SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တောင်သူလယ်သမား ထုကြီး၏ ရက်မြတ်အခါသမယ

Friday, 02 March 2018 09:00 font size decrease font size decrease font size increase font size increase font size

ယနေ့ ၂ဝ၁၈ ခုနှစ် မတ် ၂ ရက်သည် တောင်သူလယ်သမားနေ့ ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအတွက် သဘာဝကပေးသော ရေခံမြေခံကောင်းနှင့် သင့်တင့်သောရာသီဥတု၊ မျှတသော လူဦးရေတို့ တည်ရှိသော နိုင်ငံဖြစ်သည်။ နိုင်ငံတော်တွင် နေထိုင်ကြသော လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌ နေထိုင်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆက်နွှယ်သော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်သည်။ နိုင်ငံတော်၏ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး (GDP) ၏ ၃ဝ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ထုတ်လုပ်ပေးခြင်းဖြစ်သည်။

နိုင်ငံတော်တွင် လူဦးရေ တိုးပွားလာသည်နှင့်အမျှ စားနပ်ရိက္ခာ ထုတ်လုပ်မှုကိုလည်း တိုးတက် ထုတ်လုပ်ရမည် ဖြစ်သဖြင့် တောင်သူလယ်သမားတို့၏ အခန်းကဏ္ဍသည် အရေးပါလျက် ရှိသည်။ ကမ္ဘာ့လူဦးရေသည် ယနေ့အချိန်တွင် သန်းပေါင်း ၇ဝဝဝ ကျော်ရှိရာမှ နောင်လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင် သန်းပေါင်း ၉ဝဝဝ ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသဖြင့် ပြည်တွင်းစားသုံးမှုမှ ပိုလျှံသော ရိက္ခာကို ပြည်ပသို့ တင်ပို့နိုင်ရန် မျှော်မှန်း၍ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေးကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက် ကြရမည်ဖြစ်သည်။ တစ်ချိန်မှာပင် တောင်သူလယ်သမားများ အပိုဝင်ငွေရရှိရေး အတွက် မွေးမြူရေး လုပ်ငန်းတွဲဖက် လုပ်ကိုင်နိုင်ရန် နိုင်ငံတော် အစိုးရက အားပေးဆောင်ရွက်လျက် ရှိသည်။ တောင်သူလယ်သမားများ အနေဖြင့် သမားရိုးကျ စိုက်ပျိုးရေးစနစ်မှ ခေတ်မီ သိပ္ပံနည်းကျ စိုက်ပျိုးရေး စနစ်ဖြင့် တစ်နှစ်လျှင်နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုး ထုတ်လုပ်နိုင်ရန် နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနေသည်နှင့် တစ်ပြိုင်တည်းမှာပင် ရာသီဥတုဒဏ် ခံနိုင်သော အထွက်တိုး မျိုးကောင်းမျိုးသန့် သီးနှံများစိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ သွင်းအားစုများ အသုံးပြုနိုင်ရေး၊ ဈေးကွက်ရရှိရေး တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးစရိတ်နှင့် ရိတ်သိမ်းစရိတ်ကိုပါ သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးလျက် ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းပေးရန် စီစဉ်နေဆဲဖြစ်သည်။ လက်ရှိတွင် လယ်ယာမြေ စီမံခန့်ခွဲရေး ဥပဒေကို ပြဋ္ဌာန်းပေးထားပြီး ဖြစ်သည့်အပြင် တောင်သူလယ်သမားများ၏ အခက်အခဲ များကို ဥပဒေနှင့် အညီဆောင်ရွက် ပေးကြရမည့် အဖွဲ့အစည်း များကိုလည်း အဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်နေပြီဖြစ်သည်။ စိုက်ပျိုးမြေ တိုးချဲ့ရေးအတွက် မြေလွတ်မြေရိုင်းများကို လယ်ယာမြေ အဖြစ်ဖော်ထုတ်ပြီး စိုက်ပျိုးမြေမရှိသူများအားဝေငှပေးရန် အခြေအနေပေးသော ဒေသများ၌ ဆောင်ရွက်နေကြသည်။ စိုက်ပျိုးရာသီအလိုက် သီးနှံစိုက်ပျိုး စရိတ်နှင့် ရိတ်သိမ်းစရိတ်များ ထုတ်ချေးပေးခြင်းဖြင့် ကုန်သည်ပွဲစားများ၏ အမြတ်ထုတ်မှုမှ သက်သာစေပြီး တောင်သူလယ်သမားများ အနေဖြင့် ဈေးကောင်းရချိန်မှသာ သီးနှံများ ထုတ်ရောင်းနိုင်သည့် အခွင့်အလမ်း ရရှိနေကြသည်။ တောင်သူလယ်သမားများ ဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးရန်ရှိသည် များကို ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့ကာယ၊ ဥာဏ၊ ဝီရိယ စွမ်းအားတို့ကို စိုက်ထုတ်ကြိုးပမ်း ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည့် အားလျော်စွာ ပြည်ပပို့ကုန် တိုးမြှင့်ရေးနှင့် ပို့ကုန်အမယ်သစ်များ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ပြည်ပသို့တင်ပို့နိုင်ရန် နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများက ဟန်ချက်ညီ ကြိုးပမ်းမှုကြောင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းကျော်ကို ပြည်ပသို့ တင်ပို့ပြီးဖြစ်သည်။ မွေးမြူရေး လုပ်ငန်းများမှ ကျွဲ၊ နွား၊ ဆိတ်နှင့်သိုးတို့ကို သတ်မှတ် ထားသော မူဝါဒများနှင့်အညီ ပြည်ပသို့ တင်ပို့နိုင်ကြစေရန် စီစဉ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် တိုးမြှင့်သည့် ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ၂ဝ၁၃ ခုနှစ် ဧပြီ ၂၂ ရက်တွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းပေးခဲ့သည့် အပြင် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကိုပါ ခွင့်ပြုလိုက်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ အတွက် ပြည်ပသို့ တင်ပို့ရန် ဈေးကွက် ပိုမိုကျယ်ပြန့်လာပြီ ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် တောင်သူ လယ်သမားများ၏ ဥာဏအသုံးချနိုင်ရေး အတွက် အထွက်တိုး မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေး နည်းပညာ၊ ထုတ်ကုန်သီးနှံများ အရည်အသွေး မြှင့်တင်ရေးနည်းပညာ၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှု လျော့နည်းရေးနည်းပညာ၊ ဓာတ်ကြွင်းအာနိသင် ကင်းစင်ရေး နည်းပညာတို့ကို ဖြန့်ဝေပေးလျက်ရှိရာ တောင်သူလယ်သမားများက အကျိုးရှိရှိ အသုံးချကြသဖြင့် တိုးတက်မှု ရှိနေပြီဖြစ်သည်။ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု များတွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ Khon Kaen တက္ကသိုလ်တို့ ပူးပေါင်း၍ (၉)ကြိမ်မြောက် ပတ်ဝန်းကျင်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို နေပြည်တော်ရှိ Grand Amara Hotel ၌ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပရာ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ သြစတြီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ပညာရှင်များ တက်ရောက်ကြသည်။ ပြည်တွင်းပြည်ပမှ ပညာရှင်များက စာတမ်း ၇၇ စောင် တင်သွင်း ဖတ်ကြားကြသဖြင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ရာ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်တွင် သဘာဝကပေးသော အခြေအနေ ကောင်းများ ရေရှည်တည်တံ့ရေးနှင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းအားထုတ် နေကြသော တောင်သူ လယ်သမားထုကြီး၏ စေတနာကို မုဒိတာပွားရင်း တောင်သူ လယ်သမားနေ့ အခါသမယတွင် မြဝတီက ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

Read 408 times Last modified on Friday, 02 March 2018 09:15