Print this page

မိမိကိုယ်တိုင် တိုးတက်လိုစိတ်နှင့် အခြားသူများကို စေတနာထား

Monday, 19 February 2018 08:41 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ စီးပွားရေးပြုပြင် ပြောင်းလဲရေးအတွက် ပုဂ္ဂလိကကဏ္ဍ ပါဝင်မှု အရှိန်အဟုန် မြှင့်တင်နိုင်ရန် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်နေပြီ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုကုန်ထုတ် လုပ်ငန်းတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ရာမှ နည်းပညာ လွှဲပြောင်းရယူရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး၊ ဖွံ့ဖြိုးမှုနည်းနေသေးသော ဒေသများ ဖွံ့ဖြိုးလာစေရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတို့ကို တိုးမြှင့်၍ ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လုပ်သာကိုင်သာရှိစေရန် နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများ၌ ဖြေလျော့မှုများ ဖော်ပြထားသည့်အပြင် နိုင်ငံတော် အစိုးရက ကူညီဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များကိုလည်း ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက ကူညီ ဆောင်ရွက်ပေးနေကြသည်။

မြန်မာနိုင်ငံမှ ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၉ ရက်မှစ၍ ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရရှိပြီးဖြစ်သည်။ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP-Generalized System of Preference)သည် ယခင်က ၇၇ နိုင်ငံအုပ်စုဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တင်သွင်းသောပို့ကုန်များအပေါ် အထူးအခွင့်အရေး ပေးထားရာမှ ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံအထိ အဆိုပါ အခွင့်အရေး ရရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပို့ကုန်များအား GSP အခွင့်အရေး ပေးထားသော နိုင်ငံများမှာ ဥရောပ သမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံ၊ သြစတြေးလျ၊ ဘယ်လာရုစ်၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ရုရှားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တူရကီ၊ အမေရိကန်ပြည်ထောင်စု တို့ဖြစ်ကြသည်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများမှ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့သော ကုန်ပစ္စည်းများအနက် လက်နက်ခဲယမ်းမှအပ (EBA-Everything But Arms) အကောက်ခွန် ကင်းလွတ်ခွင့်ပြုကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဖိတ်ခေါ်ဆောင်ရွက်သည့် ရည်ရွယ်ချက်များမှာ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေမည့် လုပ်ငန်းများ၊ ပြည်တွင်းထွက်ကုန်နှင့် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်တင်ပို့ ရောင်းချနိုင်မည့်လုပ်ငန်းများ၊ ပြည်တွင်းထွက် သတ္တုကုန်ကြမ်းများကို အခြေခံသည့် အကြီးစား စက်မှုလုပ်ငန်းများ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုပေးရန်ဖြစ်သည်။ ဆိုခဲ့သော ရည်ရွယ်ချက်များဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အား ဦးစားပေး ခွင့်ပြုပေးရာတွင် တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားကို မထိခိုက်စေရေး၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို မထိခိုက်စေရေး၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို မထိခိုက်စေရေး၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရေးတို့ အတွက် နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒများကိုလည်း ရင်းနှီးမြှုပ်နှံသူတို့ အနေဖြင့် လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက ချမှတ်ထားသော ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေတို့၏ ရည်ရွယ်ချက်နှင့် မူဝါဒများသည် ပျားလည်းစွဲသာ၊ ရှဥ့်လည်းလျှောက်သာ အခြေအနေမျိုး ဖြစ်သည့်အပြင် ပြည်ပပို့ကုန်များ အတွက် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရရှိထားခြင်းကြောင့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ နှစ်စဉ်တိုးတက်လျက် ရှိကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒနှင့် ရည်ရွယ်ချက်များ အရ လုပ်သာကိုင်သာ ရှိသည့်တိုင်အောင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း လုပ်ကိုင်မည့်ဒေသသည် တည်ငြိမ်အေးချမ်းမှု ရှိ၊မရှိကို အဓိကထား စဉ်းစားကြပြီး တည်ငြိမ်အေးချမ်းမှုရှိသည့် ဒေသ၌သာ ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။သာဓကအားဖြင့် ကရင်ပြည်နယ်မှ ဘားအံ-လှိုင်းဘွဲ့ကားလမ်း ဘေးရှိ ဘားအံစက်မှုဇုန်သည် ဘားအံမြို့မှ ၇ မိုင်သာ ဝေးပြီး မြေအကျယ်အဝန်း ၉၆၉ ဧကပေါ်၌ အထည်စက်ရုံများ၊ သစ်အချောထည် စက်ရုံများနှင့် စက်ဘီးပြုပြင် တပ်ဆင်သည့် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသဖြင့် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးထားသည်။

ခြေလှမ်းပေါင်း ၁ဝဝဝ ကို ပထမခြေတစ်လှမ်းဖြင့် စတင်လျှောက်လှမ်းရသည့် သဘာဝအတိုင်း ပြည်ထောင်စုကြီး အတွင်းရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီး အတွက် စီးပွားရေး ပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ကြစေရန် နိုင်ငံတော်အစိုးရက ဖန်တီးပေးထားပြီးဖြစ်သည်။ ဒေသခံပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလျှင် ကောင်းသလောက် ဖွံ့ဖြိုးမှုအရှိန်အဟုန် မြင့်မားလာမည် ဖြစ်သည့်အခြေအနေကို မျှော်မှန်း၍ မိမိကိုယ်တိုင် တိုးတက်လိုသော စိတ်ဓာတ်နှင့် အခြားသူများကိုလည်း တိုးတက်လိုသော စေတနာဖြင့် ဝိုင်းဝန်း ကြိုးပမ်းကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။    

Read 494 times Last modified on Monday, 19 February 2018 08:42