြင့်သုံးကြသည်။ ရှေးခေတ်က ညီလာခံဆိုသော စကားသည် ရှင်ဘုရင်နှင့် မှူးကြီးမတ်ရာ သေနာပတိတို့ပြုလုပ်သော အစည်းအဝေးဟု အဓိပ္ပာယ်ရသော်လည်း ယခုခေတ်တွင် လူအများဆွေးနွေး တိုင်ပင်ရာ အစည်းအဝေးကြီးဟူသော အဓိပ္ပာယ်ဆောင်သည်။ လွှတ်တော်ဟူသော စကားသည် မြန်မာဘုရင်များ လက်ထက်က  ဘုရင်နှင့်လက်အောက်ခံ  အမြင့်ဆုံး အာဏာပိုင်ဆိုင်သော မှူးမတ်အများ ပါဝင်စုပေါင်း တိုင်ပင်ဆောင်ရွက်သည့် အဖွဲ့အစည်းဟူသော အဓိပ္ပာယ်ရသော်လည်း  ယခုခေတ်တွင်  နိုင်ငံတော်အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်၍ ပြည်သူ့အတွက် ဆောင်ရွက်သော အဖွဲ့အစည်းဟု အဓိပ္ပာယ်ရကြောင်း စသည်ဖြင့် အခြားသိမှတ်ဖွယ်ရာတို့ကို သိခွင့်ရကြသည်။

စာရေးနည်းအခြေခံ လမ်းညွှန်သင်တန်းဟု ဆိုထားသော်ငြား အတွေ့အကြုံ ရင့်ကျက်သော စာပေပညာရှင်ကြီးများနှင့်တွေ့ဆုံ၍ လေ့လာစူးစမ်းခွင့် ရရှိခြင်းကြောင့် သင်တန်းသားတို့ ဝါသနာရှိလျှင်ရှိသလောက် ခရီးရောက်သည်။ ဇွဲကြီးလျှင်ကြီးသလောက် ထဲထဲဝင်ဝင် သိခွင့်ရသည်။ အတွေးသွက်လျှင် သွက်သလောက် ထက်မြက်နိုင်သည်။ ထို့ကြောင့် စာပေဥယျာဉ်မှူးတို့ စုဝေးကြရာ မြန်မာနိုင်ငံ စာရေးဆရာအသင်းက ပေါင်းကိုသင် မြေကိုဆွမျိုးစေ့ချ သီတာသွန်းပေးသော စာပေပန်းခင်းကြီး စဉ်ဆက်မပြတ် ပွင့်လန်းရေး ပြည်သူအပေါင်းက အားပေးကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။     

Read 726 times Last modified on Friday, 18 August 2017 11:44