SJ WorldNews - шаблон joomla Авто

မြိုင်ခွင်တောင်တော ဥသြရင့်ကြွေးကျူးသံပေးပြီ

Wednesday, 28 February 2018 09:44 font size decrease font size decrease font size increase font size increase font size

မြန်မာပြက္ခဒိန် တစ်ဆယ့်နှစ်လမှ နောက်ဆုံးဖြစ်သော တပေါင်းခေါ်ညီ  မိန်ရာသီသို့ ရောက်ခဲ့လေပြီ။ တောတောင်တို့တွင် ရွက်ဟောင်းကြွေရွက်သစ်ဝေနေကြသည်။ တပေါင်းလအထိမ်းအမှတ် သရဖီပန်းတို့ ပွင့်လန်းကြချိန်တွင် ဥသြငှက်တို့ကလည်း နွေကြိုတေးသီဆို ကျူးရင့်နေကြသည်။

တပေါင်းနွေလသာယာသောကာလတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူတို့၏ နောက်ဆုံးအတန်းတင် စာမေးပွဲများ ဖြေဆိုကြရသည်။  ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူတို့သည် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆  ရက်အထိကျင်းပသည့် အတန်းတင် စာမေးပွဲကြီး ဖြေဆိုပြီးကြလေပြီ။ တစ်ပြည်လုံး အတိုင်းအတာဖြင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄ သိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြရာ အဖြေလွှာများကို မတ် ၁ ရက်မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများ၏ အစီအစဉ်ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများ အတန်းတင် စာမေးပွဲ ဖြေဆိုပြီးကြပြီဖြစ်သော်လည်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများမှာ မတ် ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြရန် ပြင်ဆင်နေကြဆဲဖြစ်သည်။ တစ်ပြည်လုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူစုစုပေါင်း ၈၄ဝဝဝဝ ကျော်ရှိကြရာ နိုင်ငံခြား စာစစ်ဌာန ၂၁ ခုအပါအဝင်  စာစစ်ဌာနပေါင်း ၁၇၄၂ ခု၌ ဝင်ရောက် ဖြေဆိုကြရမည်ဖြစ်သည်။  ၂ဝ၁၇-၂ဝ၁၈ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန များအနက် ဧရာဝတီတိုင်း ဒေသကြီး၌ စာစစ်ဌာန ၂၄ဝ ခုဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ စာစစ်ဌာန ၂၂ဝ ခုဖြင့် ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စာစစ်ဌာန၂ဝ၇ ခုဖြင့် တတိယ အများဆုံးဖြစ်သည်။

လူတစ်ဦးချင်းအတွက်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ အတွက်ဖြစ်စေ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် တိုးတက်မှုအတွက် အကောင်းဆုံးဖြစ်သည်ကို အလေးအနက်ခံယူ၍ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့်သူများ အားလုံးအတွက် အထောက်အကူပြုစေရန် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ပညာရှင်များက မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ဖော်ပြပေးကြရာ မြဝတီရောင်စုံနေ့စဉ် သတင်းစာကလည်း တစ်တပ်တစ်အား ပါဝင်ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်သည်။ မြဝတီသတင်းစာ၌ ဖော်ပြပေးခဲ့သည့်ဘာသာရပ်များမှာ ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ ဖေဖော်ဝါရီ ၃ ရက်တွင် အင်္ဂလိပ်စာနှင့်သင်္ချာ၊ ဖေဖော်ဝါရီ ၄ ရက်တွင် ဓာတုဗေဒ၊ ဖေဖော်ဝါရီ ၅ ရက်တွင် ဓာတုဗေဒနှင့်ရူပဗေဒ၊ ဖေဖော်ဝါရီ ၆ ရက်တွင် သတ္တဗေဒ၊ ဖေဖော်ဝါရီ ၇ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ ဖေဖော်ဝါရီ ၈ ရက်တွင် အသုံးချဘောဂဗေဒ၊ ဖေဖော်ဝါရီ ၉ ရက်တွင် သမိုင်း၊ ဖေဖော်ဝါရီ ၁ဝ ရက်နှင့် ၁၁ ရက်တွင် ပထဝီတို့ကို အသီးသီး ဖော်ပြပေးခဲ့သည်။ ရုပ်သံမီဒီယာများကလည်း မတ် ၁၅ ရက်အထိ အနီးကပ်ပို့ချချက်များ ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့်သူများမှာ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ပုဂ္ဂလိက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပမှ ဖြေဆိုကြမည့်သူများဟူ၍ ပါဝင်ကြရာ ပညာရှင်များ၏ ဆွေးနွေးပို့ချချက်များကို အသေအချာ လေ့လာ၍မှတ်သား လိုက်နာအသုံးချတတ်သူများအတွက် အကျိုးရှိနိုင်မည်ဖြစ်သည်။

အချိန်သည် လူကိုမစောင့် ဆိုရိုးစကားသည် လူတိုင်းမမေ့အပ်သော စကားဖြစ်သည်။ လောကလူသားတို့သည် တစ်ဦးနှင့်တစ်ဦး ပညာအဆင့်အတန်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတို့ မတူညီကြသော်ငြား တစ်နေ့အတွက် ၂၄ နာရီရရှိပိုင်ဆိုင်မှု တူညီကြလေရာ အချိန်ကို အကျိုးရှိအောင် ခွဲဝေအသုံးချတတ်သော အလေ့အထရှိရပေမည်။ အစားပြန်မရနိုင်သည့် တန်ဖိုးရှိသော အချိန်ကို အကျိုးမဲ့ ကုန်ခန်းစေသော သူသည် အဖိုးအထိုက်တန်ဆုံးသော အရာကို သုံးဖြုန်းပစ်သူဖြစ်သည်ဟု ဆိုထားကြရာ  တန်ဖိုးရှိသောအချိန်ကို အချည်းနှီးမကုန်သင့်ပေ။  လူ့ဘဝတွင်  အရေးအကြီးဆုံးအရာမှာ မည်သည့်အချိန်တွင် ရှေ့တစ်လှမ်းတိုးမည် ဆိုသည့် ဘဝမျှော်မှန်းချက်ကို မမှိတ်မသုန် ကြိုးစားအားထုတ်မှုပင်ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုသည် ဘဝအတွက် ရှေ့တစ်လှမ်းတိုးဖို့ အခွင့်အလမ်း ပွင့်လာခြင်းဖြစ်သည်။အချိန်လွန်မှ တမ်းတရသည့်  နောင်တရခြင်းမျိုး မဖြစ်စေရန်  ယခုရသမျှအချိန်ကို အသုံးချတတ်ကြရန် လိုသည်။ အလျဉ်းသင့်၍ ကဗျာဆရာတစ်ဦး ရေးထားသော ''အချိန်နှင့်လူ'' ကဗျာကို ကောက်နုတ်တင်ပြရသော် ''ယူတတ်သုံးတတ်ဘဝမြတ်၊   ဆုံးဖြတ်ပေးတာအချိန်ပါ၊   မယူမသုံးအချိန်ဖြုန်း၊ လူလုံးမလှဘဝနာ''ဟူ၍ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ကြစေရန် တိုက်တွန်းထားသည်။

သို့ဖြစ်၍ တပေါင်းခေါ်ညီ မိန်ရာသီတွင် ဥသြငှက်တို့ နွေကြိုတေးကို သီကြွေးသတိပေးသကဲ့သို့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူများ အနေဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။    

Read 367 times