SJ WorldNews - шаблон joomla Авто

လူ့အဖွဲ့အစည်း အတွင်း မိတ်ဆွေစစ်ကို တွေ့လိုသော်

Monday, 30 April 2018 08:57 font size decrease font size decrease font size increase font size increase font size

လူသားတို့ အသက်ရှင်ရပ်တည်ရာ ကမ္ဘာမြေပေါ်တွင် သဘာဝက ဖန်တီးထားသော တောတောင်နှင့် ပင်လယ်သမုဒ္ဒရာတွေ များလှသည်။ ထို့အတူ လူတို့တွင်လည်း သိကျွမ်းခင်မင်ရင်းနှီးသော မိတ်ဆွေများလှသည်။ သို့သော် တောတိုင်းမှာ စန္ဒကူးမရှိ၊ တောင်တိုင်းမှာ  ပတ္တမြားမရှိ၊  ပင်လယ်သမုဒ္ဒရာတိုင်းမှာ ပုလဲမရှိကြပေ။ ထို့အတူ လူတို့တွင်လည်း မိတ်ဆွေအင်္ဂါရပ်နှင့် ပြည့်စုံသော မိတ်ဆွေကောင်းကား ရှားပါးလှသည်ဟု လောကနီတိက ညွှန်ပြထားသည်။

မိတ်ဆွေဟူသော ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုကြရာ၌ တစ်ဦးနှင့်တစ်ဦး အကျိုးလိုလားစွာ ခင်မင်ဆက်ဆံသော အပေါင်းအသင်းဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ(၃)၌ ဖွင့်ဆိုထားသည်။ မိတ်ဆွေကောင်းဟူသည် စိတ်ကောင်းနှလုံးကောင်းရှိပြီး တစ်ဦးနှင့်တစ်ဦး အကျိုးလိုလားစွာ ခင်မင်ဆက်ဆံသော အပေါင်းအသင်းဖြစ်သည်။ သာမန်အပေါင်းအသင်းလည်း မဟုတ်၊ အသိအကျွမ်း မည်ကာမတ္တမျှလည်း မဟုတ်၊ သူ့အရေးကို မိမိအရေးသဖွယ် ထိတွေ့ခံစားမှုဖြင့် သာစေ၊ နာစေမရှိ၊ ကောင်းတူဆိုးဖက်၊ ကြင်နာစောင့်ရှောက် ပေါင်းသင်း ဆက်ဆံသူမျိုးပင်ဖြစ်ပေသည်ဟူ၍ ခေတ်သစ်စာပေ ပညာရှင်ကြီးများ ရေးသားသော စာပေများ၌ ဖတ်ရမှတ်ရဖူးသည်။

လူသည် တစ်ဦးတစ်ယောက်တည်း ခွဲထွက်နေခြင်းငှာ မသင့်လျော်သဖြင့် အခြားသူများနှင့် ထိတွေ့ပေါင်းသင်း ဆက်ဆံနေရသော ပေါင်းသင်းဆက်ဆံရေး သတ္တဝါဖြစ်သည်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာတွင် မိမိအကျိုးနှင့်  သူတစ်ပါးအကျိုးတို့ကို  အပြန်အလှန် လိုလားတန်ဖိုးထားတတ်သူ ဖြစ်ရမည်။ သူတစ်ပါးအကျိုးနှင့် မိတ်ဆွေအကျိုးတို့ ယှဉ်လာလျှင် မိမိမိတ်ဆွေဘက်မှ လူသားဆန်သော စိတ်ဓာတ်၊ တရားမျှတသော စိတ်ဓာတ်တို့ဖြင့် မားမားမတ်မတ် ရပ်တည်နိုင်သူဖြစ်ရမည်။ မိမိတစ်ဦးတည်း အကျိုးစီးပွားကိုသာမက အခြားသူများအပေါ်၌ စေတနာသန့်သန့်ဖြင့် ကူညီတတ်သူဖြစ်ရမည်။ လူတို့သည် လောကဓံတရား (၈)ပါးနှင့် ကြုံတွေ့နေကြရသူက အများစုဖြစ်သည်ကို နားလည်၍ စာနာမှုတရားထားကြလျှင် လူ့အဖွဲ့အစည်း သာယာနိုင်သည်။

မိတ်ဆွေတို့ကျင့်ဝတ်ကို ''ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ''ဟူ၍ သင်္ဂဇာဆရာတော် ဘုရားကြီးက ဆုံးမထားသည်ကို မြန်မာပြည်သူအပေါင်း ကြားဖူးကြပြီးဖြစ်သည်။ အချို့သော မိတ်ဆွေတို့သည် အယူသာရှိ၍ အပေးမရှိ။ တစ်ကိုယ်ကောင်းဆန်တတ်သည်။ အချို့သော မိတ်ဆွေတို့မှာ အပေါ်ယံနှုတ်ဖျားကသာ ပေးတတ်ကြသည်။ အချို့က ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာစလုံး၌ အကျိုးမရှိနိုင်သော ကိစ္စမျိုး၌ ဟန့်တားရမည့်အစား အလိုလိုက်အကြိုက်ဆောင်ကာ မိမိရလိုသော အခွင့်အရေးကို  အမိအရ ဆုပ်ကိုင်အသုံးချတတ်ကြသည်။  လူ့အဖွဲ့အစည်းအတွင်း မိတ်ဆွေကောင်းနှင့် ပေါင်းမိ၍ ပစ္စုပ္ပန် သံသရာကောင်းကျိုး ရရှိပုံကို အနော်ရထာမင်းကြီးနှင့် ရှင်အရဟံတို့ ပုဂံခေတ်တွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး အားထုတ်ကြသည့် ဥပမာဖြင့် ညွှန်ပြကြသည်။ အကျိုးလိုလို့ ညောင်ရေလောင်းသော မိတ်ဆွေတုနှင့် ပေါင်းမိသဖြင့် အကျိုးယုတ်ရပုံကို နယ်ချဲ့နှင့်ပေါင်းမိသဖြင့် မူးယစ်သေစာ စွဲလမ်းရာမှ အသက်ဆုံးရှုံးရသော တပင်ရွှေထီး၊  ဒီဗရစ်တိုနှင့် ရတုဘုရင်နတ်သျှင်နောင်တို့ ပေါင်းမိကြသည့် ဥပမာများဖြင့် ညွှန်ပြကြသည်။

ခေတ်သစ်စာပေပညာရှင်များက လူတစ်ဦး၏ ရိုးသားဖြောင့်မတ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ရိုးသားဖြောင့်မတ်ခြင်းသည် နုံခြင်း၊အခြင်း၊ ပညာမတတ်ခြင်းတို့ကို ဆိုလိုသည် မဟုတ်ဘဲ မိမိမရထိုက်သော ပစ္စည်း၊ မိမိမရထိုက်သော အခွင့်အရေးတို့ကို မမက်မောတတ်သူကို ရိုးသားဖြောင့်မတ်သူဟု ခေါ်ဆိုကြောင်းနှင့် ရိုးသားဖြောင့်မတ်သော ဂုဏ်ကိုရယူရန်မှာ မလွယ်ကူပါဟု ဆိုကြသည်။ မိမိမရထိုက်သော အခွင့်အရေး၊ မိမိမရထိုက်သော ပစ္စည်းကိုရအောင် အကျိုးလိုလို့ ညောင်ရေလောင်းကြသည်မှာ မိသားစု တစ်စုအတွင်းမှစ၍ လူ့အဖွဲ့အစည်း အသီးသီးတို့တွင် တွေ့မြင်ကြားသိနေရသော သာဓကများစွာ ရှိကြောင်း တွေ့နိုင်ကြသည်။ လူလိမ္မာတို့သည် အခြားသူများ၏ အမှားကို သင်ခန်းစာယူတတ်ကြသည်။ လူမိုက်တို့သည် မိမိကိုယ်တိုင်မှားမှ သင်ခန်းစာရကြသည်။ ပို၍မိုက်မဲသော သူတို့သည် မိမိကိုယ်တိုင် မှားပါလျက် သင်ခန်းစာ မယူတတ်ကြဟူသော ပုထုဇဉ်တို့ သဘာဝကို ပညာရှိများ ထောက်ပြထားသည်မှာ မှတ်သားလိုက်နာ ဖွယ်ဖြစ်သည်။

 လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာ၌ မိမိမိတ်ဆွေ အပေါင်းအသင်းသည် ယခင်က မည်သည့်လူစားမျိုးဖြစ်ပြီး မိမိကိုယ်ကျင့်သိက္ခာကို မည်မျှစောင့်ထိန်းသည်ကို ဆန်းစစ်ကြည့်ရန် လိုသကဲ့သို့ ယခင်က အမှားကို ယခုပြုပြင်နိုင်သူလားဆိုသည်ကိုလည်း ဆန်းစစ်ကြည့်ရန် လိုသည်။ ယခင်နှင့်ယခု ထူးခြားမှုမရှိသော် မိမိမကောင်းကြောင်းကို သိုဝှက်၍ သူများမကောင်းကြောင်း ပြောသူသာဖြစ်ပေမည်။ ဤသို့သော လူမျိုးသည် အကျိုးလိုလို့ ညောင်ရေလောင်းနေသူဖြစ်ပြီး သူ့အတွက် အကျိုးမပြုနိုင်သောအခါ ညောင်မြစ်ကိုပါ တူးမည့်သူ ဖြစ်လာဖွယ်ရှိကြောင်း သတိပြုကြရန် လိုသကဲ့သို့ မိသားစုအပေါ် တာဝန်ကျေပွန်မှု၊ ရပ်ရေးရွာရေး၊ လူမှုရေးတို့တွင် အများနှင့် ပူးပေါင်းပါဝင်မှု အခြေအနေတို့ကို လေ့လာသုံးသပ် အကဲဖြတ်ရန် လိုသည်။

သို့ဖြစ်၍ လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာတွင် မိတ်ဆွေစစ်ကို တွေ့လိုသော် မိမိကိုယ်တိုင်က မိတ်ဆွေစစ်ပီသရန်လိုသည်ကို သတိရှိကြရန်နှင့် မိမိကိုယ်ကို မအောင်နိုင်သမျှကာလပတ်လုံး လောကကိုအောင်နိုင်မည် မဟုတ်ကြောင်း ပညာရှိတို့ မှာထားကြသည်ကို မြဝတီက ထပ်လောင်းဖော်ပြ တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။     

Read 342 times Last modified on Monday, 30 April 2018 08:58