SJ WorldNews - шаблон joomla Авто

ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး

Sunday, 04 March 2018 08:55 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်မှစ၍ ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း Convention on Biological Diversity- (CBD) အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ထားသည့် အားလျော်စွာ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် နိုင်ငံအဆင့် အစီရင်ခံစာ ပြုစုခြင်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amera Hotel ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂ဝ၁၅ -၂ဝ၂ဝ)ကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ အမျိုးသားအဆင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေး ကော်မတီက ချမှတ်ထားသော မူဝါဒများကို အကောင် အထည်ဖော်ရန် လုပ်ငန်းကော်မတီအဖွဲ့များ ဖွဲ့စည်းထားရာ ဇီဝမျိုးစုံမျိုးကွဲများအား ဆက်စပ်လုပ်ငန်း စီမံချက်များတွင် ထည့်သွင်း၍ အသိပညာ၊ နည်းပညာနှင့် ပညာပေးခြင်း ဆိုင်ရာလုပ်ငန်းအဖွဲ့၊ ထာဝစဉ် တည်တံ့သည့် သစ်တော၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဂေဟစနစ် ဝန်ဆောင်မှုများ ဆိုင်ရာ လုပ်ငန်းအဖွဲ့၊ မျိုးစိတ်များနှင့် ဂေဟစနစ် (ကုန်းမြေ၊ ကုန်းတွင်း၊ ရေပြင်၊ ကမ်းရိုးတန်း နှင့်အဏ္ဏဝါ) ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့နှင့် အရင်းအမြစ်များ စုစည်းခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့ ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများသည် ၂ဝ၁၁-၂ဝ၂ဝ ဇီဝမျိုးစုံ မျိုးကွဲ ဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို အခြေခံ၍ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များကို ပြင်ဆင်မွမ်းမံပြီး ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း၏ အတွင်းရေးမှူးရုံးသို့ လေးနှစ်တစ်ကြိမ် တင်သွင်းကြရသည်။

အစီရင်ခံစာ တင်သွင်းရာတွင် နိုင်ငံအတွင်း ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုနှင့် ထိန်းသိမ်းစောင့် ရှောက်မှု၊ ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်း စောင့်ရှောက်ရာမှ ရရှိလာမည့် အကျိုးအမြတ်များကို အားလုံးမျှဝေခံစားနိုင်မှုတို့အတွက် မိမိတို့နိုင်ငံအတွင်း ဆောင် ရွက်နေသည့် လုပ်ငန်းစဉ်များ ထည့်သွင်း တင်ပြရသည်။ ဤသို့ အစီရင်ခံစာ တင်သွင်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေး ဆောင်ရွက်မှုများ အတွက် နိုင်ငံတကာ အဖွဲ့အစည်းများက အကူအညီပေးကြောင်း သိရသည်။

မြန်မာနိုင်ငံ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် တောရိုင်းတိရစ္ဆာန်များအား ကာကွယ် ရေး ဥပဒေများ ထုတ်ပြန်ထားသည့်တိုင်အောင် ပြည်သူများ ပါဝင်ဆောင်ရွက်မှု အားနည်းလျက်ရှိရာ တောဆင်ရိုင်းများ သတ်ဖြတ်ခံရသည့် သတင်း မကြာခဏတွေ့ရ သည်။ ယခုရက်ပိုင်းအတွင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေ ရဲစခန်းအပိုင် ပဲခူးရိုးမတောင်ပေါ်ရှိ ရဲနွယ်သစ်တော ကြိုးဝိုင်းအကွက် အမှတ်(၇)ရိုးကြီး ချောင်းဖျား၌ တောဆင်ရိုင်းတစ်ကောင် တူမီး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ယာဘက်လည်ပင်း ထိမှန်သေဆုံးသွားသည်။ သေဆုံး သွားသော ဆင်မှာ ဟန်ကုတ်ဆင် အမျိုးအစားဖြစ်ပြီး အလျား ၈ ပေ ၇ လက်မ၊ လုံးပတ် ၁၄ ပေ၊ အရပ်အမြင့် ၉ ပေ၊ နှာမောင်း အရှည် ၅ ပေ ၃ လက်မနှင့် အသက် ၃ဝ နှစ်ခန့်ရှိသော အနက်ရောင် ဆင်ထီးဖြစ်ကြောင်း သိရသည်။ ဆင်မုဆိုးတို့သည် ပဲခူးရိုးမနှင့် နီးကပ်သော ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် လည်းကောင်း၊ ရခိုင်ရိုးမနှင့် နီးကပ်သော ဧရာဝတီတိုင်းဒေသကြီး တွင်လည်းကောင်း လှုပ်ရှားနေကြောင်းတွေ့ရပြီး ဧရာဝတီတိုင်းဒေသကြီး ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ မြို့နယ်တို့မှ ဆင်မုဆိုးများသည် ရခိုင်ပြည်နယ် ဂွမြို့နယ် အထိ ရောက်လာကြပြီး ဆင်များကို သတ်ဖြတ်ခြင်းနှင့် ရေတွင်အဆိပ်ချ၍ ငါးဖမ်းခြင်းတို့ကိုပါ ပြုလုပ်ကြကြောင်း သိရသည်။ သစ်တောဦးစီးဌာနက ထုတ်ပြန်သော စာရင်းများအရ နိုင်ငံအတွင်း၌ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၇ ခုနှစ်အထိ တောဆင်ရိုင်း ကောင်ရေ ၁၄ဝ ကို မုဆိုးများက တရားမဝင်သတ်ဖြတ်ခဲ့ကြသည်။

ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့ ဆက်စပ်တည်ဆောက်ထားသော ရခိုင်ရိုးမ သဘာဝ ထိန်းသိမ်းရေးနယ်မြေသည် မြေဧက ၄၃ဝဝဝဝ ကျယ်ဝန်းပြီး ဆင်ထိန်းသိမ်းရေး နယ်မြေ၏ ၇ဝ ရာခိုင်နှုန်းမှာ ဝါးတောများ ရှင်သန်လျက်ရှိရာ နို့တိုက်သတ္တဝါ အပါအဝင် ဆင်၊ ကျားနှင့်ပြောင်တို့ ကျက်စားနေကြသည်။ အခြားတောရိုင်း တိရစ္ဆာန်များမှာ တွားသွား သတ္တဝါများနှင့် ကုန်းနေ၊ ရေနေသတ္တဝါ ၆၃ မျိုး၊ လိပ်ပြာ ၂၆ မျိုး၊ ရေချိုငါး ၂၈ မျိုး၊ အင်းဆက်ပိုးမွှား ၁၂ မျိုးရှိသည်။ သဘာဝပေါက်ပင်များမှာ သစ်မာနှင့် အပင်ကြီးမျိုး ၇၅ မျိုး၊ သစ်ခွ ၁၁ မျိုး၊ ဝါးပင်ကိုးမျိုး၊ ကြိမ်နှင့်ဆေးဖက်ဝင် အပင်လေးမျိုးတို့ အသီးသီး ရှင်သန်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အတွင်း သဘာဝထိန်းသိမ်းရေး နယ်မြေများ တည်ထောင်ခြင်းဖြင့် ခရီးသွား လုပ်ငန်းကို အထောက်အကူပြုကာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးနိုင်ခြင်းကြောင့် တစ်ဦးချင်း ဝင်ငွေမြင့်မားကာ ဒေသ ဖွံ့ဖြိုးရေးကိုပါ ဆောင်ကြဉ်း ပေးနိုင်မည်ဖြစ်သည်။ ဆိုခဲ့သော အခွင့်အလမ်းများသည် ဇီဝမျိုးစုံမျိုးကွဲများ ဆိုင်ရာ ကွန်ဗင်းရှင်းသို့ တင်သွင်းသည့် အစီရင်ခံစာ၌ ဖော်ပြရသည့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးအမြတ် များကို အားလုံးခွဲဝေခံစားနိုင်မှုအတွက် အကျုံးဝင်သည်။

ထို့ကြောင့် တစ်ဦးချင်းမှသည် ဒေသတွင်းအလယ်၊ နိုင်ငံတော်အထိ အဆင့်ဆင့် ဖွံ့ဖြိုးရေးကို ဖန်တီးပေးသည့် အကျိုးကျေးဇူးရရှိသော ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း ရေးကို အားလုံးပါဝင်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။    

Read 443 times Last modified on Sunday, 04 March 2018 09:14