SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မိုးသက်လေနှင် သတိနှင့် ကြိုတင်ပြင်ဆင်

Saturday, 21 April 2018 11:27 font size decrease font size decrease font size increase font size increase font size

လတန်ခူးပေမို့ အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါဟူသော ပိတောက်ပန်းတို့ ပွင့်သည့်လကို လွန်မြောက်၍ ဟေမန်နွေလှန်လို့ တုံ့ပြန်တော့၊ ဘွေသဟံဝေယံအုံ့ဆီက၊ လေပြန်လှုံ့ဆော်ခဲ့ပြီဟူသော ကဆုန်လသို့ရောက်ခဲ့လေပြီ။

ကဆုန်လရောက်သည်နှင့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ ဧပြီ ၁၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မိုးသက်လေပြင်းများတိုက်ခတ်ပြီး ကွမ်းသီးလုံး အရွယ်ရှိသော မိုးသီးများကျသည်အထိ ဝေယံ အုံ့ဆီက လေပြန်လှုံ့ဆော်လိုက်သည်။ မြို့နယ်အတွင်းရှိ ဆွာမင်းလမ်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ၊ ကုန်းကြီးကျေးရွာအုပ်စု ကြို့ပင်ထိုက်ကျေးရွာ၊ ဇလုပ်ကြီးကျေးရွာအုပ်စု ဇလုပ်ကြီးရွာမ၊ ဇလုပ်ကြီး(ရွာသစ်)၊ ထန်းကုန်းကျေးရွာတို့တွင် လူနေအိမ်များအမိုးလန်ခြင်း၊ ထရံကွာကျခြင်း၊ သစ်ပင်များပိခြင်းနှင့် လမ်းမီးတိုင် များလဲပြိုခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ မိုးသက်လေပြင်း တိုက်ခတ်ချိန် မကြာသော်လည်း သိုင်းဝကျေးရွာအုပ်စုနှင့် ဇလုပ်ကြီး ကျေးရွာအုပ်စုတို့တွင် ကွမ်းသီးလုံးအရွယ်ရှိ မိုးသီးများကျပြီး တောင်သူ ၃၄ ဦးစိုက်ပျိုးထားသော နွေစပါးစိုက်ဧက ၁၂၄ ဧကမှာ အနှံထွက်ဆဲ စပါးခင်းများမှ စပါးပင်များ လဲကျသွားသဖြင့် တောင်သူများက စပါးအထွက်နှုန်းထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စုနှင့် ငွေတောင်ကျေးရွာအုပ်စုတို့၌ ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လေပြင်းတိုက်ခတ်သဖြင့် ဒေါဖုကျေးရွာ၌ လူနေအိမ် ၁၂ လုံး အမိုးလန်ခြင်း၊ နေအိမ်တစ်လုံး အကာပျက်ကျခြင်း၊ စပါးကျီသုံးလုံးပျက်စီးခြင်း၊ အခြေခံ ပညာ မူလတန်းလွန် ကျောင်းအမိုးလန်ခြင်း၊ ဆိုင်းဘုတ်လဲကျခြင်း၊ အလံတိုင်ပြိုကျခြင်း၊ ဒေါပဲဒူကျေးရွာ၌ လူနေအိမ်သုံးလုံးနှင့် မူကြိုကျောင်း အမိုးလန်ခြင်း၊ ဘိုးလျားကျေးရွာ၌ လူနေအိမ်တစ်လုံးအမိုးလန်ခြင်း၊ ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်းကျေးရွာ၌ လူနေအိမ်နှစ်လုံး အမိုးလန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ စုစုပေါင်းလူနေအိမ် ၁၉ လုံး၊ စပါးကျီသုံးလုံး၊ အခြေခံပညာ မူလတန်းလွန်ကျောင်း တစ်ကျောင်းနှင့် မူကြိုကျောင်းတစ်ကျောင်းတို့ ပျက်စီး ဆုံးရှုံးမှုရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ယင်းမာပင်ကျေးရွာ၌ ဧပြီ ၁၇ ရက် ည ၁၁ နာရီ

မိနစ် ၅ဝ တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအတွင်း မြို့မလမ်းသွယ်အနီး လမ်းဘေးရှိ လျှပ်စစ်ဓာတ်ကြိုးပေါ်သို့ ကုက္ကိုပင် အကိုင်းကျိုးကျရာမှ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသည်။ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂ လုံး သွပ်မိုးများလန်ပြီး ပျက်စီးသွားသဖြင့် နယ်မြေခံတပ်မှ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးကြသည်။

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု သုံးစု၌ ဧပြီ ၁၆ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံး ပြိုကျပျက်စီးပြီး နေအိမ် ၁၅၄ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ငါးကျောင်း အမိုးလန်ပျက်စီးသွားသဖြင့် အိမ်ထောင်စု ၁၅၆ စုမှ လူဦးရေ ၆ဝ၁ ဦး ဘေးဒုက္ခကြုံရသည်။

တစ်ချိန်တည်းမှာပင် ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာအုပ်စုလေးအုပ်စု၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၄ လုံးပျက်စီးပြီး နေအိမ် ၄၉၉ လုံးနှင့် ဘုန်းတော်ကြီးကျောင်း လေးကျောင်း အမိုးလန်ပျက်စီး သွားသဖြင့် အိမ်ထောင်စု ၅၃၃ စုမှ လူဦးရေ ၂ဝ၂၂ ဦး ဘေးဒုက္ခကြုံတွေ့ရပြီး တစ်ဦးသေဆုံးကြောင်း သိရ

သည်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်း ဧပြီ ၁၇ ရက် ညနေပိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ် မှုကြောင့် ပိန္နဲကွင်းကျေးရွာအုပ်စု ကုန်းကြီးကျေးရွာနှင့် ကညင်ငူကျေးရွာ တို့ရှိ လူနေအိမ် ၁၄ လုံး ပြိုကျ ပျက်စီးသွားပြီး နေအိမ် ၁၁၉ လုံး အမိုးလန်ပျက်စီးသွားသော်လည်း လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်များအား အနောက်တောင် တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ပြိုကျပျက်စီးခဲ့သော နေအိမ်များ အား ရှင်းလင်းဖယ်ရှားခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းပေးခြင်း၊ ပျက်စီးသွားသော နေအိမ်များမှ မိသားစုဝင်များ၊ ပစ္စည်းများအား နီးစပ်ရာ ဆွေမျိုးများ နေအိမ်သို့ ကူညီရွှေ့ ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု သုံးစုမှ ကျေးရွာငါးရွာ၌ ဧပြီ ၁၅ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅၆ လုံးနှင့် ဘာသာရေး အဆောက်အအုံ လေးလုံး အမိုး လန်ပျက်စီးသွားသည်။ အလားတူ ကန့်ဘလူမြို့နယ် ပင့်သာကြီးကျေးရွာအုပ်စု အုတ်ခင်ကျေးရွာ၌ ဧပြီ ၁၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာ အလယ်တန်းကျောင်းရှိ ဝန်ထမ်းအိမ်ရာနှင့် လူနေအိမ်အချို့ အမိုး၊ အကာများ ပျက်စီးသွားကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဘေးဒုက္ခ ကြုံတွေ့ရသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာတို့က ကူညီထောက်ပံ့ပေးလျက်ရှိသည်။ သို့သော် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်လျော့နည်း သက်သာကြစေရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သော သတင်းများကို အမြဲမပြတ်နားစွင့်နေခြင်းဖြင့် ကြိုတင်ပြင်ဆင်ချိန် ရနိုင်ကြောင်း မြဝတီက စေတနာကောင်းဖြင့် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 343 times Last modified on Saturday, 21 April 2018 11:33