SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မိတ်ဆွေစစ်ကို တွေ့လိုသော် မွေ့လျော်အပ်သည့် စိတ်ထား

Sunday, 18 February 2018 08:30 font size decrease font size decrease font size increase font size increase font size

လူမှုဆက်ဆံရေး နယ်ပယ်၌ အဆင်မပြေမှုများ တွေ့ရတတ်သည့် အကြောင်းရင်းများကို ဆန်းစစ်ကြည့်သောအခါ လောဘ၊ ဒေါသ၊ မောဟနှင့် မာန်မာနတရားတို့ကို ဆင်ခြင်နိုင် စွမ်းအား နည်းခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရပေမည်။ လူတိုင်းသည် မိတ်ဆွေစစ်နှင့် ပေါင်းသင်းဆက်ဆံ လိုကြသဖြင့် မိတ်ဆွေစစ်ကို ရှာဖွေကြသည်။ မိတ်ဆွေစစ်ကို ရှာဖွေရာတွင် မှတ်သားရ လွယ်ကူစေခြင်းငှာ ''ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်တူထား၊ စကားချိုသာ၊ ကျိုးနှစ်ဖြာနှင့် သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ''ဟူ၍ ပညာရှိတို့ ညွှန်ပြထားကြသည်။ နောက်တစ်ဖန်မိတ်ဆွေစစ် လေးမျိုးကို ညွှန်ပြထားသည်မှာ  မိမိအား ကျေးဇူးပြုသူ မိတ်ဆွေစစ်၊ ချမ်းသာဆင်းရဲအတူ ဖြစ်သူမိတ်ဆွေစစ်၊ အကျိုးစီးပွားကို ညွှန်ပြတတ်သော ဆရာနှင့် တူသူမိတ်ဆွေစစ်၊ ညှာညှာတာတာ စောင့်ရှောက်တတ်သူ မိတ်ဆွေစစ်ဟူ၍ ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးဆက်ဆံရေးသည် စကားပြောဆိုမှုဖြင့် စတင်ကြရသည် ဖြစ်ရာ အစကောင်းမှ အနှောင်းသေချာမည် ဖြစ်သဖြင့် လေးလေးနက်နက်နှင့် စိတ်အား ထက်ထက်သန်သန် ပြောဆိုတတ်ရမည်။ လေးနက်သော စကားကို ပြောရန်လိုသကဲ့သို့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ခုနစ်ပါးတွင် မပါဝင်စေရန် အမြဲသတိရှိရန် လိုသည်။ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံရေးတွင် အနှစ်မရှိသော စကားပြောဆိုမှုကို ရှောင်ကြဉ်ကြရပေမည်။ အနှစ်မရှိသော စကားဟူသည် သူတစ်ပါး မကြိုက်မှာ စိုးသဖြင့် အလိုက်သင့်ပြောခြင်း သို့မဟုတ် သူတစ်ပါး ပြောစကားသည် လွဲမှားနေကြောင်း သိလျက် နားထောင်နေခြင်း၊ သူတစ်ပါး မုန်းမည်စိုး၍ မှန်သောစကားကို မပြောဘဲ မမှန်သော စကားကိုပြောခြင်း၊ ထမင်းရည်ပူလာ လျှာလွှဲပြောတတ်ခြင်း၊ မခိုင်လုံသော အကြောင်းပြချက်ဖြင့် ဆင်ခြေများခြင်း၊ မိမိမသိ နားမလည်သည်ကို သိဟန် နားလည်ဟန်ဆောင်၍ ပြောဆိုငြင်းခုန် ခြင်းတို့ဖြစ်သည်။ အနှစ်မရှိသော စကားတို့သည် စကားချိုသာ ခြင်းကြောင့် လူကြားကောင်းသည့် တိုင်အောင် မိမိအတွက် အကျိုးမထူး၊ သူတစ်ပါးအတွက် အကျိုးမရှိဖြစ်စေသည်။ ထို့ကြောင့် အနှစ်ရှိသော စကားကို လေးလေးနက်နက် ပြောတတ်သော အလေ့အထ ရှိမှသာလျှင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး ခိုင်မြဲနိုင်သည်။ အမှန်တရားကို ပြောသည့်တိုင်အောင် အပိုပြောခြင်း သို့မဟုတ် ထိမ်ချန်ထားခြင်း တို့သည် မရိုးသားသော ပြောဆိုမှု ဖြစ်ခြင်းကြောင့် အခြားသူများ၏ ယုံကြည်လေးစား အသိအမှတ်ပြု ခံရမည်မဟုတ်ပေ။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ တစ်ဦးဖြစ်ရန် ဂုဏ်အင်္ဂါရပ်များမှာ သမမျှတစိတ်ထားရှိခြင်း၊ မိမိကိုယ်ကို နှိမ့်ချတတ်ခြင်း၊ မိမိရင်းနှီးသူနှင့် မရင်းနှီးသူတို့ကို ခွဲခြားမှု မရှိခြင်း၊ တစ်နေ့ သို့မဟုတ် ရက်သတ္တပတ်အတွင်း ပြုမူဆောင်ရွက်ချက် များကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း၊ မိမိစိတ် အခြေအနေကို ဆန်းစစ်ကြည့်ခြင်းတို့ ဖြစ်သည်။ သမမျှတစိတ် ဆိုသည်မှာ မိမိမနှစ်သက်သော ပစ္စည်း တစ်ခုကို အခြားသူများ နှစ်သက်လိုလားမည် မဟုတ်၊ မိမိမနေလိုသော နေရာတွင် အခြားသူများ နေလိုမည်မဟုတ်၊ မိမိမကြားလိုသော စကားကို အခြားသူများ ကြားလိုမည် မဟုတ် စသည်တို့ကို အမှန်အတိုင်း သိမြင်၍ အသိနှင့် အလုပ်ယှဉ်သော စိတ်ဖြစ်သည်။ မိမိကိုယ်ကို နှိမ့်ချတတ်ခြင်း ဆိုသည်မှာ မိမိဂုဏ်သိက္ခာနှင့် အရည်အချင်းတို့ကို နှိမ့်ချရန် မဟုတ်ဘဲ အတ္တမာနစိတ်ကို လျှော့ချရန်ဖြစ်သည်။ အတ္တမာနစိတ်ကို လျှော့ချလိုက်ခြင်းဖြင့် မိမိ၌ ရှိပြီးသော ဂုဏ်သိက္ခာနှင့် အရည်အချင်းတို့ နိမ့်မသွားဘဲ လူအများ၏ လေးစားမှုပို၍ ရနိုင်သည်။ ဟိတ်ဟန်ထုတ်ခြင်း၊ ကြွားဝါခြင်း၊ စကားတင်စီးခြင်း၊ အခြားသူက မိမိထက် သာသွားမည်ကို စိုးရိမ်ခြင်းနှင့် အခွင့်အရေးကို ရသင့်သည်ထက် ပိုယူခြင်းစသည့် အတ္တလွန်ကဲစိတ် ကသာ ရှိပြီးသော ဂုဏ်သိက္ခာနှင့် အရည်အချင်းတို့ကို နိမ့်ကျသွားစေ နိုင်သည်။ မိမိရင်းနှီးသူနှင့် မရင်းနှီးသူတို့ကို ခွဲခြားမှု မရှိခြင်း ဆိုရာဝယ် ဒုက္ခရောက်သူကို ကူညီခြင်းတွင် ထပ်တူစိတ် ထားရှိရန်ဖြစ်သည်။ လူတစ်ဦး၏ ပြောဆိုပြုမူ ဆက်ဆံမှုကိုကြည့်၍ မိတ်ဆွေအဖြစ် သတ်မှတ်ရန် သင့်၊ မသင့် မိမိကိုယ်တိုင် စဉ်းစားဆုံးဖြတ်တတ်ရန် အရေးကြီးသည်။ တစ်နေ့ သို့မဟုတ် ရက်သတ္တပတ်အတွင်း ဆောင်ရွက်ချက်များကို ပြန်လည်ဆန်းစစ်ခြင်းဖြင့် အားသာချက်ကို အရှိန်မြှင့်၍ အားနည်းချက်ကို အချိန်မီ ပြုပြင်နိုင်မည် ဖြစ်သည်။ မိမိစိတ် အခြေအနေကို ဆန်းစစ်ကြည့်ခြင်းဖြင့် အခြားသူများအပေါ် မေတ္တာထားမှု အတိုင်းအတာကို သိနိုင်ပြီး လုပ်ငန်းဆောင်တာများ အပေါ် မိမိထားရှိသော စေတနာ စွမ်းအားကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် အဆင်ပြေစေရန် မိမိက မိတ်ဆွေစစ်ကို ရှာသလို အခြားသူများကလည်း မိတ်ဆွေစစ်ကို ရှာဖွေကြမည်ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေစစ်ကို တွေ့လိုသော် မိမိကိုယ်တိုင်ကလည်း မိတ်ဆွေစစ်တို့၏ ဂုဏ်အင်္ဂါရပ်များနှင့် ညီညွတ်အောင် နေထိုင်၊ ပြုမူ၊ ပြောဆိုရမည့် တာဝန်ရှိသည်ကို အမြဲမပြတ် နှလုံးသွင်းအပ်ကြပေသည်။

Read 476 times Last modified on Sunday, 18 February 2018 09:07