SJ WorldNews - шаблон joomla Авто

မြင့်မြတ်သော ဆင်ဖြူတော်ဝင် သူရဲကောင်း

Tuesday, 20 February 2018 08:37 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) အခန်း(၁)နိုင်ငံတော် အခြေခံမူများ ပြဋ္ဌာန်းချက်ပုဒ်မ ၄၁ ၌ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။

နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟု ဖော်ပြထားသည်နှင့်အညီ နိုင်ငံတကာ ဆက်ဆံရေးတွင် လက်တွေ့လိုက်နာ စောင့်ထိန်းလျက်ရှိသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ(၅)ချက်မှာ တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်တို့ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့သည် ၁၉၄၈ ခုနှစ် သြဂုတ် ၂၄ ရက်မှစ၍ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်ပြီး အိမ်နီးချင်းကောင်းတို့ မိတ်ဝတ်မပျက် ဆက်ဆံလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်နောက်ပိုင်း စစ်အေးကာလ (၁၉၄၅-၁၉၉ဝ)တွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN)ကို  စတင်တည်ထောင်ခဲ့သော နိုင်ငံများ၌ ထိုင်းနိုင်ငံပါဝင်ခဲ့ရာမှ စစ်အေးလွန်ကာလ ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံက အာဆီယံအသင်းဝင် နိုင်ငံဖြစ်လာသောအခါ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်လာကြသည့်အပြင် မဲခေါင်ဒေသခွဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးတွင်လည်း မဲခေါင်တစ်မြေတည်း စိတ်ဓာတ်ဖြင့် ဆောင်ရွက်နေကြသည်။

စစ်အေးလွန်ကာလ နိုင်ငံတကာ ဆက်ဆံရေးသည် နှစ်နိုင်ငံအစိုးရ အချင်းချင်း ဆက်ဆံရေး၊ နှစ်နိုင်ငံပြည်သူ အချင်းချင်း ဆက်ဆံရေးနှင့်  နှစ်နိုင်ငံတပ်မတော် အချင်းချင်း ဆက်ဆံရေးပုံစံသို့ ပြောင်းလဲတိုးတက်လာခဲ့သည့် အားလျော်စွာ မြန်မာ့တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံ တပ်မတော်များနှင့် ဆက်ဆံရေး၊ ဒေသတွင်းနိုင်ငံ တပ်မတော်များနှင့် ဆက်ဆံရေး၊ နိုင်ငံတကာ တပ်မတော် များနှင့် ဆက်ဆံရေးတို့ကို တည်ဆောက်၍ တပ်မတော်အချင်းချင်း ချစ်ကြည်ရေးနှင့် ကမ္ဘာ့ပြည်သူတို့၏ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုများ ချမှတ်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များတွင် သဘာဝဘေးအန္တရာယ် ကျရောက်နေသော ပြည်သူများအား ကူညီရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ကြသည်။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက်တွင် လူကုန်ကူးမှု၊ တရားမဝင် လက်နက်ရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို တပ်မတော်နှစ်ရပ် ပူးပေါင်းဖြေရှင်း ဆောင်ရွက်နေကြသဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်စပ်ဒေသလုံခြုံရေး အခြေအနေ ကောင်းမွန်လျက်ရှိနေပြီဖြစ်သည်။ မြန်မာ့တပ်မတော်သည် ပြည်တွင်းပဋိပက္ခများ အဆုံးသတ်၍ ငြိမ်းချမ်းရေး တည်ဆောက်ရန် မူဝါဒ(၆)ရပ်နှင့်အညီ  နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို အိမ်နီးချင်း ထိုင်းနိုင်ငံက အသိအမှတ် ပြုထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် နိုင်ငံတာဝန်များကို ပြောင်မြောက်စွာ စွမ်းစွမ်းတမံ ထမ်းရွက်သယ်ပိုးလျက်ရှိပြီး နိုင်ငံအတွက် ထူးကဲစွာကြိုးပမ်း အမှုထမ်းဆောင်မှုများနှင့် နှစ်နိုင်ငံအကျိုးအတွက် စွမ်းဆောင်မှုများ၊ မြန်မာ့တပ်မတော်နှင့် ထိုင်းနိုင်ငံဘုရင့် တပ်မတော်နှစ်ရပ်အကြား ကောင်းမွန်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများကို တည်ဆောက်ရာတွင် အကောင်းဆုံး ပူးပေါင်းပါဝင် စွမ်းဆောင်နိုင်မှုများအား  ချီးကျူးဂုဏ်ပြုသောအားဖြင့်  ရာမ(၁ဝ)ထိုင်းဘုရင်မင်းမြတ် Maha  Vajiralongkorn က ''မြင့်မြတ်သော ဆင်ဖြူတော်ဝင် သူရဲကောင်း'' Most Exalted Order of the White Elephant ပထမအဆင့် ဂုဏ်ပြုဘွဲ့တံဆိပ်အား Knight  Grand Cross  ရာထူး အဆောင်အယောင်နှင့်တကွ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၁ ရက်က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ထိုင်းဘုရင် မင်းမြတ်၏ ကိုယ်စား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ွ ''The Knight Grand Cross(First Class)of the Most Exalted Order of the White Elephant'' ဘွဲ့တံဆိပ်အား ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ဂုဏ်ပြုပေးအပ်ရာ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က လက်ခံရယူခဲ့သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး တိုးတက်ခိုင်မာအောင် ဆောင်ရွက်ခဲ့သဖြင့် ၂ဝ၁၃ ခုနှစ်တွင် ရာမ(၉)ထိုင်းဘုရင်မင်းမြတ် Bhumibol Adulyadej က ချီးမြှင့်သည့် ''The Knight Grand Cross (First Class)of the Most Noble Order of the Crown of Thailand'' ဘွဲ့တံဆိပ်ကို ရခဲ့သည်။ ထိုင်းဘုရင်မင်းမြတ်က ပြည်ပနိုင်ငံသားများအား ချီးမြှင့်ရန် ခက်ခဲလှသော အဆင့်အတန်း ပိုမိုထူးကဲမြင့်မားသည့် ဘွဲ့တံဆိပ်ကို   တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား  ယခုထပ်မံ ချီးမြှင့်ခံရသည့်အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုအဓွန့်ရှည် တည်တံ့လာနိုင်တော့မည်ဖြစ်သည်။  ထို့ကြောင့် တပ်မတော် တစ်ရပ်လုံးကသာမက ပြည်သူများ အနေဖြင့်လည်း ဝမ်းမြောက်ဂုဏ်ယူရပြီး ယခုထက်ပို၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန် လာနိုင်မည်ကို မြင်ယောင်မျှော်တွေးရင်း ရေးသား ဖော်ပြအပ်ပါသည်။   

Read 537 times Last modified on Tuesday, 20 February 2018 08:38