SJ WorldNews - шаблон joomla Авто

တက္ကသိုလ်ဝင် စာမေးပွဲကာလ ပြည်သူများက ကူညီကြ

Tuesday, 06 March 2018 08:31 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၇ ရက်တွင် တစ်ပြည်လုံး၌ တစ်ပြိုင်တည်း ကျင်းပတော့မည်ဖြစ်သည်။  စာမေးပွဲများ ကျင်းပသည့် ကာလအတွင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ  အနှောင့်အယှက် မဖြစ်စေရန် တာဝန်ရှိဌာနဆိုင်ရာများက ဆောင်ရွက်နေကြရာတွင်  အသံဆူညံမှု မရှိစေရန်  ပါဝါအိတ်ဇောတပ် မော်တော် ဆိုင်ကယ်နှင့် မော်တော်ကားများကို ဖမ်းဆီး အရေးယူခြင်း၊ လျှပ်စစ်ဓာတ် မပြတ်တောက်ရေး စီမံထားခြင်း၊ လိုအပ်သော နေရာများတွင် သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရန် စီမံထားခြင်းတို့ကို ဆောင်ရွက်ထားကြပြီးဖြစ်သည်။ ကြိုတင်ဆောင်ရွက် ထားနိုင်သည်များကို လိုအပ်သလို စီမံထားနိုင်သော်လည်း မမျှော်လင့်သော အခြေအနေများလည်း ရှိကြသည်တွင် မီးဘေးကြိုတင် ကာကွယ်ရေးကိုလည်း အထူးသတိထား ဆောင်ရွက်ကြရန် လိုသည်။

ယခုရက်ပိုင်းအတွင်း ပေါ့ဆမီးလောင်ကျွမ်းမှုတွင် ဆေးလိပ်မီးမှ စတင်လောင်ကျွမ်းသည့် ဖြစ်စဉ်တစ်ခုရှိခဲ့ရာ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်ကြီးတော ကျေးရွာနေ ဦးပေါ်ဦး၏နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မတ် ၃ ရက် ည ၈ နာရီခွဲခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ပခုက္ကူ၊ ရေစကြို၊ ချောင်းဦးမြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေစကြိုတပ်နယ်မှ တပ်မတော်သားများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ်များနှင့် ရေသယ်ယာဉ် ၂၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ နေအိမ်၁၆၇ လုံး မီးလောင်ပျက်စီးခဲ့သည်။ ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း ခွဲ၌ ယာယီရွှေ့ပြောင်း နေရာချထားပေးလျက်ရှိပြီး ရေစကြိုတပ်နယ်မှ ဆေးကုသရေးအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနတို့မှ  လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး မီးဘေးသင့်ပြည်သူများအတွက် ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် သောက်ရေသန့်ဘူးများ ထောက်ပံ့ပေးအပ်သည်။ မီးဘေးသင့်ပြည်သူ ၉ဝဝ ခန့်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၇ ဦးပါဝင်ကြောင်း သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ  ရွှေတောင်ကြီးစက်သုံးဆီ အရောင်းဆိုင်၌ မတ် ၃ ရက် နံနက် ၈ နာရီခန့်တွင်ဒီဇယ်ဆီကန်ဆေးပြီး သွန်လိုက်ရာ အနီးပတ်ဝန်းကျင် တစ်ခြံကျော်မှ အမှိုက်ပုံ မီးရှို့ထားသောနေရာသို့ ရောက်ရှိချိန်တွင် မီးစတင်လောင်ကျွမ်းသည်။  မီးလောင်ရာသို့  မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက မီးငြှိမ်း သတ်ယာဉ်ရှစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ်နှစ်စီး၊ ရေသယ်ယာဉ်လေးစီးတို့ဖြင့် ငြှိမ်းသတ်ကြရာ နံနက် ၈ နာရီ ၁၅ မိနစ်တွင်မီးငြိမ်းသွားပြီး ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းရသကဲ့သို့ လျှပ်စစ်မီးကို စနစ်တကျမသုံးစွဲခြင်းကြောင့် မီးလောင်တတ်သော ဖြစ်စဉ်များလည်းရှိကြရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ M-13 ကားအလှဆင်နှင့် ရေဆေးဆီလိုက်လုပ်ငန်း လုပ်ကိုင်သောနေအိမ်၌ တပ်ဆင်ထားသည့် လျှို့ဝှက်ကင်မရာ(CCTV)မီးပလတ်ခုံမှ အပူရှိန်လွန်ကဲပြီး  အနီးရှိကူရှင်နှင့် ကားအပိုပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းသည်။ မီးလောင်ရာသို့ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပြည်သူများက မီးငြှိမ်းသတ်ယာဉ်ခုနစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြသည်။ မတ် ၂ ရက် နံနက် ၃ နာရီက မီးလောင်ကျွမ်းသော အဆိုပါဖြစ်စဉ်တွင် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ အုတ်ကာ ကားအပိုပစ္စည်းသိုလှောင်ရုံနှင့် ကားအပိုပစ္စည်းများ၏ ကာလတန်ဖိုးငွေကျပ် ၂၆ သိန်းကျော်ဆုံးရှုံးသွားပြီး ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း သိရသည်။

အထက်ပါ မီးလောင်မှုဖြစ်စဉ်များမှာ အချိန်မီသိ၊ အချိန်မီငြှိမ်းသတ်နိုင်သဖြင့် ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခြင်း မရှိသော်လည်း ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းသော ဖြစ်စဉ်များလည်း ရှိကြောင်း တွေ့ရသည်။ မကွေးတိုင်းဒေသကြီး ဆူးတပ်ကျေးရွာရှိ နေအိမ်တစ်အိမ်၌ ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီခန့်တွင် မိခင်မရှိခိုက် မောင်နှမနှစ်ဦးက ထင်းမီးဖိုဖြင့် ထမင်းချက်ကြစဉ် အနီးရှိနွားစာပုံသို့ မီးကူးစက်လောင်ကျွမ်းရာမှ တစ်ဆင့် အခြားအိမ်များသို့ ဆက်လက်လောင်ကျွမ်းသဖြင့် လူနေအိမ် ၂၇ လုံး၊ လက်တွန်း လယ်ထွန်စက်တစ်လုံး၊ တိရစ္ဆာန်ဝက်သုံးကောင် မီးလောင်ဆုံးရှုံးသွားသည်။ မီးလောင်မှု ဖြစ်စဉ်တွင် မြို့သစ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ တောင်တွင်းကြီးမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ နတ်မောက်မြို့နယ်မှ မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများ၊ တပ်မတော်သားများနှင့် ရေသယ်ယာဉ်တစ်စီးတို့က ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် ည ၈ နာရီ ၄၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားသည်။

ဖြစ်စဉ်ကြောင့် ဆုံးရှုံးမှု တန်ဖိုးငွေကျပ်သိန်း ၁ဝဝ ကျော်ရှိပြီး မီးဘေးသင့်ပြည်သူ ၁ဝ၄ ဦးရှိကြောင်း သိရသည်။ သို့ဖြစ်၍ မီးဘေးအန္တရာယ်အပါအဝင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေကြစဉ်အတွင်း စိတ်အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စရပ်များအား အထူးသတိထား ရှောင်ကြဉ်ကြခြင်းဖြင့် ပြည်သူအားလုံးက ဝိုင်းဝန်းကူညီ ကြစေလိုကြောင်း မြဝတီက ပန်ကြားရေးသားလိုက်ရပါသည်။ 

Read 498 times Last modified on Tuesday, 06 March 2018 08:32