SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

စင်ကြယ်သော အသက်မွေးမှုဖြင့် ဘဝတည်ဆောက်

Sunday, 22 April 2018 09:43 font size decrease font size decrease font size increase font size increase font size

လူမှုဝန်းကျင်ကို လေ့လာသောအခါ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ လွတ်သွားသော ငါးကြီးသည် ထင်နေသူ၊ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ကြိုးစား အားထုတ် စေကာမူ ကံမကောင်း အကြောင်း မလှသဖြင့် အကျိုးမထင် ဖြစ်ရသူ၊ အခြားသူများ၏ အောင်မြင်မှုကို

အတုယူ အားကျတတ်သူ စသည်ဖြင့် တွေ့ရသည်။

လွတ်သွားသော ငါးကြီးသည် ထင်နေသူသည် နောင်တ ရနေရုံမျှဖြင့် အကျိုး မရှိနိုင်တော့ဘဲ ငါးလွတ်သွားသော အကြောင်းရင်းသည် မိမိပိုက်ချက်မှားကြောင့်၊ ပိုက်ကွန် မလုံခြင်းကြောင့် စသည်တို့ကို ပြန်လည် ဆန်းစစ်၍ နောက်တစ်ကြိမ် လွတ်မသွားအောင် အားထုတ်ခြင်း သည်သာ အကျိုးရှိနိုင်သည်။ ပိုက်ချက်မမှားစေရန်မှာ ရေသေဖြစ်လျှင် လေတိုက်ခတ်မှုနှင့် ငါး၏ ရွေ့လျားမှု သဘာဝတို့ကို သိထားရန် လိုသည်။ ရေရှင်ဖြစ်လျှင် လေတိုက်ခတ်မှု၊ ငါး၏ရွေ့လျားမှု သဘာဝတို့ အပြင် ရေစီး အခြေအနေကိုပါ သိထားရန် လိုသည်။ ပိုက်ကွန် မလုံခြင်းကြောင့် ဆိုလျှင် လုပ်ငန်းခွင် မရောက်မီက ကြိုတင် မစစ်ဆေးခဲ့ခြင်းကြောင့် သို့မဟုတ် သာမန် စစ်ဆေးခဲ့ခြင်းကြောင့် စသည်တို့ကို ပြန်လည် ဆန်းစစ်ရပေမည်။ စေ့စပ်သေချာအောင် ကြိုတင် စစ်ဆေးခဲ့သည် ဆိုလျှင် ပိုက်ချက်မိသော ငါးအုပ်ထဲတွင် ပိုက်ကွန်ကို ကိုက်ဖြတ်ပြီး ထွက်ပေါက် ရှာတတ်သော ငါးမျိုးပါလာခြင်းကြောင့် အခြားငါးများပါ လွတ်ထွက်သွားခြင်း ဖြစ်နိုင်သည်။

လွတ်သွားသော ငါးကြီးသည် ထင်နေသူ ရေလုပ်သားအတွက် ပြန်လည် ဆန်းစစ်ရမည့် အကြောင်းတရားများ ရှိသကဲ့သို့ ဘဝ ရပ်တည် ရှင်သန်ရေး အတွက် နေ့စဉ်ရုန်းကန် လှုပ်ရှားနေကြသူတို့ အနေဖြင့်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ရသည့် အကြောင်း တရားတို့ကို ပြန်လည် ဆန်းစစ်ကြရပေမည်။ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်သည့် အကြောင်းတရားတို့တွင် မိမိ မစွမ်းဆောင်နိုင်သည့် ရာသီဥတုအခြေအနေကို ခြွင်းချက်ထား၍ ဖြစ်တတ်သည့် အကြောင်းတရားများမှာ လုပ်ငန်း မကျွမ်းကျင်မှု၊ အချိန်ကို အကျိုးရှိအောင် အသုံးမချတတ်မှု၊ စိတ်ပျက် လက်လျှော့တတ်မှုနှင့် မိမိအလုပ်ကို ဂုဏ်ငယ်သည် ထင်နေသည့် စိတ်တို့ကြောင့် မျှော်မှန်းသလောက် ခရီးမပေါက် ဖြစ်တတ်သည်။

မိမိ လုပ်ဖော်ကိုင်ဖက်များနှင့် နှိုင်းယှဉ်လျှင် မိမိက ကျွမ်းကျင်မှု အားနည်းနေသော် မီအောင် လိုက်နိုင်ရန် အပင်ပန်းခံ၍ ကြိုးစား အားထုတ်လိုစိတ် ရှိသူအတွက် အချိန်တို အတွင်း ခရီး ရောက်နိုင်သည်။ အပင်ပန်းခံ၍ ကြိုးစား အားထုတ်လိုစိတ် မရှိသူသည် ရောယောင်နောက်လိုက် ဘဝထက် ပို၍ တိုးတက်နိုင်သည့် အခွင့်အလမ်း နည်းပါး နေမည်သာဖြစ်သည်။ အကျိုးဆက် အနေဖြင့် စိတ်အားငယ်လာရာမှ စိတ်ပျက်လက်လျှော့ လိုစိတ် ဖြစ်ပေါ်လာလျှင် ကုစားရန် ခက်ခဲသည်။ အချိန်ကို အကျိုးရှိအောင် အသုံးချတတ် လျှင် လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာပြီး ရောယောင်နောက်လိုက်ဘဝမှ လွတ်မြောက် နိုင်သဖြင့် စိတ်ပျက်လက်လျှော့လိုစိတ် မဖြစ်ပေါ်နိုင်တော့ပေ။ အချိန်ကို အကျိုးရှိအောင် အသုံးမချတတ်သည့် အလေ့အထ ဖြစ်စေသော အကြောင်းတရားများမှာ အပျော်အပါး သို့မဟုတ် ဖျော်ဖြေမှုကို အလွန်အမင်း နှစ်သက် ဦးစားပေးခြင်းနှင့် ပျင်းရိခြင်းတို့ ဖြစ်သည်။ ပျင်းရိခြင်းကြောင့် မူလရှိပြီးသော အသိပညာ၊ အတတ်ပညာတို့ ယုတ်လျော့သွားချိန်တွင် ပျင်းရာမှ ဖျင်းသွားသဖြင့် မိမိနှင့် တန်းတူသူများထက် အရည်အသွေး နိမ့်ကျနေမည်သာ ဖြစ်သည်။

ပျင်းရိခြင်းကို ရှောင်၍ လုံ့လဝီရိယကို ဆောင်ရန် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးက သြဝါဒ ပေးထားသည်မှာ အကြင်သူသည် အိပ်ပျော်နေ၏။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါ တို့သည်လည်း အိပ်ပျော်နေကြကုန်၏။ အကြင်သူသည် အိပ်ရာမှ နိုးလာ၏။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့သည်လည်း လူးလွန့် လာကြကုန်၏။ အကြင်သူသည် အလုပ်လုပ်ရန် ထ၍ ထိုင်၏။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့သည်လည်း ခေါင်းထောင် လာကြကုန်၏။ အကြင်သူသည် လုပ်ငန်းခွင်သို့ စ၍ဝင်၏။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါ တို့သည်လည်း အကျိုးပေးဖို့ရန် အသင့်အနေအထား စောင့်စား၍ နေကြကုန်၏။ အကြင်သူသည် လုပ်ငန်းကို ဆုံးခန်းတိုင် ရောက်အောင ဇွဲသန်သန်ဖြင့် ပြုလုပ်၏။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါ တို့သည်လည်း လန်းလန်းဆန်းဆန်းဖြင့် ပြုံးပန်းပွင့်ကာ အပြည့်အဝ အကျိုးပေး ကုန်ကြတော့၏ ဟူ၍ မှတ်သားရဖူးသည်။

စင်ကြယ်သော အသက်မွေးမှု မှန်သမျှ ဂုဏ်ရှိသည်။ စင်ကြယ်သော အသက်မွေးမှု နှင့် မှန်သော စကားကိုသာ ပြောသူတို့မှာ ဟီရိသြတ္တပ္ပ တရားရှိပြီးဖြစ်သည်။ စင်ကြယ်သော အသက်မွေးမှုဖြင့် ဘဝ အောင်မြင်နေသူများ အပေါ် မနာလို ဝန်တိုစိတ် ထားခြင်းသည် မိမိကိုယ်မိမိ အပူပေးနေခြင်းသာ ဖြစ်သည်။ အရှက်အကြောက် တရားဟူသည် သူတစ်ပါး အကျိုး ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် မကောင်းပြုခြင်း၊ မမှန်သော စကားပြောခြင်း တို့ကို ပြုမူပြောဆိုရမှာ ရှက်တတ်ကြောက်တတ်ကြဖို့ ဖြစ်သည်။ သို့ဖြစ်၍ စင်ကြယ်သော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုသူတို့သည် ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုရိုးစကားအရ မိမိအလုပ်ကို ဇွဲကောင်းကောင်းဖြင့် လုပ်ကိုင်ကြလျှင် မိမိစိုက်ထုတ်သော လုံ့လဝီရိယနှင့် ပညာအားလျော်စွာ ကောင်းကျိုး သုခရရှိကြမည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

Read 317 times Last modified on Sunday, 22 April 2018 09:43