SJ WorldNews - шаблон joomla Авто

ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကျန်းမာရေး အတွက် အလေးထား

Thursday, 15 March 2018 08:34 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသားများ၏ မျှော်မှန်း သက်တမ်းသည် အမျိုးသားများ အတွက် ၆ဝ ဒသမ ၂ နှစ်ဖြစ်ပြီး အမျိုးသမီးများအတွက် ၆၉ ဒသမ ၃ နှစ်ဖြစ်သည်။ လူတစ်ဦးအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့ဆိုလျှင် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံရှိရမည့်အပြင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဟူသော ကျန်းမာရေးအသိကို လက်တွေ့လိုက်နာနိုင်လျှင် ကျန်းမာကြံ့ခိုင်မှု အတွက် အထောက်အပံ့ ဖြစ်စေသည်။

ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံရှိသည့်တိုင်အောင် ကိုယ်လက်လှုပ်ရှားမှု နည်းပါးပြီး အထိုင်များသော လုပ်ငန်းခွင်တွင် နေ့စဉ်လုပ်ကိုင်နေကြသူများ သွေးထဲ၌ ကိုလက်စထရော ပါဝင်မှု အတိုင်းအဆ များပြားခြင်းကြောင့် ကျန်းမာရေးအတွက် ထိခိုက်ဖွယ်ရှိကြောင်း ပညာရှင်များက လေ့လာဖော်ထုတ် သတိပေးထားကြသည်။ သွေးတွင်းကိုလက်စထရော ပါဝင်မှု အတိုင်းအဆ များပြားခြင်းကြောင့် နှလုံးသွေးလွှတ်ကြောနှင့် သက်ဆိုင်သော ရောဂါအဖြစ်များပြီး အဆိုပါရောဂါသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံး ရောဂါဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ထားသည်။ အနာသိလျှင်ဆေးရှိ ဆိုစကားနှင့်အညီ သွေးတွင်း ကိုလက်စထရောပါဝင်မှု လျှော့ချနိုင်မည့်ဆေးကို ပညာရှင်များ ရှာဖွေဖော်ထုတ် စမ်းသပ် ကုသကြရာ ပြင်သစ်နိုင်ငံမှ ဆေးကုမ္ပဏီ SANOFI က ထုတ်လုပ်သော ဆေးတစ်မျိုးဖြင့် ကုသပါက နှလုံးသွေးကြောကျဉ်း ရောဂါနှင့် လေသင်တုန်းရောဂါတို့ကြောင့် သေဆုံးမှုကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။ သို့သော် ဝေဒနာရှင်တစ်ဦး တစ်နှစ်အတွက် ဆေးဖိုးဝါးခမှာ အမေရိကန်ဒေါ်လာ ၁၄ဝဝ ကျော်ကုန်ကျကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒို၌ ပြုလုပ်သော နှလုံးရောဂါဗေဒ ပညာရှင်များ ကွန်ဖရင့်၌ ကမ္ဘာ့နိုင်ငံပေါင်း ၆ဝ ကျော်တွင် ဈေးကွက် ရရှိထားသော SANOFI ကုမ္ပဏီက ထုတ်လုပ်သည့်ဆေးနှင့် အမေရိကန်ပြည်ထောင်စုတွင် ၂ဝ၁၅ ခုနှစ်မှစ၍ ဈေးကွက် ရရှိထားသော အခြားပြင်သစ်ကုမ္ပဏီ တစ်ခုက ထုတ်လုပ်သည့်ဆေးတို့၏ အာနိသင်နှိုင်းယှဉ် လေ့လာတွေ့ရှိချက်ကို ဆွေးနွေးကြသည်။ ပညာရှင်များသည် အဆိုပါ ဆေးနှစ်မျိုးကို နိုင်ငံပေါင်း ၅၇ နိုင်ငံမှ အသက် ၄ဝ နှစ် အထက်ရှိသော နှလုံးရောဂါဝေဒနာရှင် ၁၉ဝဝဝ တို့၏ အသည်းတွင်ရှိသော အင်ဇိုင်းမှ အဆီထုတ်ခြင်းကို တားသောဆေးဖြင့် ကုသနည်း (Statin Therapy)အတိုင်း ငါးနှစ်ကြာ စမ်းသပ်တွေ့ရှိချက်များကို နှီးနှောဖလှယ်ကြသည်။ အဆိုပါပြင်သစ်နိုင်ငံမှ ကုမ္ပဏီနှစ်ခုက ထုတ်လုပ်သော ကိုလက်စထရော လျှော့ချနိုင်စွမ်းရှိသည့် ဆေးများသည် ဈေးနှုန်းကြီးမြင့်သဖြင့် ဝေဒနာရှင်များအတွက် ဝယ်ယူရန် အခက်အခဲရှိမည်ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြရာ SANOFI ဆေးကုမ္ပဏီနှင့် အခြားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတို့က ဆေးဝယ်ယူသုံးစွဲသူများအတွက် အဆင်ပြေစေရန် စီမံပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြုကြသည်ဟု မီယာမီမှ ပေးပို့သော AFP သတင်းအရ သိရသည်။

မချမ်းသာသေးလို့ ဝမ်းစာရေးအတွက် နေ့စဉ်ဘဝ ရပ်တည်နိုင်ရန် အလုပ်လုပ်ကိုင်ကြရာတွင် အထိုင်များသော လုပ်ငန်းခွင်၌ လုပ်ကိုင်နေကြရသူများမှာ ခန္ဓာကိုယ် အဝလွန်ရာမှ နောက်ဆက်တွဲဖြစ်တတ်သော ရောဂါဝေဒနာ မခံစားရစေရန် စားသောက်မှုပုံစံကို အထူးသတိပြု ကြရမည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ အာဟာရပညာရှင် တစ်ဦးက တိုက်တွန်းထားသည်။ ပညာရှင်၏ လေ့လာတွေ့ရှိချက်အရ လုပ်ငန်းခွင်အသွား အပြန်ခရီးတွင် ဘတ်စ်ကားမှတ်တိုင် သို့မဟုတ် ရထားဘူတာရုံသို့ လမ်းလျှောက်သွားသူ တစ်ဦးသည် တစ်နေ့လျှင် ပျမ်းမျှခြေလှမ်းပေါင်း ၂ဝဝဝ မှ ၃ဝဝဝ အထိသာရှိကြသည်။ လူတစ်ဦး ကျန်းမာကြံ့ခိုင်ရန်အတွက် နေ့စဉ်ပျမ်းမျှ ခြေလှမ်းပေါင်း ၈ဝဝဝ မှ ၁ဝဝဝဝ အထိ လမ်းလျှောက်သင့်ကြောင်း ဖော်ပြထားပြီး အကယ်၍ နေ့စဉ် လမ်းလျှောက်ရန် အခြေအနေမပေးပါက လုပ်ငန်းခွင် အားလပ်ရက်များတွင် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်ကြရန်တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကျန်းမာရေးလေ့ကျင့်လှုပ်ရှားမှု အစီအစဉ်ကို မတ် ၁၁ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပရာ အားကစား ဝါသနာရှင်များနှင့် စိတ်ဝင်စားသော အိမ်ရှင်မများ အပါအဝင် လူဦးရေ ၁၂ဝဝ ကျော်ခန့် ZUMBA အားကစားနည်းတွင် ပါဝင်ခဲ့ကြောင်းသိရသည်။ ZUMBAအားကစားနည်းသည် ဂီတသံစဉ်နှင့် ကိုယ်လက် လှုပ်ရှားရသော အားကစားနည်းဖြစ်ပြီး လူအများနှင့် စုပေါင်း လုပ်ဆောင်ရသော  အားကစားနည်းဖြစ်သဖြင့် စိတ်အပန်းပြေ၍ ဝါသနာတူ မိတ်ဆွေသစ်များနှင့် တွေ့ဆုံရခြင်းကြောင့် လူအများ နှစ်သက်သော အားကစားနည်းဖြစ်သည်။ အဆိုပါ အားကစားနည်းဖြင့် လှုပ်ရှားမှုကို မတ် ၁၈ ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည် ဖြစ်ပြီး မတ် ၂၅ ရက်တွင် သခင်မြပန်းခြံ၌ ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံသားများ၏ မျှော်မှန်းသက်တမ်း ပြည့်မီရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင် စားသောက်မှု ပုံစံရှိရမည့်အပြင် တစ်ဦးချင်းစီက ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဟူသော ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ ရှိကြရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ 

Read 541 times Last modified on Thursday, 15 March 2018 08:35