SJ WorldNews - шаблон joomla Авто

နေ့ပူညချမ်း တပေါင်းလဆန်းနှင့်မီးဘေး အန္တရာယ်

Thursday, 22 February 2018 08:41 font size decrease font size decrease font size increase font size increase font size

နေ့ပူညချမ်း တပေါင်းလဆန်းသည်နှင့် ကြမ်းတမ်းသော မီးဘေးအန္တရာယ် သတင်းများကို တွေ့နေရသည်တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စု ဒဟတ္တန်းကျေးရွာအပိုင် ကွင်းအမှတ် (၁၆၇ဝ)ရှိ အလျားပေ ၅ဝ၊ အနံပေ ၂ဝ၊ အမြင့် ၁၅ ပေရှိ ဝါးကပ်မိုး၊ ဝါးခြမ်းကာ၊ ဝါးကြမ်းခင်းထားသော ကြက်ခြံခြောက်လုံးနှင့် အလျားပေ ၂ဝ၊ အနံ ၁ဝ ပေ၊ အမြင့် ၁၂ ပေရှိ ဝါးကပ်မိုး၊ ဝါးထရံကာထားသော လူနေတဲသုံးလုံးတို့ မီးစွဲလောင်သဖြင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိသော်လည်း တန်ဖိုးငွေ ကျပ်ခုနစ်သိန်းကျော် ဆုံးရှုံးသွားသော ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ နံနက် ၁၁ နာရီ ၁၅ မိနစ်က စတင်ဖြစ်ပွားရာ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မိတ္ထီလာခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁ဝ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်နိုင်သဖြင့် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ တွင် မီးငြိမ်းသွားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၁၂) နယ်မြေ(၁၈)ရှိ နေအိမ်တစ်အိမ်မှ အပေါ်ထပ်ရှိ ဘုရားခန်း၌ အမွှေးတိုင်ပူဇော်ထားရှိပြီး အိမ်ရှင်ဖြစ်သူအပြင်ထွက်သွားရာ အမွှေးတိုင်မီးမှ တစ်ဆင့် မီးကူးစက်၍ နေအိမ် အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်းခြင်းကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိသော်လည်း စုစုပေါင်း တန်ဖိုးငွေကျပ် ၂၂ သိန်းခန့် ဆုံးရှုံးသည့်ဖြစ်စဉ် ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီက ဖြစ်ပွားခဲ့ရာ လားရှိုးခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် ည ၉ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွားသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် အမှတ်(၆)ရပ်ကွက် ဆိပ်ကမ်းလမ်းရှိ နေအိမ်တစ်အိမ်၌ ဘုရားမီးပူဇော်ထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲ၍ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ရာ ဘေးအိမ်သို့ ကူးစက်သွားသဖြင့် လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသည့်ဖြစ်စဉ် ဖေဖော်ဝါရီ ၁၇ ရက်ကဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ ည ၆ နာရီခန့်က စတင်ဖြစ်ပွားရာ မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း  ငြှိမ်းသတ်ကြရာ ည ၆ နာရီ မိနစ် ၂ဝ တွင်မီးငြိမ်းသွားပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ ထေးငှားလျားရပ်ကွက် နေအိမ်တစ်အိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှ ကူးစက်လောင်ကျွမ်းရာ ၁ဝ ပေပတ်လည်  သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းလူနေအိမ်တစ်လုံး မီးလောင်ကျွမ်းသည့် ဖြစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် ည ၁ဝ နာရီခွဲတွင် စတင်ဖြစ်ပွားခဲ့ရာ လွိုင်ကော်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့သော်လည်း အိမ်ရှင်အမျိုးသမီးတစ်ဦး မီးလောင်ခံရသဖြင့် သေဆုံးသွားကြောင်း သိရသည်။ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မန်းရွှေစက်တော်ဘုရား၏ အောက်ခြေကမ်းပါးယံ အစွန်းရှိ အလျားပေ ၄ဝ၊ အနံပေ ၃ဝ ရှိ တည်းခိုဆောင် တစ်လုံး၌ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် စွန့်ပစ်ဆေးလိပ်တိုမှ တစ်ဆင့် မီးလောင်ကျွမ်းရာ   ဝိုင်းဝန်းငြှိမ်းသတ်နိုင်သဖြင့်   ညနေ ၅ နာရီတွင်မီးငြိမ်းသွားပြီး    လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ် အောက်လမ်းမကြီး သံလွင်ဈေးရှေ့တွင် ဓာတ်ဆီရောင်းချသော နေအိမ်တစ်အိမ်၌ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ် ကြသဖြင့် မွန်းလွဲ  ၁ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းသွားသော်လည်း လူနေအိမ်နှစ်လုံးနှင့် ဟိုက်ဂျက် ယာဉ်တစ်စီး၊ ပါပလေကာယာဉ် တစ်စီးတို့ မီးလောင်ဆုံးရှုံးသွားပြီး မီးစတင်လောင်သည့် အိမ်ရှင်မှာ တစ်ကိုယ်လုံး မီးဟပ်ခံရသဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ် ကျေးသားအုပ်စု ရွာသစ်ကုန်း(အလယ်ရွာ)ရှိ သွပ်မိုး၊ပျဉ်ထောင် နှစ်ထပ်အိမ်တစ်အိမ်ရှိ မီးဖို၌ ထမင်းဟင်းချက်ရာမှ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခွဲတွင် မီးစတင်လောင်ကျွမ်းရာ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ်လေးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်သဖြင့် မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားပြီး သွပ်မိုး၊ ပျဉ်ထောင်နှစ်ထပ် အိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားသည်။ မီးလောင်ကျွမ်းခဲ့သည့် နေရာ၌ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများက မီးကြွင်း မီးကျန်များ ဖယ်ရှားခြင်းနှင့် မီးလောင်သွားသော နေအိမ်များအား ရှင်းလင်းခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြို့မရပ်ကွက်ရှိ နန်းဖာလုံဈေးအတွင်း ပစ္စည်းများ သိုလှောင်ထားသောဂိုဒေါင်၌ ပေါက်ကွဲစေတတ်သော မီးရှူးမီးပန်းဗြောက်အိုးများ အပူရှိန်လွန်ကဲမှုကြောင့် ဖေဖော်ဝါရီ ၇ ရက် ည ၉ နာရီခွဲခန့်မှ စတင်မီးလောင်ရာ တမူးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှ မီးသတ်ယာဉ်နှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့်  ဖေဖော်ဝါရီ ၈ ရက် နံနက် ၁ နာရီတွင် မီးလုံးဝငြိမ်းသွားသော်လည်း ဈေးဆိုင်ခန်း ၅၃ ခန်းနှင့် လူနေအိမ်ခြောက်လုံး မီးလောင် ဆုံးရှုံးသွားသည်။ ၁၉၉၇ ခုနှစ် မတ် ၇ ရက်က စတင်ဖွင့်လှစ်ခဲ့သော နန်းဖာလုံဈေးကြီး၌ ဈေးရုံပေါင်း ၁၇ ရုံနှင့် အပြင်ဈေးတန်းလေးတန်း တို့တွင် ဆိုင်ခန်းပေါင်း ၁ဝဝဝ ကျော်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ နေ့ပူညချမ်းတပေါင်းလဆန်းတွင် မီးကိုစနစ်တကျ အသုံးပြု၍ မီးကြွင်းမီးကျန်ကို ပြည်သူများက သတိပြုကြရန် လိုသကဲ့သို့ အတွေ့အကြုံအရ မီးသတ်ကား ဝင်နိုင်/ထွက်နိုင်သော လမ်းများကိုလည်း ရပ်ကွက်အလိုက် ရှင်းလင်းထားကြရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း လိုက်ရပါသည်။    

Read 470 times Last modified on Thursday, 22 February 2018 08:42