SJ WorldNews - шаблон joomla Авто

စကားအရာ ကျွမ်းကျင်ရာဝယ် ကြည်နူးပီတိ ဂွမ်းဆီထိသို့

Monday, 05 March 2018 08:55 font size decrease font size decrease font size increase font size increase font size

လူတို့နေ့စဉ် စားသောက်နေကြသော ထမင်း၊ဟင်းလျာများတွင် ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စသော အခြေခံအမည်များ တူညီသော်လည်း အရသာမှာ တစ်ပြေးညီ ပေါ်ထွက်လာမည် မဟုတ်ပေ။ အစပ်အဟပ်၊ အပြင်အဆင် တတ်ကျွမ်းလိမ္မာသော စားဖိုမှူးတို့ ချက်ပြုတ်သောအခါ ကောင်းမွန်သော အရသာရှိလျက် မကျွမ်းကျင်သော စားဖိုမှူးများ ချက်ပြုတ်သော အခါမူကား အဆီအငေါ်မတည့် ပေါ့ပြက်ပြက် ဖြစ်သွားတတ်လေသည်။ စားကောင်းသောက်ဖွယ်ရာ၊ ဟင်းကျွေးဘောဇဉ်၊ အဖျော်ယမကာ စသည်တို့၌သာ အချိုအချဉ်၊ အငန်အစပ်၊ အခါးအသက်၊ အဆီအအိမ့်စသော အရသာများရှိသည် မဟုတ်၊ လူတို့၏နှုတ်ခံတွင်းမှ ထွက်အပ်သော စကားများမှာလည်း အထူးထူးအပြားပြား အရသာများ ရှိပေသည်။ ထို့အတူ လူတို့နေ့စဉ် ပြောဆိုနေသော စကားများသည်လည်း အခေါ်၊ ဝေါဟာရ အတူတူပင်ဖြစ်လျက် သုံးတတ်၊ နှုန်းတတ်၊  စပ်တတ်သော သူတို့ပြောဆို သီကုံးသောအခါ နား၌ နှစ်သိမ့်ဖွယ်ရာကောင်းသော အသံများ ထွက်လာသကဲ့သို့  အပြောအဆို အသုံးအနှုန်း မတတ်ကျွမ်း၊ မကျွမ်းကျင်သူတို့ နှုတ်ဖျား၌မူကား အထစ်ထစ်အငေါ့ငေါ့ဖြင့် သာယာနာပျော်ဖွယ် မရှိပေ။

လူတို့ခေါ်ဝေါ်ပြောဆိုကြသော စကားများမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်လုံးနှင့်တစ်လုံး ထူးခြားကြသည် မဟုတ်၊ တစ်မျိုးတည်းပင်ဖြစ်ကြပေသည်။  ဆင်ကိုဆင်၊ မြင်းကိုမြင်း၊ ကျွဲကိုကျွဲ၊ နွားကိုနွားဟူ၍ အတူတူပင် ခေါ်ဝေါ်ပြောဆိုကြပေသည်။ ပြောဆိုသုံးနှုန်းကြသော စကားလုံး၊ စကားစု၊ ဝါကျစသော စကားမျိုးတို့ကို  ''နားဝင်ချို''၏  ဟူ၍လည်းကောင်း၊ အချို့သော စကားတို့ကိုမူကား ''နားခါး''၏ဟူ၍လည်းကောင်း ပြောဆိုလေ့ ပြုကြကုန်ပေသည်။ ပမာပြုရသော် ချိုသောစကားသည် ရွှေနှင့်တူ၍ ခါးသောစကားသည် ကြေးနှင့်တူပေသည်။ ''အကျိုးအကြောင်း၊ ဆိုးအကောင်းနှင့်၊ အဟောင်းအသစ်၊ ဖြစ်ပျက်ခြင်းရာ၊ ဤလူ့ရွာ၌၊ ထင်လာနိမိတ်၊ ကြေးမုံရိပ်ဝယ်၊ အစိပ်အကျဲ၊ အမည်းအဖြူ၊ အပူအအေး၊ နီးဝေးထက်အောက်၊ ဖြောင့်ကောက်ကွင်းပြင်၊ ပီပီထင်၏၊

ဆင်ခြင်တွေးဆ၊  သိလိုက်ရသော်၊ လောကအမြင်ရှင်းလိမ့်မည်'' ဟူသော စကားအတိုင်း လူမှုဆက်ဆံရေး နယ်ပယ်တွင် သင့်ရာတင့်ရာ ပြောဆိုဆက်ဆံတတ်ဖို့ လွန်စွာ အရေးကြီးလှပေသည်။

လောကနီတိတွင်  အရသာပျက်ကြောင်း တရားလေးပါးတို့ကို ဖော်ပြထားသည်မှာ ထုံးမပါသောကွမ်း၊ ဆားမပါသောဟင်း၊ ဥစ္စာပစ္စည်းမရှိဘဲ ဝတ်စားတန်ဆာပလွှား မော်ကြွားဝတ်ဆင်ခြင်းနှင့် ပညာမတတ်ဘဲ ပျို့၊ ကဗျာ၊ လင်္ကာဖွဲ့ဆိုခြင်းတို့ဖြစ်ပေသည်။ ထို့အတူ စကားအရာတွင် ချိုချိုသာသာ စကားဆိုတတ်သူသည် မိတ်ဆွေပေါများ၏။ ကြမ်းတမ်းရိုင်းပျစွာ စကားဆိုတတ်သူသည် မိတ်ဆွေနည်းပါး၏။ အေးမြသော လမင်းသည် ကြယ်တာရာ အခြံအရံများစွာရှိသော်လည်း ပူပြင်းသောနေမင်းသည် အခြံအရံမရှိသည်ကို ပမာပြုရာ၏ဟူ၍ လောကနီတိကျမ်းတွင် ဖော်ပြထားသည်မှာ မှတ်သားဖွယ်ကောင်းပေသည်။

ကဗျာလင်္ကာ၊ စာပေလေ့လာကုန်သော ပုဂ္ဂိုလ်တို့ စပ်ဆိုသီကုံးပြောကြရာ၌ ၎င်းတို့အသုံးပြုကြသော စကားလုံးများမှာ လောကလူတို့ သုံးနှုန်းလေ့လာ ပြောဆိုလျက်ရှိကြသော ဝေါဟာရစကားများ အတွင်းက ကျော်လွန်သည်မရှိ။ သုံးမြဲစကားများကိုပင် သုံးနှုန်းကြသည်။ သာယာနာပျော်ဖွယ် ရှိလှသောကြောင့် လူတိုင်းကြားနာ လိုလှသဖြင့် အမြတ်တနိုး သိမ်းဆည်းမှတ်သား ထားကြရလေသည်။ ဤသို့ဖြစ်ရသည်ကား အခြားမဟုတ်၊ ရိုးရိုးစကားများကိုပင် အထားအသို အစီအစဉ်တတ်သောကြောင့် ဖြစ်ပေသည်။ ဥပမာအားဖြင့် ပန်းဟူသော စကား၊ မြိုင်ဟူသောစကား၊ လယ်ဟူသော စကားလုံးတို့မှာ လူတိုင်းပြောဆို သုံးစွဲမြဲစကားများ ဖြစ်ပေသည်။  ၎င်းစကားများ၌ တစ်စုံတစ်ရာထူးခြားသော လက္ခဏာလည်းမရှိ။ သူတစ်ပါးတို့ခေါ်ဝေါ်ပြောဆိုကြရာ၌လည်း ထူးခြားသော အရသာမပေါ်ပါ။ သို့သော် ပြင်စည်မင်းသားကြီးတို့ကဲ့သို့ အစီအကုံး၊ အထုံးအဖွဲ့ လိမ္မာလှသော ပုဂ္ဂိုလ်မျိုးတို့၏ လက်တွင်မူကား ''ပန်းမြိုင်လယ်၊ သာနယ်ဗွေ၊ မျှော်လေတိုင်း'' အစချီသော ရာမဇာတ်ထွက်သီချင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ တစ်ကြိမ်ကြားဖူးလျှင်  တစ်သက်လုံး မမေ့နိုင်လောက်အောင်  ထူးခြားကောင်းမွန်လှသော စကားများဖြစ်လာရလေသည်။ ဤသို့သာယာနာပျော်ဖွယ်ရာ၊ သူ့နေရာနှင့်သူ  အချက်ကျကျစီကုံး၍ ထားလိုက်သောအခါ ယခင်တစ်လုံးစီရှိစဉ်က သီးခြားစီထူးခြားခြင်းမရှိသော စကားလုံးကလေးများသည် အရသာပြည့်စုံလျက် ထင်ရှားကောင်းမွန် လာလေသည်။

ဤသို့သော်ကား တစ်လုံးစီထားသော အဖိုးများစွာမရသော ပုလဲလုံးကလေးများကို တတ်ကျွမ်းနားလည်သော ပန်းထိမ်ဆရာကြီးများက လုံးကြီးလုံးငယ်နေသားတကျရှိအောင် သီကုံးလိုက်သောအခါ အဖိုးအနဂ္ဃထိုက်တန်သော ပုလဲကုံးကြီး ဖြစ်ပေါ်လာရသကဲ့သို့ အထားတတ်လျှင် မည်သည့်စကားမဆို အဖိုးထိုက်တန်လာရသည်ဖြစ်ပေရာ ပညာရှိတို့၏ ဆုံးမသွန်သင်မှုအရ စကားအရာ ကျွမ်းကျင်ရာဝယ် ကြည်နူးပီတိဂွမ်းဆီထိသို့ လောကလူ့ဘောင်ကို အလှဆင်နိုင်ကြပါစေကြောင်း မြဝတီက ဆန္ဒပြုလိုက်ရပေသည်။  

Read 479 times Last modified on Monday, 05 March 2018 08:56