SJ WorldNews - шаблон joomla Авто

နေကပူ လေကနွေးမှာ ရင်လေးဖွယ် ဘေးအန္တရာယ် မကြုံရအောင်

Monday, 23 April 2018 08:28 font size decrease font size decrease font size increase font size increase font size

နေ့တာရှည်၍ညတာတိုသော ကဆုန်လရောက်သည်နှင့် နေ့အပူချိန်များ မြင့်တက်လာရာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ ချောက်မြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်ရှိပြီး အခြားမြို့များမှာလည်း ၄ဝ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

နေ့အချိန် နေအပူရှိန်ပြင်းသည်နှင့်အမျှ တိုက်ခတ်သော လေကလည်း ပူနွေးသောလေကိုသာ တိုက်ခတ်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို သာမန်အချိန်များထက် ပို၍ဂရုစိုက်ကြရန် လိုအပ်သည်။ အိမ်မှုကိစ္စများနှင့် လုပ်ငန်းကိစ္စများ၌ ဖယောင်းတိုင်၊ ရေနံဆီ၊ ထင်း၊ မီးသွေးဖြစ်စေ၊ လျှပ်စစ်ဓာတ်အားဖြစ်စေ အသုံးပြုကြရာမှ မီးဘေးအန္တရာယ်ကြုံတွေ့ရသော သတင်းများ စဉ်ဆက်မပြတ် ကြားသိနေကြရသည်မှာ စိုးရိမ်ဖွယ် အခြေအနေ ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ(၆)၌ ဧပြီ ၁၇ ရက် နံနက် ၉ နာရီခွဲတွင် ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများက အချိန်မီ ဝိုင်းဝန်းငြှိမ်းသတ်နိုင်သဖြင့် ၉ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားပြီး   ပတ်ဝန်းကျင် ကူးစက်လောင်ကျွမ်းခြင်းနှင့် လူထိခိုက်မှု မရှိကြောင်း သိရသည်။ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာ ကိုးဆူကမ်းနား ရပ်ကွက်ရှိ လူနေအိမ် တစ်အိမ်၌ ဧပြီ ၁၈ ရက် နံနက် ၁ဝ နာရီခန့်က ဖယောင်းတိုင်မီးဖြင့် ဘုရားမီး ပူဇော်ထားရာမှ မီးစတင် လောင်ကျွမ်းရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊   မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများက အချိန်မီ ဝိုင်းဝန်းငြှိမ်းသတ်နိုင်သဖြင့် မီးငြိမ်းသွားသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန်(၂)မှ အမှတ်(၆၃)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စက်ရုံတစ်ရုံ ပေ (၈ဝ x ၆ဝ) RC သုံးထပ်အဆောက်အအုံ ပထမထပ်တွင်  တပ်ဆင်ထားသော လေအေးစက်ဆေ့ဖ်ဂတ် အပူလွန်ရာမှ ဧပြီ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်က မီးစတင်လောင်ကျွမ်းရာ မီးလောင်မှုကို Level-2အဆင့်သတ်မှတ်၍ မီးသတ်တပ်ဖွဲ့မှ သန္ဓေတပ်ဖွဲ့ဝင် ၁၉၉ ဦးနှင့် အရန်တပ်ဖွဲ့ဝင်၉၁ ဦးတို့က မီးသတ်ယာဉ်များဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်သဖြင့် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးသည့်တန်ဖိုးငွေကျပ် ၁၅ သိန်းခွဲကျော်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ် ဖွားစောကျေးရွာအုပ်စု အရှေ့ကန်ပေါက်ကျေးရွာ၌ ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်မီးလောင်ကျွမ်းရာ လူနေအိမ် သုံးလုံး၊ နွားတင်းကုပ်တစ်လုံးနှင့် စူပါကပ်ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးသွားသည်။ မီးလောင်မှုကို မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးလက်ပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ်

များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် မီးငြိမ်းသွားကြောင်း သိရသည်။ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်ရှိ ပွဲရုံအပေါ်ထပ်၌ ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီက ထမင်းပေါင်းအိုး တည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်းအဖီတစ်ခုနှင့် လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ကုန်းကျေးရွာ၌ ဧပြီ ၁၇ ရက် ည ၁ဝ နာရီ မိနစ် ၄ဝ က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အုန်းတောနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က  သွားရောက်ငြှိမ်းသတ်ကြရာ  မိနစ် ၂ဝ ခန့် အကြာတွင် မီးငြိမ်းသွားသော်လည်း လူနေအိမ်တစ်လုံးနှင့် နွားမတစ်ကောင် မီးလောင်ဆုံးရှုံးသွားသည်။

မီးလောင်ရသည့်အကြောင်းရင်း စစ်ဆေးချက်အရ အိမ်ရှင်မိသားစုသည် ဆွေမျိုးများအိမ်သို့ အလည်သွားရောက်စဉ် ၎င်းတို့နေအိမ်ရှိ လျှပ်စစ်မီးခလုတ်ခုံ အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ရိဒ်မြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း မြန်မာ-အိန္ဒိယ နယ်စပ်တံတားအနီးရှိ လူနေအိမ် ခုနစ်လုံးသည် ဧပြီ ၁၆ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်မှစ၍မီးလောင်ကျွမ်းရာ ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် မိနစ် ၄ဝ ခန့်အကြာတွင် မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်သည့် နေရာများအား ရိခေါဒါရ်စခန်းမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်ပြည်သူများ စုပေါင်း၍ ဧပြီ ၁၇ ရက် နံနက် ၇ နာရီမှစတင်၍ ရှင်းလင်းဖယ်ရှားသည့် လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ မီးလောင်ရာတွင် နေအိမ်ဆုံးရှုံးသွားသော မီးဘေးသင့်ပြည်သူများသည် နီးစပ်ရာ ဆွေမျိုးများထံ

ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ဧပြီ ၁၈ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် ဟားခါးတပ်နယ်မှ တပ်မတော်သားများက မီးဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ် လှူဒါန်းကြသည်။ ထို့ပြင် ဧပြီ ၁၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်   ညောင်ကိုင်းကျေးရွာရှိ   နေအိမ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့ အမိုးလန်ပျက်စီးသွားရာ ရွှေဘိုတပ်နယ်မှ တပ်မတော်သားများက ဧပြီ ၁၉ ရက်တွင် နေအိမ်အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း၊ လဲကျနေသောသစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းပေးခြင်းတို့ ဆောင်ရွက်ကြသည်။

သို့ဖြစ်၍ ကဆုန်လ နေ့အပူရှိန်ပြင်းထန်ခြင်းကြောင့် မြန်မာပြည်သူအပေါင်းတို့ အနေဖြင့် ရင်လေးဖွယ်ရာ ဘေးအန္တရာယ်များမှ အထူးသဖြင့် မီးဘေးမကြုံတွေ့ရစေရန် သတိတမံ ဉာဏ်မြေ ကတုတ်ဖြင့် အားထုတ်ကာကွယ်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။     

Read 360 times Last modified on Monday, 23 April 2018 08:30