Print this page

နှလုံးစိတ်ဝမ်း အပြုံးရိပ်သန်းသော အတွေးစိတ်မှန်း

Wednesday, 22 March 2017 15:42 font size decrease font size decrease font size increase font size increase font size

အမျိုးဘာသာ သာသနာအကျိုး သယ်ပိုး ထမ်းဆောင်နိုင်မည့် အာဇာနည် ယောက်ျား အမျိုးကောင်း သားသည် မြို့တိုင်းရွာတိုင်း နေရာတိုင်းမှာ မပေါ်ပေါက် နိုင်ပေ။

အာဇာနည်ယောက်ျား အမျိုးကောင်းသား ပေါ်ပေါက်လာခဲ့သော် ထိုမြို့ထိုရွာ ထိုနေရာသည် တိုးတက် ကြီးပွား ချမ်းသာများကို မုချပိုင်ပိုင် ရရှိနိုင်၏ဟု ဓမ္မပဒတွင် မိန့်ဆိုထားသည်။ မြန်မာနိုင်ငံ သမိုင်း အဆက်ဆက်တွင် သာသနာ့ အာဇာနည် ရဟန်းပညာရှိ၊ လူပညာရှိ များစွာ ပေါ်ပေါက်ခဲ့ပြီး ဂေါတမ မြတ်စွာဘုရား၏ အဆုံးအမ တရားတော်များကို အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက် ခဲ့ကြသည်။ မြတ်စွာဘုရား ဆုံးမတော်မူသော တရားတော်များကို သာသနာဟု ခေါ်ကြလေရာ သာသနာဟူသော ဝေါဟာရသည်ပရိယတ္တိ သာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူ၍ သုံးမျိုးရှိသည်။ ပရိယတ္တိ သာသနာ ဟူသည် မြတ်စွာဘုရား ဆုံးမတော် မူထားသော ပိဋကတ် စာပေတို့ကို သင်ကြား ပို့ချခြင်း၊ ရေးသား ဟောပြောခြင်းတို့ ဖြစ်သည်။ ပဋိပတ် သာသနာ ဟူသည် ပိဋကတ်တော်လာ တရားစာများကို လက်တွေ့ ကျင့်ကြံပွားများ အားထုတ်ခြင်း ဖြစ်သည်။ ပဋိဝေဓ သာသနာ ဟူသည် မြတ်စွာဘုရား အဆုံးအမ တရားတော်များကို လက်တွေ့ကျင့်ကြံ အားထုတ်မှုမှ ရရှိလာသော အသိထူး၊ အမြင်ထူး၊ ဈာန်၊ မဂ်ဖိုလ်၊ နိဗ္ဗာန် တရားများကို ဆိုလိုကြောင်း မှတ်သား ရပါသည်။ သာသနာပြု ပုဂ္ဂိုလ်များက သာသနာ သုံးရပ်ကို ရေကန်တစ်ခုနှင့် ဥပမာပြု ကြသည်။ ပရိယတ္တိ သာသနာသည် ကန်ပေါင်တာရိုးနှင့် တူသည်။ ပဋိပတ္တိ သာသနာသည် ထိုကန် အတွင်းရှိ ရေနှင့် တူသည်။ ပဋိဝေဓ သာသနာသည် ကြာငါးမျိုးနှင့် တူသည်။ ကန်ပေါင် တာရိုးရှိမှ ရေတည်မြဲနိုင်သည်။ ရေရှိမှ ကြာငါးမျိုး ပေါက်ရောက် ပွင့်လန်းနိုင်သည်။ ကန်ပေါင် တာရိုး မရှိက ရေမတည်မြဲနိုင် သကဲ့သို့ ရေမရှိက ရေကို အမှီပြုသော ကြာငါးမျိုး မရှိနိုင်တော့ပေ။ ကန်ပေါင်ရိုး၊ ရေနှင့် ကြာငါးမျိုးတို့သည် တစ်ခုနှင့်တစ်ခု ဆက်သွယ် နေသော အညမည သဘောတရားများ ဖြစ်သည်။ ဤ ဥပမာအတိုင်း ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ သုံးရပ်တို့သည် ဆက်သွယ်လျက် ရှိကြောင်း ဆရာတော်ကြီးများ ဟောကြားကြသည်။ သာသနာပြု ပုဂ္ဂိုလ် ရဟန်းသံဃာတော် အရှင်မြတ်များသည် ငယ်စဉ် အခါက ပရိယတ္တိ စာပေများကို သင်ယူ ခဲ့ကြပြီး ကိုယ်တိုင် တတ်မြောက်သည့် အခါ တစ်ဆင့် ပြန်လည်ပို့ချကြသည်။ ပဋိပတ္တိ အကျင့်တရားများကို ပရိယတ် စာပေလာ နည်းအတိုင်း ကိုယ်တိုင်ကျင့်သုံး ပွားများရယူခြင်းနှင့် သူတစ်ပါး တို့အား အယုတ် အလတ် အမြတ်မရွေး နည်းပေး လမ်းပြ ဟောပြောကြသည်။ တာဝန် သိသူမှာ တာဝန်ရှိသည် ဟူသော မင်းကွန်း ဆရာတော်ဘုရားကြီး၏ သြဝါဒအတိုင်း သာသနာပြု ရဟန်းသံဃာတော် အရှင်သူမြတ် များသည် ဆိုခဲ့သော တာဝန်နှစ်ရပ်ကို ထမ်းဆောင် နေစဉ်မှာပင် ရပ်ရွာအကျိုး အတွက် ပရဟိတ လုပ်ငန်းများတွင် စေတနာ၊ မေတ္တာ ထက်သန်စွာ ဆောင်ရွက်နေကြသည်။ ပရဟိတ လုပ်ငန်းများမှာ သောက်သုံးရေ ရရှိရေး၊ ခရီးသွားလာမှု အဆင်ပြေစေရန် လမ်း၊ တံတားများ တည်ဆောက်ရေး၊ ကလေးသူငယ်များ အတွက် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ရေး၊ စာပေ သင်ကြားရေးနှင့် နည်းပညာ သင်ကြားရေး စသည်ဖြင့် ဒါယကာ၊ ဒါယိကာမတို့နှင့် အတူ သံဃာတော်များ ဦးဆောင် လုပ်ကိုင် နေကြသည်။ နေပြည်တော် ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ် စမတောင်ပေါ်ရှိ လူငယ် ဖွံ့ဖြိုးရေး ဥယျာဉ်တွင် ဆရာတော် ဘဒ္ဒန္တဥာဏိန္ဒ အမှူးပြု၍ ကလေးငယ် စုစုပေါင်း ၆၆၄ ဦး တို့ကို ပြုစုပျိုးထောင်ပေးလျက် ရှိသည်။ ကလေးငယ်များ ပညာ သင်ကြားရေး အတွက် အလယ်တန်းကျောင်းခွဲ အဆင့်အထိ ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက် ရှိသည့် အပြင် အထက်တန်း အဆင့်နှင့် တက္ကသိုလ်အဆင့် မီသူများအား ပညာဆက် လက်သင်ကြားပေးနိုင်ရေး ကိုပါ ဆောင်ရွက်ပေးလျက် ရှိသည်။ စမတောင် လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့ နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့ သွားရောက်၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက် ပေးခဲ့သည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဥာဏိန္ဒအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် မဟာပရဟိတ (စမတောင်) မူလတန်းကြို ကျောင်းမှ ကလေးများအား စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခဲ့သည်။ မြန်မာမှု နယ်ပယ်တွင် အဋ္ဌာရသ အတတ် (၁၈)ရပ်ဟု ဆိုအပ်သော ဝေဒကျမ်းများ အတတ်၊ ဓမ္မသတ်ကျမ်း အတတ်၊ သင်္ချာကျမ်း အတတ်၊ ယောဂအတတ်၊ နီတိကျမ်း အတတ်၊ ဝိသေသိကာတက်ကျမ်း အတတ်၊ သီချင်း အတတ်၊ ဂဏန်း အတတ်၊ လေးအတတ်၊ ရှေးစကားကျမ်း အတတ်၊ ဆေးအတတ်၊ သမိုင်းအတတ်၊ နက္ခတ်ဗေဒင် အတတ်၊ လှည့်ပတ်မျက်လှည့် အတတ်၊ ဆန်းကျမ်း အတတ်၊ အလင်္ကာကျမ်း အတတ်၊ ဂါထာမန္တရား အတတ်၊ သဒ္ဒါကျမ်း အတတ်တို့ကို ရှေးခေတ်ကာလများက ဘုန်းတော်ကြီး ကျောင်းများတွင် သင်ယူ ခဲ့ကြရသည်။ ယနေ့ ခေတ်တွင်လည်း ဘုန်းတော်ကြီး ကျောင်းများက ခေတ်နှင့်အညီ ပညာရပ်များကို လက်လှမ်းမီသရွေ့ သင်ကြားပေး နေကြသည်။ မျက်မှောက် ကမ္ဘာကြီး၌ အမေရိကန် ပြည်ထောင်စု သမ္မတ ဘီကလင်တန် လက်ထက်က နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်သွားသော မယ်ဒလင်းအောဘရိုက်သည် ငယ်စဉ်က သြစတြီးယား နိုင်ငံရှိ လူငယ် ပရဟိတ ဂေဟာမှာ ဘဝစခဲ့သူ ဖြစ်သည်ကို အမှတ်ရမိသည်နှင့် စမတောင် လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်ရှိ ကလေးငယ်များ အပါအဝင် နိုင်ငံ တစ်ဝန်းရှိ ပရဟိတ ဂေဟာများမှ လူငယ်များသည်လည်း နောင်တစ်နေ့တွင် နိုင်ငံတော်က အားထားရသူများ ဖြစ်လာကြစေရေး ဖေးမ ကူညီကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

Read 1682 times