SJ WorldNews - шаблон joomla Авто

လူငယ် အနာဂတ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်

Wednesday, 25 April 2018 08:29 font size decrease font size decrease font size increase font size increase font size

လူငယ်အနာဂတ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ဧပြီ ၂၂ ရက် နံနက်ပိုင်းက ကျင်းပရာ မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက် ဆွေးနွေးကြသည်။

ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပသည့် ရည်ရွယ်ချက်များမှာ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်၊ မိမိတို့ ရပ်ရွာဒေသအတွင်း ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူအကြား ဆွေးနွေးသည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှု မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်ဖြစ်သည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူမှုရေးအသင်း အဖွဲ့မှ တာဝန်ရှိသူတို့က လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုလျော့နည်း ကျဆင်းရေး၊ တားဆီးကာကွယ်ရေးနှင့် ဥပဒေဖြင့် အရေးယူဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ဆေးဖြတ်ကုသရေးနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း ဆွေးနွေးကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကြားသိရသော မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး သတင်းများမှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ၌ မူးယစ်ဆေးဝါး သတင်းအရ မိုးညှင်းခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် ဧပြီ ၂၂ ရက် နံနက် ၇ နာရီခွဲတွင် လူနှစ်ဦး စီးလာသော မော်တော်ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ မော်တော်ဆိုင်ကယ်မောင်းသူ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လျက် ရောင်စုံဆပ်ပြာခွက် လေးခွက်အတွင်း ထည့်ထားသည့် ဘိန်းဖြူမှုန့် အလေးချိန် ၄ဝ ဂရမ်ရှာဖွေတွေ့ရှိသဖြင့် မူးယစ်ဆေးဝါး ဥပဒေဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ သင်္ချိုင်းအနီး၌ စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများ စောင့်ဆိုင်းနေကြစဉ် မသင်္ကာဖွယ် တွေ့ရှိရသူတစ်ဦးအား စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသော မီးခိုးရောင် အနွေးထည်အင်္ကျီ ဝဲဘက်အိတ်ကပ်အတွင်းမှ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝ ပြားစီ ပါရှိသည့် အထုပ်နှစ်ထုပ်၊ ဆေးပြား ၇ဝ ပါတစ်ထုပ် စုစုပေါင်းဆေးပြား ၄၇ဝ အလေးချိန် ၄၇  ဂရမ်ခန့်နှင့်  အဖြူရောင် ပလတ်စတစ်ကော်ဘူးရှည် အတွင်း ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန် ၄ ဂရမ်ခန့်စီပါရှိသော ဘူးနှစ်ဘူး စုစုပေါင်းအလေးချိန် ၈ ဂရမ်ခန့်တို့ကို ရှာဖွေတွေ့ရှိသဖြင့် ဥပဒေအရ ဆောင်ရွက်ရန် အမှုဖွင့်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ် ချင်းရွှေဟော် သံတံတားအနီး၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးစဉ် ဧပြီ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လောက်ကိုင်မှ ချင်းရွှေဟော်သို့ မောင်းနှင်လာသော SURF အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်ရှေ့စက်ခန်း Air Cleaner  အတွင်းဝှက်၍ သယ်ဆောင် လာသော WYစာတန်းပါစိတ်ကြွဆေးပြား ၅၇ဝဝ၊ ပလတ်စတစ်ဘူးဖြင့် ထည့်ထားသည့် ဘိန်းဖြူမှုန့် ၉ဝ ဂရမ်(စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ်၁ဝ၃ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိသဖြင့် ဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်ကို ချင်းရွှေဟော်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ သိန်းနီမြို့နယ် သိန်းနီတိုးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများ စစ်ဆေးနေစဉ် ဧပြီ ၂ဝ ရက် နံနက် ၈ နာရီခွဲခန့်တွင် အိမ်စီးယာဉ် တစ်စီးပေါ်မှ ဘိန်းဖြူ ၁၁ ဂရမ်ပါ ဆပ်ပြာခွက် ၁၅၄ ခွက်ခန့်မှန်း ၁ ဒသမ ၆၉၄ ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၁ သိန်းကျော် ဖမ်းဆီးရမိသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ကျောက်သွေးတောင် ဘုရားအနီး၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် ဧပြီ ၁၉ ရက် ည ၆ နာရီခွဲတွင် မော်တော်ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာ မုန့်ပုံးအတွင်းမှ အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါစိတ်ကြွဆေးပြား ၂၅၉၇ဝ ပြား(ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၂ဝဝ ကျော်)၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသည့်  လက်ကိုင်ဖုန်းသုံးလုံးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှစ်ခုတို့ကို ရှာဖွေသိမ်းဆည်း ရမိသဖြင့် ဖမ်းဆီးရမိသူသုံးဦးတို့အား ဖားကန့်မြို့မရဲစခန်းက ဥပဒေအရ ဆက်လက် ဆောင်ရွက်ထားသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ကံကြီးကုန်းကွက်သစ်ရှိ နေအိမ်တစ်အိမ်သို့ မူးယစ်တပ်ဖွဲ့စု(၁၈)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဧပြီ ၁၉ ရက် ညနေ ၅ နာရီခွဲတွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁ဝ၈ဝ၇ဝ ပြား(ကာလတန်ဖိုးငွေကျပ် ၅၄ဝ၃ သိန်းကျော်) ကိုဖမ်းဆီးရမိသဖြင့် အိမ်ရှင်ကို ဥပဒေအရ အရေးယူထားသည်။

သို့ဖြစ်၍ ယနေ့အချိန်သည် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် နီးကပ်နေပြီဖြစ်သဖြင့် လူငယ်ထုအတွင်း မူးယစ်ဆေးဝါး ကင်းဝေးစေရေး အတွက် တားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုင်းရင်းသားပြည်သူ အားလုံးတို့က ပူးပေါင်း ဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

Read 364 times Last modified on Wednesday, 25 April 2018 08:30