SJ WorldNews - шаблон joomla Авто

ကောင်းသော ကုန်သွယ်ခြင်းဖြင့် စီးပွားရှာရန် စိတ်ရည်သန်

Wednesday, 02 May 2018 08:21 font size decrease font size decrease font size increase font size increase font size

ကောင်းသော အသက်မွေးခြင်းရှိ၍ ပညာနှင့်လည်းပြည့်စုံ၊ သီလနှင့်လည်း ပြည့်စုံသူကို ပညာရှိတို့သည် ဟုတ်တိုင်းမှန်ရာသိ၍ နေ့တိုင်းနေ့တိုင်း ထပ်ခါထပ်ခါ ချီးမွမ်းကြလျှင် အကောင်းဆုံး ဇမ္ဗူရစ်ရွှေပြားနှင့် ထိုသူကို အဘယ်သူကဲ့ရဲ့နိုင်မည်နည်း။ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏။ ဗြဟ္မာတို့သည်လည်း ချီးမွမ်းကုန်၏ (ဓမ္မပဒ)။

လူတို့သည် နေ့စဉ်စားဝတ်နေမှု လုံအောင်ပြုနိုင်ရန် မရသေးသောဥစ္စာကို ရအောင်ရှာဖွေ၍ ရရှိပြီးသော ဥစ္စာကို  ပျက်စီးမသွားအောင် ကာကွယ် စောင့်ရှောက်လျက် ဥစ္စာ တိုးပွားအောင် ပြုလုပ်ကြရသည်။ ရေစက်ရေပေါက်ငယ်ကျသဖြင့် တဖြည်းဖြည်းပြည့်သော အိုးစရည်း၏ ဥပမာသည် အတတ်ပညာ သင်ကြားခြင်း၊ တရားဓမ္မ အားထုတ်ခြင်းနှင့် ဥစ္စာဓနရှာဖွေ စုဆောင်းခြင်းတို့၌ နည်းပေးလမ်းပြပင်ဖြစ်သည်။

လူတို့စားဝတ်နေမှု လုံအောင်ပြုရန် နေ့စဉ်ရုန်းကန်ကြရာ၌ စွမ်းဆောင်နိုင်သူတို့ အတွက် အလွန်လေးသော ဝန်ဟူ၍မရှိ၊ ဥစ္စာစုဆောင်းရှာဖွေ လိုသူတို့အတွက် ဝေးသောအရပ်ဟူ၍မရှိ၊ အတတ်ပညာရှိသူတို့အတွက် တစ်ရပ်တစ်ကျေးဟူ၍မရှိ၊ ပီယဝါစာ ပြောကြားတတ်သူတို့အတွက် ရန်သူဟူ၍ မရှိပေဟူသော ပညာရှိများ၏ အဆိုအမိန့်တို့ကို နှလုံးသွင်းကာ သူတော်ကောင်းတို့ ဥစ္စာခုနစ်ပါးနှင့်ပြည့်စုံအောင် ကြိုးစားကြရမည်ဖြစ်သည်။

မြတ်ဗုဒ္ဓဟောကြားခဲ့သည့် သူတော်ကောင်းတို့ ဥစ္စာခုနစ်ပါးမှာ သဒ္ဓါ၊ သီလ၊ ဟီရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာတို့ဖြစ်သည်။ သဒ္ဓါကံကံ၏ အကျိုးကိုယုံကြည်၍ ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်။ မကောင်းမှုပြုလျှင် မကောင်းကျိုး ခံစားရမည်ကို သိအောင် အားထုတ်လျက် ဆောင်ရန်၊ ရှောင်ရန်တို့ကို ပညာဉာဏ်ဖြင့် ဆင်ခြင်ကြရပေမည်။

ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသော  မြန်မာ့လူ့အဖွဲ့အစည်းတွင်  ကောင်းသော ကုန်သွယ်ခြင်းနှင့် ကောင်းသော လယ်လုပ်ခြင်းဟူသည့် ကောင်းသော အသက်မွေးမှုဖြင့်သာ ဘဝရပ်တည် ရှင်သန်ရေး နည်းပေးလမ်းပြ ဆုံးမထားသည်ကို လိုက်နာကျင့်သုံးကြသူများ ရှိသကဲ့သို့ လျစ်လျူရှုသူများရှိကြသည်။ ဥစ္စာစီးပွား ရှာဖွေကြရာတွင် စားသုံးရန် မသင့်သော စားသောက်ကုန်များနှင့်  သုံးစွဲရန်မသင့်သော လူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းရောင်းချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် မကိုက်ညီသော ရေသန့်နှင့်ဆေးဝါး အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်း စသည့် သတင်းများကို တွေ့နေရပေရာ ကောင်းသော ကုန်သွယ်ခြင်းဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုသည်။

ကုန်ပစ္စည်းထုတ်လုပ် ရောင်းချသူများနှင့် တစ်ဆင့်ခံ ရောင်းချသူများသည် စရိတ်သေနှင့် စရိတ်ရှင်တို့ကို တွက်ချက်၍ အမြတ်အစွန်းရအောင် ရောင်းချကြသည်။ ကုန်ပစ္စည်း ဈေးနှုန်းသတ်မှတ်ရာတွင် ကုန်ကျစရိတ်အပေါ် အခြေခံ၍ သတ်မှတ်သည်ဟု ဆိုသော်ငြား ဈေးနှုန်းကို ဈေးကွက်ကသာ အဆုံးအဖြတ်ပေးသည်။ ကုန်ပစ္စည်းဈေးနှုန်းသည် အလွန်နည်းနေသည် ဆိုသော် ဝယ်ယူသုံးစွဲသူတို့က ကုန်ပစ္စည်း အရည်အသွေးကို သံသယရှိတတ်သည်။ စားသုံးသူကို ယုံကြည်မှု တည်ဆောက်ရာတွင် အလေးမှန်၊ ဈေးမှန်၊ ပစ္စည်းမှန်ဖြစ်အောင် ကုန်ပစ္စည်းထုတ်လုပ် ရောင်းချသူတို့က ကြိုးစားကြခြင်းဖြင့် မိမိထုတ်လုပ်သော ကုန်ပစ္စည်းဝယ်ယူ သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်ရမည်ဖြစ်သည်။

သို့ဖြစ်၍  စားသုံးကုန်ပစ္စည်းနှင့်  လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရောင်းချကြသော လုပ်ငန်းရှင်များနှင့် တစ်ဆင့်ခံရောင်းချကြသူ အပေါင်းတို့သည် မလှူနိုင်လျှင်ဈေးရောင်း ဆိုသော မြန်မာ့ လူမှုရေးနယ်ပယ်မှ ဆိုရိုးစကားကို အလေးထားကာ ကောင်းသော ကုန်သွယ်ခြင်းဖြင့် စီးပွားရှာရန် စိတ်ရည်သန်သင့်ပါကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   

Read 409 times Last modified on Wednesday, 02 May 2018 08:21