SJ WorldNews - шаблон joomla Авто

မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်ရေး

Tuesday, 03 April 2018 09:25 font size decrease font size decrease font size increase font size increase font size

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ စနေ၊ တနင်္ဂနွေ(မတ် ၃၁ နှင့် ဧပြီ ၁ ရက်)တို့တွင် နေပြည်တော်နှင့်မန္တလေးတိုင်းဒေသကြီးတို့၌ နေရာကွက်ကျား မိုး အနည်းငယ် ထစ်ချုန်း ရွာနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ မတ် ၃ဝရက် မြန်မာစံတော်ချိန် ၁၄း၃ဝ နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက်ဘက်မှ တိုက်ခတ်လာသော လေအေးများနှင့်ဘင်္ဂလားပင်လယ်အော်မှ တိုက်ခတ်လာသော လေနွေးများစု ဆုံမှု ကြောင့် ဧပြီ ၁ ရက်မှ ၆ ရက်အထိ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်းနှင့် ဧပြီ ၅ ရက်၊ ၆ ရက်တို့တွင် မိုးရွာသွန်းမှုပိုများနိုင်သဖြင့် ကောက်ပဲသီးနှံ ရိတ်သိမ်းထားသော တောင်သူများ သိရှိကြိုတင်  ပြင်ဆင် ထားရန်ဖြစ်ကြောင်း သတိပေး ထားသည်။

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အတွင်း မတ် ၃၁ ရက် ညနေပိုင်းတွင် လေပြင်းတိုက် ခတ်မှုကြောင့် နေရောင်ပြအင်း (ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး) စိန်ဖူးတော် အပါအဝင် ငှက်မြတ်နားတော်၊ သတ္တမဘုံဆင့်၊ ဆဋ္ဌမဘုံဆင့်နှင့်စိန်ပန်းခိုင်တို့မြေခသွားသည်။ အဆိုပါနေရောင်ပြအင်း (ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး)ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်တို့တွင် ထီးတော် တင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် မြို့မဈေးရှိ

အချို့နေရာများတွင် အဆောက်အအုံအမိုးများ ပျက်စီးခြင်းနှင့် ပျဉ်းမနား-တောင်ညို ကားလမ်းဝဲ/ယာရှိ သစ်ပင်များ ကျိုးကျသွားကြောင်း သိရသည်။

ယခုနှစ်မြန်မာနိုင်ငံအတွင်း  မိုးရွာသွန်းမှုမှာ မြောက်ဘက်ပိုင်း ဒေသ၌ ရက်အနည်းငယ် စောကြောင်း တွေ့ရသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု ဝှေခါးကျေးရွာအနီး နိုင်ငံတော်နှင့်

အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် ကျောက်စိမ်းသစ်ရွက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီဝင်းအတွင်း မိုးရွာသွန်းမှုကြောင့် စွန့်ပစ်မြေစာပုံဟောင်းမှ မြေစာပုံများပြိုကျသဖြင့် ရေမဆေးကျောက် ရှာဖွေနေကြ သည့်လူ ၃ဝ ကျော်အနက် အမျိုးသားတစ်ဦး၏ ခေါင်းနှင့်ခန္ဓာကိုယ်တွင် ကျောက်ခဲများထိမှန်ဒဏ်ရာရရှိပြီး အခင်း ဖြစ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် နွေရာသီကာလအတွင်း လာနီညာ ရာသီဥတုဖြစ်ပေါ်နိုင်သည့်အခြေအနေကို မတ် ၁၂ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားပြီးဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ် သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များမှာ လာနီညာအခြေအနေ၌ ဆက်လက်တည်ရှိနေပြီး လာနီညာဖြစ်ပေါ်မှုခန့်မှန်းသည့် သင်္ချာပုံစံမိုဒယ်များအရ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီတို့တွင် လာနီညာဖြစ်ပေါ်နိုင်မှု ၆၂ ရာခိုင်နှုန်း အထိရှိကြောင်း သိရသည်။ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် လာနီညာ ဖြစ်စဉ်ကြောင့် အကျိုးသက် ရောက်မှု များမှာ ယေဘုယျအားဖြင့် နွေရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုအခြေအနေများဖြစ်ပေါ်လာနိုင်သည်။ သို့သော် လာနီညာ ရာသီဥတု ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိပါက အဆိုပါဖြစ်စဉ်များလျော့နည်းသွားနိုင်ကြောင်း၊ လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား ပြည်သူများသိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ထားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသည် မုန်တိုင်း အန္တရာယ်ကို ကြိုတင်အသိပေး နှိုးဆော် လျက်ရှိရာ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကျရောက်လာမည့် အခြေအနေကို သိရပါက ကြိုတင် ကာကွယ်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်နေကြသည့် သတင်းများလည်း တွေ့ရသည်။ မွန်ပြည်နယ် သထုံခရိုင်သဘာဝ ဘေးစီမံခန့်ခွဲမှု ကော်မတီက ကြီးမှူး၍ သထုံမြို့နယ် ကဒိုက်ကလေး ကျေးရွာ ၌ မတ် ၂၂ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့် ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ တိုင်းဒေသကြီးများနှင့် ပြည်နယ် အသီးသီးတို့ အနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်

ရေး အစီအမံများနှင့်အညီ ဆောင်ရွက်နေကြရာတွင် ပြည်သူတို့၏နိုးကြားသောသတိဖြင့် ပူးပေါင်းပါဝင်ကြ

ပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ 

Read 380 times Last modified on Tuesday, 03 April 2018 09:26