SJ WorldNews - шаблон joomla Авто

ဆင်းရဲမှု လျော့နည်းရေး မူးယစ်ဆေးကို တိုက်ဖျက်ပေး

Friday, 23 February 2018 09:53 font size decrease font size decrease font size increase font size increase font size

လူသားမျိုးနွယ်အားလုံးကို အန္တရာယ်ပေးနေသော  မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့နိုင်ငံ အားလုံး ကြိုးပမ်းနေကြရာ မြန်မာနိုင်ငံ အနေဖြင့်လည်း အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ထုတ်ပြန်ကြေညာသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၁ဝ နာရီက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ထုတ်ပြန်ကြေညာသည့် အခမ်းအနားသို့ မူးယစ်ဗဟို အဖွဲ့ဝင်များ၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ရေးဆွဲရေး ဦးစီး ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံနှင့် မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးထားသော နိုင်ငံများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒသစ်ရေးဆွဲရေး လုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သည့် NGO ၊ CBO ၊ CSO များမှ ကိုယ်စားလှယ်များ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားရာ၌ ''၂ဝ၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အနည်းဆုံးတစ်ကြိမ် သုံးစွဲမှုရှိပြီး မူးယစ်ဆေးသုံးစွဲသူ ဦးရေ ၂၅၅ သန်းရှိသည့်အနက် ၂၉ ဒသမ ၅ သန်းသည် မူးယစ်ဆေးဝါးကုသမှု ခံယူရန် လိုအပ်နေသူများဖြစ်ပြီး ၁၂ သန်းသည် မူးယစ်ဆေးဝါး အကြောအတွင်း ထိုးသွင်းသူများဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးလွန် သေဆုံးသူများ၊ မူးယစ်ဆေးစွဲမှုကြောင့် ကူးစက်ခံရသော HIV ရောဂါ၊ အသည်းရောင် အသားဝါ B,C နှင့် TB ရောဂါဖြစ်ပွားမှု မြင့်တက်လာကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာခဲ့ရကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် စိတ်ပြောင်းဆေးဝါးသစ် အမျိုးပေါင်း ၂၆ဝ တွေ့ရှိခဲ့သော်လည်း ၂ဝ၁၇ ခုနှစ်မှာ အမျိုးပေါင်း ၆၃ဝ ထိမြင့်တက်လာခဲ့ကြောင်း'' ထည့်သွင်းပြောကြားသည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းထိန်းချုပ်ရေးရုံး (UNODC) ကထုတ်ပြန်သော ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ အကြောအတွင်းသို့ မူးယစ်ဆေးဝါး ထိုးသွင်းသူ ၁၂ သန်းအနက် HIV ပိုးကူးစက်ခံရသူ ၁ ဒသမ ၆ သန်း၊ အသည်းရောင်အသားဝါ C ပိုးကူးစက်ခံရသူ ၆ ဒသမ ၁ သန်း၊ HIV ပိုးနှင့် အသည်းရောင် အသားဝါ ဃ ပိုး နှစ်မျိုးစလုံးကူးစက်ခံရသူ ၁ ဒသမ ၃ သန်းရှိကြရာမှုံဠ ပိုးကူးစက်ခံရခြင်းကြောင့် သေဆုံးသူ ၆ဝဝဝဝ နှင့်အသည်းရောင်အသားဝါ ပိုးကူးစက် ခံရခြင်းကြောင့် သေဆုံးသူ  ၂၂၂ဝဝဝ အသီးသီး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၇ ခုနှစ်အတွင်းက ဆောင်ရွက်ခဲ့သော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများမှာ ရခိုင်ပြည်နယ်အတွင်း မေယုစစ်ဆင်ရေး၊ ရှမ်းပြည်နယ်အတွင်း ရှမ်းရိုးမစစ်ဆင်ရေး၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်း(၂)စစ်ဆင်ရေး၊ ကချင်ပြည်နယ်အတွင်း ဧရာဦးစစ်ဆင်ရေးတို့ဖြင့် နယ်မြေအလိုက် ဆောင်ရွက်ခဲ့ကြသည်။ ကချင်ပြည်နယ်အတွင်း ဧရာဦးစစ်ဆင်ရေးကို ယခုချိန်ထိ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကြိုတင်ကာကွယ်ရေး ယင်းမာစီမံချက်ဖြင့် ဆောင်ရွက်နေ ကြောင်း သိရသည်။ ဤသို့ဆောင်ရွက်နေသည့် တိုင်အောင် မူးယစ်ဆေးဝါးသတင်းများ ကြားသိနေရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက်၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေကြောင်း ဆက်စပ်သတင်းများ ဖော်ထုတ်ချက်အရ တပ်မတော် စစ်ကြောင်းများနှင့် ကွတ်ခိုင်မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက်မှ စ၍နယ်မြေဖြန့်ခွဲ ရှင်းလင်းကြရာ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ လွယ်ခန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂ဝဝဝ ခန့် အကွာရှိ နေရာလေးနေရာမှ ငွေကျပ်သိန်းပေါင်း ၉၉၆ဝဝ ကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများကို ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာအနီး နတ်မြစ်အတွင်း၌ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မသင်္ကာဖွယ်ရာ လှေတစ်စင်းတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ လှေပေါ်တွင်ပါလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးနှင့်အတူ ဆာလာအိတ်ဖြင့် ထုတ်ထားသည့် WY /R စာတန်းပါ စိတ်ကြွဆေးပြား ၉၅၄၉ဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၉ဝဝ ကျော်)ကို ဖမ်းဆီးရမိခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်ညပိုင်းကလည်း မောင်တောမြို့မြောက်ဘက် နတ်မြစ်အတွင်း မီတာ ၁၅ဝဝ ခန့်အကွာ၌ မသင်္ကာဖွယ် လက်ခတ်လှေတစ်စင်း တွေ့သဖြင့် မီးအချက်ပြခေါ်ယူစဉ် ထွက်ပြေးသွားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ တက်ချောင်းဝနေရာတွင် ဖမ်းဆီးရမိပြီး လှေပေါ်မှ ဘင်္ဂါလီသုံးဦးနှင့် အတူ WY စာတန်းပါ စိတ်ကြွဆေးပြား ၈၇၇၅ဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၇ဝဝ ကျော်)ကို ဖမ်းဆီးရမိခဲ့သည်။

ယခုတင်ပြခဲ့သော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသူများမှာ အရေအတွက်များ၍ တန်ဖိုးများပြားသော သတင်းများသာဖြစ်ပြီး ဖမ်းဆီးရမိသမျှ အားလုံးတင်ပြထားခြင်း မဟုတ်သော်လည်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် အသစ်ပေါ်လာသော စိတ်ပြောင်းဆေးဝါး အန္တရာယ်ကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ တိုင်းရင်းသားပြည်သူ အားလုံးတို့က သတိထား စောင့်ကြည့်ကြိုတင် ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့တွင်  ပါဝင်ကြရန် လိုအပ်သည်။ သို့မှသာ နိုင်ငံတော်က ဆောင်ရွက်နေသော ဆင်းရဲမှုလျော့နည်း ပပျောက်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် စီးပွားရေး၊ လူမှုရေးပတ်ဝန်းကျင် ကောင်းများကို ဖန်တီးနိုင်ကြမည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။   

Read 456 times Last modified on Friday, 23 February 2018 09:54