SJ WorldNews - шаблон joomla Авто

ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အမှိုက်ပုံကို ရှင်းလင်းပေး

Saturday, 28 April 2018 09:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ လူဦးရေထူထပ်စွာ နေထိုင်လျက်ရှိကြရာ မြို့နယ်အသီးသီးမှ နေ့စဉ်စွန့်ပစ် အမှိုက်တန်ချိန် ၂၅ဝဝ ကျော်ရှိသည့်အနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက အမှိုက်တန်ချိန် ၂၃ဝဝ ကို ပုံမှန်သိမ်းဆည်း၍  ထိန်ပင်၌ တန် ၁ဝဝဝ၊ ထားဝယ်ချောင်၌ တန် ၈ဝဝ ကျော်၊ ဒလမြို့နယ်ရှိ အမှိုက်ပုံ၌ တန် ၅ဝ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိအမှိုက်ပုံ၌ တန် ၆ဝ တို့ကို အသီးသီးစုပုံထားသည့်အပြင် လှော်ကားအမှိုက်မီးရှို့စက်၌ တန် ၆ဝ ကိုမီးရှို့၍ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးလျက်ရှိသည်။

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသည် ဧက ၃ဝဝဝ ခန့် ကျယ်ဝန်းပြီး အမှိုက်စုပုံခဲ့သည်မှာ ယခုအချိန်၌ သက်တမ်း ၁၇ နှစ်ကြာပြီဖြစ်သည့်အတွက် အမှိုက်ထုထည်မှာ အချို့နေရာ၌ ၁၈ ပေခန့်နှင့် အချို့နေရာ၌ ပေ ၂ဝ ခန့်ရှိပြီး စုစုပေါင်း အမှိုက်တန်ချိန်သန်း ၅ဝ ခန့်ရှိကြောင်း ခန့်မှန်းထားသည်။ အမှိုက်ထဲတွင် ခိုအောင်းနေသော မီသိန်းဓာတ်ငွေ့များ ယိုစိမ့်ထွက်နေရာမှ လေပွေတိုက်ချိန်  လေထုအတွင်း ပါလာသည့် အောက်ဆီဂျင်နှင့် ပွတ်တိုက်မိသောအခါ မီးလောင်တတ်သည့်သဘာဝအရ ဧပြီ ၂၁ ရက် မွန်းလွဲချိန်မှစ၍ မီးလောင်ကျွမ်းပြီး  လေထု ညစ်ညမ်းမှုဖြစ်ခြင်းကြောင့် ဧပြီ ၂၅ ရက်အထိ ပတ်ဝန်းကျင်နေပြည်သူများ အသက်ရှူကျပ်သဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ လူ ၁၇ ဦးတက်ရောက် ကုသနေကြသူများမှာ လှိုင်သာယာမြို့နယ် အတွင်း ထိန်ပင်အမှိုက်ပုံနှင့်နီးကပ်သော အမှတ်(၁၈)နှင့် အမှတ်(၂ဝ)ရပ်ကွက်၊ ကံလှကျေးရွာ၊ ကျုံစုကျေးရွာနှင့် ရွှေလင်ပန်းစက်မှုဇုန်အနီး နေထိုင်သူ အများစုဖြစ်ကြောင်း သိရသည်။

ဆေးရုံတက်ရောက်ကုသနေကြသူများအား စစ်ဆေးတွေ့ရှိချက်အရ ကာဗွန်မိုနောက်ဆိုက်ဟု ခေါ်သော အဆိပ်သင့် အခိုးအငွေ့ရှူရှိုက်မိသည့် အဆင့်မျိုး မတွေ့ရသေးဘဲ  မူလရောဂါအခံရှိသော ပန်းနာရင်ကျပ်ဝေဒနာ၊ တီဘီရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ ရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် မိခင်များက ပို၍ထိခိုက်လွယ်သဖြင့် ၎င်းတို့ကို ဦးစားပေး ကုသပေးကြသည်။ ထိန်ပင်အမှိုက်ပုံ မီးလောင်ရာမှ ပျံ့လွင့်လာသော အခိုးအငွေ့ကို ရှူရှိုက်မိသဖြင့် ကင်ဆာရောဂါ မဖြစ်နိုင်သော်လည်း အသက်ရှူ လမ်းကြောင်းပိုင်းဆိုင်ရာ အားနည်းသူများအတွက် အမောဖောက်သည့် ဝေဒနာခံစားရနိုင်ပြီး  လေထုအတွင်း အခိုးအငွေ့ပါဝင်မှု သတ်မှတ်ချက်ထက် ကျော်လွန်ပါက အဆိပ်သင့်နိုင်ကြောင်း သိရသည်။ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ထိန်ပင်အမှိုက်ပုံနှင့် နီးစပ်သော ရပ်ကွက်၊ ကျေးရွာများ၌ ယာယီဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီး လိုအပ်ပါက ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ရန် လူမှုရေးအသင်း အဖွဲ့များကလည်း ရပ်ကွက်အသီးသီး၌ အရေးပေါ်လူနာတင်ယာဉ်များ စီစဉ်ထားကြသည်။

ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းသည်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မီးငြှိမ်းသတ်ယာဉ်များ အပါအဝင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊  မီးသတ်ရေသယ်ယာဉ် ၁၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၁ ဦးတို့ဖြင့် မီးငြှိမ်းနေကြခြင်းကြောင့် မီးလောင်မှု အရှိန်ကျဆင်းသွားသော်လည်း မီးခိုးများမှာ  အခြားမြို့နယ်များသို့ ပျံ့နှံ့နေဆဲဖြစ်သည်။ အဆိုပါမီးခိုးများသည် လေတိုက်ခတ်သည့် လမ်းကြောင်းအတိုင်း ပျံ့နှံ့လျက်ရှိရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့နှင့် အခြားလေလမ်းကြောင်းသင့်သော မြို့နယ်များသို့ မီးခိုးနှင့်ညှော်နံ့များ ပျံ့နှံ့နေသော်လည်း  မစိုးရိမ်ကြရန်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။  ဧပြီ ၂၆ ရက်အထိ အခြေအနေမှာတပ်မတော်မှ မီးသတ်ယာဉ်များ အပါအဝင် မီးသတ်ယာဉ် ၈ဝ ခန့်နှင့်   ငြှိမ်းသတ်နေသဖြင့် မီးလောင်ကျွမ်းမှု ၈ဝ ရာခိုင်နှုန်းငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း  ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယခင်ကာလများက ထိန်ပင်အမှိုက်ပုံ ပတ်ဝန်းကျင်သို့ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်မှု လုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးသော ပညာရှင်တစ်ဦး၏ပြောပြချက်အရ ၎င်းပတ်ဝန်းကျင်တွင် ဆာလ်ဖာဒိုင် အောက်ဆိုက်နှင့် မီသိန်းများနေပြီး လေထုကို တိုင်းတာသည့်အခါမှာလည်း အမှုန်အမွှား ပါဝင်မှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ချက်ထက် ကျော်လွန်ကြောင်း တွေ့ရသည်ဟု ဆိုသည်။ ထိန်ပင်အမှိုက်ပုံဖြစ်စဉ်နှင့် အလားတူဖြစ်စဉ်တစ်ခုမှာ ထိန်ပင်ခရစ်ယာန် သင်္ချိုင်းဝင်းအတွင်းရှိ အမှိုက်ပုံမှ  အပူလွန်ကဲ၍ မီးလောင်သည့်ဖြစ်စဉ်တစ်ခု မတ် ၅ ရက်မွန်းလွဲပိုင်းက ဖြစ်ပေါ်ခဲ့ရာ မီးသတ်ယာဉ်များဖြင့် အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အမှိုက်ကစပြာသာဒ် မီးလောင် ဆိုရိုးစကားအရ အမှိုက်ပုံမှ ထွက်သော  မီသိန်းဓာတ်ငွေ့နှင့်  လေပွေအတွင်းမှ အောက်ဆီဂျင်တို့ပွတ်တိုက်မိလျှင်  မီးလောင်စေတတ်သော သဘာဝကို ပြည်သူများအား အသိပညာပေးခြင်းနှင့် ရပ်ကွက်၊ ကျေးရွာများ အတွင်းရှိ အမှိုက်ပုံများ ရှင်းလင်းရေး ဆောင်ရွက်ခြင်းအားဖြင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်မည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   

Read 443 times Last modified on Saturday, 28 April 2018 09:22