SJ WorldNews - шаблон joomla Авто

လမ်းအန္တရာယ် ကင်းဝေးရေး ကိုယ်စီတာဝန်သိ တာဝန်ယူ

Wednesday, 07 March 2018 08:18 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ် မတ် ၁ ရက်သည် တပေါင်းလပြည့်နေ့၊ မတ် ၂ ရက်သည် တောင်သူလယ်သမားနေ့၊ မတ် ၃ ရက် နှင့် ၄ ရက်သည် စနေနှင့် တနင်္ဂနွေနေ့ဖြစ်သဖြင့် ဝန်ထမ်းများ အားလပ်ရက်ဖြစ်ခြင်းကြောင့် ခရီးသွားလာကြသူတွေ ထူးထူးခြားခြား များလှသည်။

ခရီးသွားသူတွေ များပြားသဖြင့် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး အထူးရထားတစ်စင်းကို မတ် ၁ ရက် နှင့် ၄ ရက်တွင် ပြေးဆွဲပေးသည်။ မော်တော်ယာဉ်များကလည်း နေ့စဉ်ပြေးဆွဲ ပေးကြသည်။ မော်တော်ယာဉ် အသွားအလာများသဖြင့် ရန်ကုန်မြို့တွင်း၌ ယာဉ်ကြော ပိုကျပ်သွားသည်မှာ ဖေဖော်ဝါရီ ၂၈ ရက်မွန်းတည့် ၁၂ နာရီ နေပြည်တော်မှ ထွက်သည့် ယာဉ်သည် ရန်ကုန်မြို့အဝင် အမှတ်(၃)လမ်းဆုံသို့ ည ၆ နာရီ ရောက်လာသော်လည်း ယာဉ်ကြောကျပ်သဖြင့် ည ၈ နာရီထိုးမှသာ ပါရမီကားဝင်းသို့ ရောက်လာကြောင်း သိရသည်။

မတ် ၁ ရက် မွန်းတည့် ၁၂ နာရီ နေပြည်တော်မှ ထွက်လာသောယာဉ်သည် ည ၆ နာရီခွဲတွင် အမှတ်(၃) လမ်းဆုံသို့ရောက်ချိန်၌ ထောက်ကြန့်မှတစ်ဆင့် မြောက်ဥက္ကလာပရှိ အောင်မင်္ဂလာ အဝေးပြေးကားဝင်းသို့ ကွေ့ဝင်ပြီး ပါရမီကားဝင်းသို့ ဆက်ထွက်လာသည့် တိုင်အောင် ည ၇ နာရီခွဲမှရောက်သည်။ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အစီးရေ ရှစ်သိန်းကျော်သည် ရန်ကုန်မြို့၌ စုပြုံရောက်ရှိနေပြီလား ထင်ရသည်။ နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာလာစဉ် တောင်လည်းသာမော၊ တောလည်းသာညောင်း၊ ချောင်းလည်းခွေရစ်၊ မြစ်လည်းကြည်သာ ဟူသော ပတ်ဝန်းကျင် မြင်ကွင်းတို့ကို ကြည်နူးခဲ့ရသမျှ ရန်ကုန်ရောက်မှ မောရတော့သည်။ မတ် ၄ ရက်ထုတ် နေ့စဉ်သတင်းစာ တစ်စောင်၌ ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှုများကို လျော့ကျစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သတင်းတစ်ပုဒ် တွေ့ရသဖြင့် စိတ်သက်သာရာ ရမိသည်။

သတင်းဖော်ပြချက်မှာ ယာဉ်ကြောကျပ်တည်းမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နည်းလမ်းပေါင်းစုံနှင့်ဖြေရှင်းလျက်ရှိပြီး ယခုအခါ ကောက်ခံရရှိသည့် အခွန်များဖြင့်  ယာဉ်ကြော ကျပ်တည်းမှု ဖြေရှင်းရန် စီစဉ်ရာတွင် လမ်းမများပေါ်၌ ညအိပ်ရပ်နားထားသော ယာဉ်များ၊ အချိန်ပိုင်းရပ်နားထားသော ယာဉ်များနှင့် နယ်လိုင်စင် လူစီးယာဉ်များကို သတ်မှတ်ထားသည့်အတိုင်း အခွန်ကောက်ခံရန် စီစဉ်နေပြီး ရရှိသောအခွန်များဖြင့် ကားပါကင်အသစ်များ တည်ဆောက်ပေးခြင်းနှင့် လမ်းတိုးချဲ့ပေးခြင်းတို့ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရပြီး စည်းကမ်းမဲ့ယာဉ်များကို အရေးယူမည့်အပြင် နယ်လိုင်စင်အငှားယာဉ်များ ပြေးဆွဲခြင်းကိုလည်း ထိန်းချုပ်မည် ဖြစ်ကြောင်း သိရသည်။

ညအိပ်ရပ်နားထားသော ယာဉ်များနှင့် အချိန်ပိုင်းရပ်နားထားသော ယာဉ်များဆိုရာတွင် ယာဉ်မတော်တဆမှု အဖြစ်နည်းသည့် အချို့မြို့နယ်များမှ လမ်းဘေးရပ်ထားသော ယာဉ်ကြီးမှာ ဘီးတစ်ဝက် နီးပါးမျှ မြေကြီးအတွင်း နစ်ဝင်နေသည်ကိုပင် တွေ့နေရသည်။ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားဝင်းမှ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းလမ်းဆုံရှိ ခုံးကျော်တံတားအထိ လမ်းဘေး ဝဲယာကို သတိထားကြည့်လျှင် အချို့ဈေးဆိုင်များ၏ တံစက်မြိတ်က လမ်းဘေးဓာတ်တိုင်နှင့် ထိလုနီးပါးတွေ့ရသကဲ့သို့ အချို့လူနေအိမ် တံစက်မြိတ်နှင့် လမ်းဘေးဓာတ်တိုင်ကြားတွင် လူစီးယာဉ်ငယ် တစ်စီး သို့မဟုတ် စူဇူကီးယာဉ်ငယ် တစ်စီးကန့်လန့် ရပ်ထားနိုင်သည်အထိ ကွာဝေးကြောင်း တွေ့ရသည်။ ဈေးဆိုင်တံစက်မြိတ်နှင့် ဓာတ်တိုင်ထိလု နီးပါးဖြစ်နေသော နေရာများ၌ ခြေကျင် သွားလာသူများက ယာဉ်သွားလမ်းပေါ်မှ သွားနေကြရသဖြင့် ယာဉ်ကြောကျပ်တည်းမှု ပိုဖြစ်ရသည်ကိုတွေ့နိုင်သည်။ အခြားမြို့နယ်များတွင်လည်း အလားတူအခြေအနေရှိနေမည်လား စဉ်းစားဖွယ်ဖြစ်သည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင် ၃ဝဝဝ ကျော်ရှိသည့်အနက် မြို့တွင်းခြောက်မြို့နယ် အပါအဝင် အဓိကလမ်းမကြီးများဖြစ်သည့် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ လှိုင်မြစ်လမ်း၊ လမ်းသစ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်းနှင့် သံသုမာလမ်းရှိ ဘတ်စ်ကားမှတ်တိုင် ၅ဝဝ ကို အဆင့်မီဘတ်စ်ကား မှတ်တိုင်အဖြစ် တင်ဒါအောင်ကုမ္ပဏီက ဆောင်ရွက်ရန်စီမံနေကြောင်းနှင့် ကျန်ရှိနေသော ဘတ်စ်ကားမှတ်တိုင် ၂ဝဝဝ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း သိရသည်။ ဘတ်စ်ကားမှတ်တိုင်များ အဆင့်မြှင့်တင်ရာတွင် မှတ်တိုင်တစ်ခုချင်းစီ၌ ဆိုက်ရောက်

လာမည့်ယာဉ်နှင့် အချိန်တို့ကို ဖော်ပြမည့် LED Screen တပ်ဆင်ပေးမည့်အပြင် ရန်ကုန်မြို့နှင့် သက်ဆိုင်သော သတင်းအချက်အလက်ကို ဖော်ပြသည့် ဆိုင်းဘုတ်တပ်ဆင် ပေးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု သက်သာစေရန် ခုံးကျော်တံတားများ တည်ဆောက်ပေးထားသည့်အပြင် ရေကြောင်းပို့ဆောင်ရေး စီမံချက်ကိုပါ အကောင်အထည်ဖော်ထားပြီး ကုန်တင်တွဲ ယာဉ်ကြီးများအတွက် လမ်းကြောင်းနှင့် အချိန်သတ်မှတ်ချက် စီစဉ်ပေးပြီးသည့်တိုင်အောင် အဆင်မပြေသေးကြောင်း တွေ့ရသည်။

သို့ဖြစ်၍ လူတွေကများများနှင့် ကားတွေကသွားသွား လမ်းများပေါ်၌ အန္တရာယ်ကင်းဝေးကြစေရန် ဌာနဆိုင်ရာများနှင့် ပြည်သူတို့ကိုယ်စီ တာဝန်သိ၊ တာဝန်ယူမှုရှိကြရမည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

Read 380 times Last modified on Wednesday, 07 March 2018 08:20