SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

စနစ်ကို အလေးထား အဖြစ်ကို ဖယ်ရှား

Friday, 30 March 2018 09:02 font size decrease font size decrease font size increase font size increase font size

မြန်မာစာ မြန်မာစကားတွင် ရေးသား ပြောဆိုနေကြသည့် ''စနစ်'' ဟူသောဝေါဟာရကို မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ကြိယာအဖြစ် အသုံးပြုပါက အတိုင်းအတာ၊ အဝတ်အထည် စသည်ကို ခေါက်သည်ဟု ဖော်ပြထားပြီး နာမ်အဖြစ်အသုံးပြုပါက အတိုင်းအတာ၊ အကြောင်း၊ အဖြစ်၊ သနစ်၊ ထုံးနည်းအစဉ်အလာ၊ စည်းကမ်း၊ ဝါဒသဘောတရား၊ တစ်စုံတစ်ရာသော ဖွဲ့စည်းပုံ ဥပဒေသ၊ နည်းလမ်းဟူသော အဓိပ္ပာယ်တို့ကို ဖော်ပြထားသည်။ ဥပမာအဖြစ် ကမ္ဘာ့ငွေကြေးစနစ်၊ အဝေးထိန်းစနစ်တို့ဖြင့် ယှဉ်ပြထားသည်။

မြန်မာအဘိဓာန်တွင် ဖော်ပြထားသော အဓိပ္ပာယ်များမှာ တိုရှင်းလိုရင်းမျှသာ ဖြစ်သော်လည်း ''စနစ်'' ဟူသော ဝေါဟာရ၏ အဓိပ္ပာယ် ကျယ်ဝန်းနက်နဲကြောင်း တွေ့ရမည်ဖြစ်သည်။ သင်္ချာဘာသာ ရပ်တွင် မက်ထရစ်စနစ် ဟူသော အတိုင်းအတာကို တွေ့နိုင်သည်။ ရပ်ကွက်ထဲတွင် ကိုယ်ထူကိုယ်ထစနစ်၊ စုပေါင်း စနစ်၊ မဲစနစ်စသည်ဖြင့် အကြောင်း၊ အဖြစ်၊ သနစ်တို့ကို တွေ့နိုင်သည်။ ထုံးနည်းအစဉ်အလာ ဆိုသည်မှာ အစဉ်အလာအရ မှတ်သားလိုက်နာဖွယ်ရာ ဓလေ့ထုံးစံတို့ဖြစ်သည်။ စည်းကမ်းသည် လူ၏တန်ဖိုးဆိုထား သည့်အတိုင်း အရာရာတွင် စည်းကမ်း၊ စည်းစနစ်နှင့် အညီ လိုက်နာဆောင်ရွက်ကြရသည်။ ဝါဒသဘော တရားဆိုသည်မှာ မြေရှင်ပဒေသရာဇ်စနစ်၊ သက်ဦးဆံပိုင် ဘုရင်စနစ်၊ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ပါတီစုံဒီမိုကရေစီစနစ် စသည်တို့ဖြစ်သည်။ တစ်စုံတစ်ရာသော ဖွဲ့စည်းပုံဥပဒေသ ဆိုသည်မှာ စည်းမျဉ်းခံ ဘုရင်စနစ်၊ သမ္မတစနစ်၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် စသည်တို့ဖြစ်သည်။ နည်းလမ်း ဆိုရာတွင် ချောစာ ပို့စနစ်၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်၊ ဈေးကွက် စီးပွားရေးစနစ်၊ လက်ဆင့်ကမ်းစနစ်၊ အီလက်ထရွန်နစ်စနစ်၊ လက်ယာမောင်းစနစ်၊ လက်ဝဲမောင်းစနစ်၊ ရုံးလုပ်ငန်းစနစ် စသည်တို့ဖြစ်သည်။

မြန်မာဝေါဟာရ ''စနစ်'' ၏အဓိပ္ပာယ်ကျယ်ဝန်းနက်နဲသည်များမှ စည်းကမ်း၊ နည်းလမ်းနှင့် ထုံးနည်း အစဉ် အလာဟူသော အဓိပ္ပာယ်များနှင့် စပ်လျဉ်း၍ တင်ပြလိုသည်။ စည်းကမ်းရှိမှ တိုးတက်မည်၊ နည်းလမ်း သိမှအောင်မြင်မည် ဟူသောနှိုးဆော် စာတန်းများကို နေရာအနှံ့ တွေ့ရတတ်သည်။ စည်းကမ်းနှင့်ဆောင်ရန်၊ ရှောင်ရန်တို့ကို သတ်မှတ်ညွှန်ပြသည်။ ထို့အတူနည်းလမ်းက ရည်မှန်းချက် အောင်မြင်ရေးကို ပို့ဆောင်ပေး သည်။ ရည်မှန်းချက် အောင်မြင်ရေးကို ပို့ဆောင်ပေးရာတွင် ယခင်ကရှိပြီးသော လုပ်ထုံးလုပ်နည်းများနှင့် အစဉ်အလာအားဖြင့် လိုက်နာစောင့်ထိန်းခဲ့ကြသည့် ကျင့် ဝတ်စည်းကမ်းနှင့် ဆောင်ရွက်နည်းတို့ကို လေ့လာ မှတ်သား၍ လက်တွေ့အသုံးချ နိုင်စေရန် အခြေခံ သဘောတရားနှင့် အသေးစိတ် ရှင်းလင်းချက်စသည် တို့ကို လိုအပ်သလို ဖော်ပြထားသည်။ လုပ်ငန်းသဘာဝ ကွဲပြားမှုကြောင့် အခြေခံ သဘောတရားနှင့် အသေး စိတ်ရှင်းလင်းချက်တို့ မတူညီကြသော်လည်း တူညီသော လုပ်ငန်းတစ်ခုအတွင်း တာဝန်ထမ်းဆောင်နေကြ သူများ သိရှိ လိုက်နာရမည့် အသိနှင့်အလုပ် တူညီကြရမည်ဖြစ်သည်။ လုပ်ငန်းအခြေခံ သဘောတရားနှင့် အသေးစိတ် ရှင်းလင်းချက်တို့ကို လေ့လာမှတ်သား၍ လက်တွေ့အသုံးချခြင်းဖြင့် မိမိကိုယ်မိမိ တိုးတက်မှု အတွက် မြှင့်တင်ကြခြင်းသည် မိမိတာဝန် ထမ်းဆောင်နေသော အလုပ်၏ အရည်အသွေးကိုပါ မြှင့်တင် ပေးခြင်းဖြစ်သည်။

ယခင်က လုပ်ထုံးလုပ်နည်းစနစ်တို့ကို အသေးစိတ် လေ့လာသောအခါ အားသာချက်၊ အားနည်းချက် နှစ်မျိုးစလုံး တွေ့သည်ရှိသော် အားသာချက်ကို နမူနာယူ လိုက်နာကျင့်သုံး၍ အားနည်းချက်ကို ပြုပြင်ဖန်တီး အသုံးချနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ရှေ့လူမှားသည့်အတိုင်း နောက်လူကလိုက်မှား နေလျှင် အမှားကြာအမှန် ဖြစ်ဆိုသည့်အတိုင်း အမှားသံသရာ လည်နေ မည်သာဖြစ်သည်။ လုပ်ငန်းစနစ် အမှန်ဖြစ်အောင် ပြုပြင်ပေးသည်ကို ပြီးပြီးပျောက်ပျောက် သဘောထားလျှင်လည်း အမှားသံသရာ လည်နေ ဦးမည်သာဖြစ်သည်။ အမှားသံသရာ လည်နေခြင်း သည် မိမိစိုက်ထုတ်လိုက်ရသော လုပ်အားနှင့်အချိန်တို့ကို မိမိကိုယ်တိုင် ဖြုန်းတီးလိုက်သည်နှင့် မခြားကြောင်း သတိရှိရမည်ဖြစ်သည်။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွင်းမှ တိုးတက်မှု အားလုံးတို့သည် စည်းစနစ်ကို အလေးထားမှတ်သား လိုက်နာမှု၏ ရလဒ်များဖြစ်သည်။ လူတို့၏ အသိဥာဏ် ဖွံ့ဖြိုးရေးအတွက် အခြေခံ ပညာနှင့် အဆင့်မြင့် ပညာရေးတို့ကို သင်ယူကြစဉ်က ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် စည်းစနစ်ရှိ သည်ကို တွေ့ဖူးကြပြီးဖြစ်သည်။ မှန်ကန်တိကျ ဆီလျော်သော လုပ်နည်းစနစ်ကို လျစ်လျူရှု၍ အဖြစ်ကိုသာ အလေးထားမိသဖြင့် နစ်နာဆုံးရှုံးရသည်များ ကြုံဖူးကြပြီးဖြစ်သည်။ လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက် တာဝန်ထမ်းဆောင်ချိန်တွင် အချိန်ကို ဦးစားပေးရသော အခြေအနေမျိုး၌ လုပ်ငန်းစနစ်အတွက် အားနည်း ချက်ရှိတတ်သည့် သဘာဝမျိုး တွေ့ရတတ်သည်။ အချိန်ကို ဦးစားပေးရန် မလိုသည့် အခြေအနေမျိုးတွင် စနစ်ကို ဦးစားပေး၍ အားနည်းချက် မရှိအောင် ပြန်လည် တည့်မတ်ရမည်ဖြစ်သည်။ သို့မှသာ လုပ်ငန်း အရည်အသွေးသည် အဖြစ်လုပ်ထားခြင်း မဟုတ်ဘဲ စနစ်တကျ ဆောင်ရွက်ထားကြောင်း အသိအမှတ် ပြုခံရမည် ဖြစ်သည်။

လေ့လာမှတ်သားသော အလေ့အထနည်းသူများသည် တစ်ခုပြောတစ်ခုသိ၊ နှစ်ခုပြောနှစ်ခုသိရာမှ ကြာလျှင် မေ့တွေ့လျှင် လွမ်းတတ်သည့် သဘော ရှိတတ်ကြသည်။ ထို့ကြောင့် မိမိတာဝန် ယူဆောင်ရွက်နေရသော လုပ်ငန်းနှင့် သက်ဆိုင်သည်များကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ထံမှ လေ့လာမှတ်သား၍ ကိုယ်တိုင် အသုံးချတတ်သည့် အလေ့အထ ကောင်းသည် မိမိအ ရည်အချင်းနှင့် လုပ်ငန်း အရည်အသွေးကို မြှင့်တင် ပေးကြောင်း အစဉ်နှလုံးသွင်းလျက် စနစ်ကို အလေးထား၍ အဖြစ်ကို ဖယ်ရှားရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

Read 466 times Last modified on Friday, 30 March 2018 09:15