SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မီးဘေးအန္တရာယ် စုပေါင်းကာကွယ်

Saturday, 31 March 2018 10:26 font size decrease font size decrease font size increase font size increase font size

ဗုဒ္ဓအလိုအရ ပုထုဇဉ်တို့အား ပူလောင်တတ်သောမီး ၁၁ ပါးရှိသည်။ ၎င်းတို့မှာ လိုချင်တပ်မက် နှစ်သက်မှုကြောင့် ပူလောင်တတ်သော လောဘမီး၊ စိတ်ဆိုးရသဖြင့် ပူလောင်တတ်သော ဒေါသမီး၊ အဟုတ်အမှန်ကို မသိမှုကြောင့် ပူလောင်တတ်သော မောဟမီး၊ ဘဝအသစ် ဖြစ်ရသဖြင့် ပူလောင်တတ်သော ဇာတိမီး၊ အိုမင်းရသဖြင့် ပူလောင်တတ်သော ဇရာမီး၊ သေပျက်ရသဖြင့် ပူလောင်တတ်သော မရဏမီး၊ စိုးရိမ်ကြောင့်ကြမှုကြောင့် ပူလောင် တတ်သည့် သောကမီး၊ ငိုကြွေးရသဖြင့် ပူလောင်တတ်သော ပရိဒေဝမီး၊ ဒုက္ခဆင်းရဲ ရောက်မှုကြောင့် ပူလောင်တတ်သော ဒုက္ခမီး၊ စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်တတ်သော ဒေါမနဿမီး၊ စိတ်ပင်ပန်းဆင်း ရဲရသဖြင့် ပူလောင်တတ်သော ဥပါယာသမီးတို့ ဖြစ်သည်။ လောဘမီးသည် လိုချင်တပ်မက်နှစ်သက်မှုကို ရယူပိုင်ဆိုင်ရသော အခါ ပြေပျောက်သွားသည်။ ဒေါသမီးသည် အကြောင်းအကျိုး ပြေပြစ်သွားသည့် အခါ အေးငြိမ်းသွားသည်။ မောဟမီးသည် အဟုတ်အမှန်ကို သိရချိန်တွင် ပျောက်ကွယ်သွားသည်။ လောဘ၊ ဒေါသ၊ မောဟတို့ကြောင့် ဖြစ်ရသော ပူလောင်မှုတို့ အေးငြိမ်းသွားသောအခါ စိုးရိမ်ကြောင့်ကြမှုကြောင့် ဖြစ်ရသည့် သောကမီးလည်း အေးငြိမ်းသွားသည်။ ဇာတိမီး၊ ဇရာမီးနှင့် မရဏမီးတို့မှာ မည်သူမျှ ရှောင်လွှဲ၍မရ ကြုံတွေ့နေကြရသော မီးများဖြစ်သဖြင့် ''လူ့ပြည်လောက၊ လူ့ဘဝကား၊ အိုရနာရ၊ သေရဦးမည်၊ မှန်ပေသည်တည့်''ဟူ၍ ဆရာဇော်ဂျီက သတိပေးထားသည်။ သက်ကြီးရွယ်အိုတို့ဘဝမှာ မျက်စိမှိုင်း၊ နားကထိုင်းလျက် အိုမင်းမစွမ်းဟူသော စကားအတိုင်း အိုမင်းလာသောအခါ အစွမ်းအစများ ကျဆင်းသွားသဖြင့် သူတစ်ပါးကို မှီခိုရသော ဘဝဖြင့် ရှင်သန်နေကြရသည်။ သားထောက်သမီးခံ ကောင်းသော အကြောင်းတရားနှင့် တိုက်ဆိုင်သူတို့ အဖို့ ကံကောင်းထောက်မ နိုင်သော်လည်း အကြောင်း မကောင်းသူတို့အတွက် ဘဝရပ်တည် ရှင်သန်ရေး အခက်အခဲရှိကြသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် အသက် ၉ဝ နှစ်နှင့်အထက် ဘိုးဘွားများအား လစဉ်လူမှုရေး ပင်စင်ထောက်ပံ့ပေးခြင်း၊ ဘိုးဘွားရိပ်သာများအား ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။ အလားတူ လူမှုရေးအသင်းအဖွဲ့ များနှင့် စေတနာရှင် ပြည်သူတစ်ဦးချင်း တို့ကလည်း အခါအားလျော်စွာ ထောက်ပံ့လှူဒါန်း ကြသည်။

သက်ကြီးရွယ်အို ဘိုးဘွားများနှင့် စပ်လျဉ်း၍ ယခုရက်ပိုင်းအတွင်း ကြားသိရသော သတင်းမှာ စိတ်မသက်သာဖွယ် ဖြစ်သည်။ ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့အနောက် မြောက်ဘက် တစ်မိုင်ခန့် ကွာဝေးသော အုန်းခြံကျေးရွာမှ YGW မိဘမဲ့ကျောင်းဝင်း အတွင်းရှိ ထာဝရ ဘိုးဘွားရိပ်သာ နှစ်ထပ်ဆောင်သည် မတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် တောမီးမှ တစ်ဆင့် ကူးစက်လာသော မီးလောင်ကျွမ်း ခံရသဖြင့် ရိပ်သာအတွင်းရှိ အဘိုးသုံးဦး မီးလောင် သေဆုံးသွားပြီး တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ ရိပ်သာနှစ်ထပ်ဆောင် မီးလောင်ကျွမ်းသွားသဖြင့် ကျန်ရှိသော အဘိုးအဘွားများအား အဆောင်လွတ်သို့ ပြောင်းရွှေ့ နေရာချထားပြီး စားသောက်ရေးအတွက် အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိသည်။ သို့သော် နေထိုင်ရေးအတွက် အဆောက်အအုံ လိုအပ်ချက်ရှိသဖြင့် ဝိုင်းဝန်း၍ စုပေါင်းလှူဒါန်း ကုသိုလ်ယူကြရမည့် အခြေအနေဖြစ်သည်။ အခြားဖြစ်စဉ် တစ်ခုမှာ ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ငှက်ကြီးကွင်း ကျေးရွာအုပ်စု မှန်တန်းကျေးရွာတွင် မတ် ၂၅ ရက်က တောမီးမှတစ်ဆင့် မီးကူးစက်ကာ လူနေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးသွားသည်။ ရေထဲရပ်ထားသော ရေယာဉ်ကို လောင်ကျွမ်းသောမီးက ကုန်းပေါ်သို့ ကူးစက် လောင်ကျွမ်းသည့် ဖြစ်စဉ်မှာ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဒေါ်ညိမ်းကျေးရွာ အုပ်စု ခါးပြတ်ကျေးရွာ အမှတ်(၆) ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေယာဉ်တစ်စင်းကို မီးစတင်လောင်ကျွမ်းပြီး အနီးရှိရေစင်နှင့် လူနေအိမ်များသို့ ကူးစက် လောင်ကျွမ်းသည့် ဖြစ်စဉ်တစ်ခု မတ် ၂၆ ရက် နံနက် ၁ဝ နာရီခွဲတွင်ဖြစ်ပွားသည်။ မီးလောင်ရာသို့ ဒေါ်ညိမ်းမီးသတ် စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ငြှိမ်းသတ်သဖြင့် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်။ ဆက်လက်၍ အမာမီးသတ်စခန်း၊ ဒေါ်ညိမ်း မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များနှင့် ကျေးရွာ အပေါ့စား မီးသတ်စက်များ ပူးပေါင်း၍ မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်ကြသည်။ မီးလောင်မှုကြောင့် လူနေအိမ် ၃၄ လုံး၊ ငါး၊ ပုစွန်လှန်းသော ရေစင်လေးခု၊ ဂိုဒေါင်တစ်လုံး မီးလောင် ကျွမ်းသွားသဖြင့် အိမ်ထောင်စု ၃၄ စု အိုးအိမ်မဲ့ ဖြစ်သွားသည်။ တရားသဘောအရ ပုထုဇဉ်တို့အား ပူလောင်တတ်သော မီး ၁၁ ပါးသည် စိတ်ပိုင်းဆိုင်ရာ ကိုသာ တိုက်ရိုက်ဖျက်ဆီး တတ်စေကာမူ မိမိကိုယ်မိမိ ဆင်ခြင်တုံ တရားဖြင့် ပြုပြင်သော် ရနိုင်သည်။ ရုပ်ပိုင်းရော စိတ်ပိုင်းနှစ်မျိုးစလုံးကို ဖျက်ဆီးတတ်သော ပေါ့ဆမီး လောင်ကျွမ်းခံရလျှင် သက်ဆိုင်သူ တစ်ဦးတစ်ယောက်တည်းသာ မဟုတ်တော့ဘဲ မိမိပတ်ဝန်းကျင်ရှိသူ အားလုံး ဆုံးရှုံးရတတ်သည်။ ထို့ကြောင့် အချိန်အခါမရွေး ဒုက္ခပေးတတ်သည့် မီးဘေးအန္တရာယ်ကို စုပေါင်း ကာကွယ်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 383 times Last modified on Saturday, 31 March 2018 10:31