SJ WorldNews - шаблон joomla Авто

ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့

Friday, 27 April 2018 08:13 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ပြည်ပနိုင်ငံများသို့ သွားနည်းအမျိုးမျိုးဖြင့် သွားရောက်၍ အလုပ်အကိုင် အသီးသီး၌ ဝင်ရောက်လုပ်ကိုင်နေကြရာ အဆင်ပြေသူများ၊ အဆင်မပြေသူများ စသည်ဖြင့် အခြေအနေချင်း မတူညီကြကြောင်း ကြားသိနေရသည်။

အိမ်နီးချင်းထိုင်းနိုင်ငံသို့  သွားရောက် အလုပ်လုပ်ကိုင်နေကြသူများမှ အမျိုးသမီးငယ် တစ်ဦးသည် ဖေဖော်ဝါရီ ၁ ရက်တွင် ထိုင်းအစိုးရကဖွင့်သော ထီဆုတစ်ဆုပေါက်သည့် သတင်းကို ကြားရသည်။ ထီဆုငွေမှာ ဘတ်သန်း ၆ဝ ဖြစ်သဖြင့် နေရပ်ပြန်၍ လုပ်ကိုင်စားသောက်လောက်သော အရင်းအနှီးဖြစ်သောကြောင့် ကာယကံရှင် ဝမ်းသာသည့်နည်းတူ ကြားရသူ အပေါင်းတို့မှာလည်း မုဒိတာပွားကြရသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် မဲဆောက်မြို့ ဘန့်ဝမ်းသခီးယမ်း ကျေးရွာရှိ Gold File အမည်ရှိသော ကျောက်သွေးစက်ရုံ၌ မြန်မာလုပ်သား ၁ဝဝဝ ခန့်ရှိကြရာ လုပ်အားခ အပြည့်မရရှိသည့်အပြင် အချိန်ပိုကြေးများပါ ဖြတ်တောက်ခံရပြီး စာရွက်စာတမ်းကြေးများ ပိုကောက်ခံသဖြင့် မြန်မာလုပ်သားများက ဆန္ဒထုတ်ဖော်ကြသည်ကို ထိုင်းတပ်မတော်နှင့် နယ်ခြားစောင့် ရဲများက စက်ရုံပြင်ပသို့ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံဥပဒေအရ ယင်းစက်ရုံမှ မြန်မာလုပ်သားများအား တစ်နေ့တွက် လုပ်အားခအဖြစ် ဘတ်၃ဝဝ ပေးချေရမည်ဖြစ်သော်လည်း အပြည့်အဝမရကြဘဲ ဘတ် ၂ဝဝ မှ ၂၅ဝ ကြားသာ ပေးချေခြင်း၊ အချိန်ပိုကြေး တစ်နာရီလျှင် ဘတ် ၆ဝ ပေးရမည့်အစား ၂၅ ဘတ်သာပေးချေခြင်း၊ အလုပ်သမားများ၏ ကျန်းမာရေး အခြေအနေအရ အလုပ်မဆင်းနိုင်သော ရက်အတွက်ကိုမူ  အတိ အကျဖြတ်တောက်ခြင်း၊ စာရွက်စာတမ်းကြေး များကိုလည်း ရှင်းမပြဘဲ ပိုမိုဖြတ်ခြင်းတို့ကြောင့် မြန်မာလုပ်သားများက ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာနိုင်ငံသားများ အရေးလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်ကို ကိုးကား၍ နေ့စဉ်သတင်းစာတစ်စောင်က ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဟတ်ရိုင်မြို့၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆောက်လုပ်ဆဲ ငါးထပ်ဟိုတယ်၌ အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးသည် ဗို့အားမြင့် လျှပ်စစ်ဝါယာကြိုးကို ကိုင်မိရာမှ ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန် ရရှိသဖြင့် ဟတ်ရိုင်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသည်။ သေဆုံးသူထံတွင် စာရွက်စာတမ်း အထောက်အထား မတွေ့ရသဖြင့် မည်သူမည်ဝါဖြစ်ကြောင်းကို ၎င်း၏ လုပ်ငန်းရှင်ထံ ဆက်သွယ် မေးမြန်းထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြောင်း ထိုင်းနိုင်ငံထုတ် ဗန်ကောက်ပို့စ် သတင်းစာကို ကိုးကား၍ နေ့စဉ်သတင်းစာတစ်စောင်၌ ဖော်ပြထားသည်။

ပြည်တွင်းကုမ္ပဏီ တစ်ခုက ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ ဓာတ်မြေသြဇာစက်ရုံတွင် အလုပ်လုပ်ကိုင်ရန်  MoU ဖြင့် ပို့ဆောင်ပေးလိုက်သော မြန်မာလုပ်သား ၁၈ ဦးတို့သည် သတ်မှတ်ထားသည့် အလုပ်အကိုင် မရရှိသည့်အပြင် အလုပ်ပုံမှန် မလုပ်ရသည့်အတွက် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ ကျောက်လုံးကြီးလမ်းရှိ ပြန်လည်ကြိုဆိုရေး စခန်းသို့ ဧပြီ ၂၂ ရက် နံနက်ပိုင်းက ပြန်လည်ရောက်ရှိ လာကြသည်။ ပြန်လည်ရောက်ရှိ လာကြသူများနှင့် သတင်းမီဒီယာတို့တွေ့ဆုံစဉ် ၎င်းတို့၏ပြောကြားချက်အရ သိရသည်မှာ တောင်သာမြို့နယ်မှ တစ်ဦးက ရွာမှာရှိသော အလုပ်သည် တစ်နေ့လျှင် ငွေကျပ် ၃ဝဝဝ ခန့်သာရရှိသဖြင့် ပိုရလိုသော ဆန္ဒဖြင့် ထိုင်းနိုင်ငံသို့သွားရန် အခြားသူများထံမှ ငွေချေးယူပြီး ပွဲစားနှင့် ကုမ္ပဏီကို ဆက်သွယ်၍ ထိုင်းနိုင်ငံသို့ ထွက်သွားရာ စုစုပေါင်းငွေကျပ် ၁ဝ သိန်းခန့် ကုန်ကြောင်း၊ သို့သော် ထင်ထားသလို ဖြစ်မလာသည့်အတွက် ပြန်လာရကြောင်း ရှင်းပြသည်။

မိတ္ထီလာမြို့နယ်မှတစ်ဦးက စာချုပ်ပါအတိုင်း အယုဒ္ဓယမြို့နယ်ရှိ ဓာတ်မြေသြဇာစက်ရုံ၌ MoU အရ ရောက်ရှိခဲ့သော်လည်း လုပ်ခအပြည့်မရဘဲ ၁၅ ရက်သာ အလုပ်လုပ်ရပြီး နောက်နေ့များတွင် အလုပ်ဆက်မလုပ်ရတော့သဖြင့် ပြန်လာရခြင်းဖြစ်ကြောင်း၊ စာချုပ်သက်တမ်း နှစ်နှစ်ဖြစ်သော်လည်း ၁၅ ရက်လုပ်ပြီး ပြန်ခဲ့ရသည့်အတွက် နစ်နာကြေးပြန်ပေးမည် ဆိုသော်လည်း မိမိမှာ အခြားသူများထံမှ အတိုးနှင့် ချေးယူထားရသော ငွေဖြစ်သည်ဟု ဆိုသည်။ တပ်ကုန်းမြို့နယ်မှ တစ်ဦးက ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးသည် နွားတစ်ရှဉ်း(နှစ်ကောင်)ကို ရောင်း၍ ပွဲစားမှတစ်ဆင့် ဆက်သွယ်သွားကြရာ စုစုပေါင်း ၁၈ သိန်းခန့် ကုန်ကျခဲ့သော်လည်း ယခုကုမ္ပဏီက တစ်ဦးလျှင် ငွေကျပ် ၆၂၅ဝဝဝ ပြန်ပေးမည် ဆိုသဖြင့် ကျန်သည့် ကုန်ကျစရိတ်များအတွက် ပြန်မရနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒွယ်လုံမြို့နယ် လမ်းသုံးခွလမ်းဆုံအနီး၌ ချင်းမိုင်မြို့သို့ တရားမဝင် သွားရောက်မည့် မြန်မာနိုင်ငံသား ၁၆ ဦးနှင့် ပို့ဆောင်ပေးသူတို့ကို ဧပြီ ၂၄ ရက် နံနက်ပိုင်းက ဖမ်းဆီးထားကြောင်း၊၎င်းတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့၌သာ အလုပ်လုပ်ကိုင်ခွင့် ရှိသည့် အထောက်အထားရှိပြီး သတ်မှတ်ရက် ကျော်လွန်နေသည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသော မြန်မာရွှေ့ပြောင်း လုပ်သားများမှာ MoU ဖြစ်သည့် တိုင်အောင် အဆင်မပြေသူများရှိသကဲ့သို့ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများ ရှိကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရခြင်းကြောင့် ချောင်းကိုပစ်၍မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့သူများ၊ ချောင်းကိုပစ်၍မြစ်ကိုရှာသည်၊ သွေဖည်ဘဝဆုံးပြီတည်း ဆိုရမည့်သူများ စသည်ဖြင့် အမျိုးမျိုး တွေ့နေရသည့် အခြေအနေများ လျော့နည်းပပျောက်ရေး  ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ 

Read 372 times Last modified on Friday, 27 April 2018 08:14