SJ WorldNews - шаблон joomla Авто

ဂေဟစနစ် တည်ငြိမ်ရေး သစ်ပင်များကို ထိန်းသိမ်း

Thursday, 03 May 2018 08:12 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နိုင်ငံများ၌ ရာသီဥတုပြောင်းလဲမှု အဆိုးရွားမှုတွင် မြန်မာနိုင်ငံသည် ဒုတိယ နေရာ၌ရှိသည်။ ရာသီဥတုအစွန်းရောက်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း တို့သည် သစ်ပင် သစ်တောများ ပြုန်းတီးခြင်း၏ အကျိုးဆက်များဖြစ်သည်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည် ၂ဝဝဝ ပြည့်နှစ်တွင်  ၆၅  ရာခိုင်နှုန်းကျန်ရှိနေရာမှ ၂ဝ၁၅ ခုနှစ်သို့ရောက်သော် ၄၅ ရာခိုင်နှုန်းသာရှိတော့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က ခန့်မှန်းထားပြီး နှစ်စဉ် သစ်တောပြုန်းတီးမှုမှာ ဟက်တာ ၅၄၆ဝဝဝ ခန့်ရှိကြောင်း သိရသည်။

သစ်ပင်သစ်တောများကို ထိန်းသိမ်းကြရန် ဥတုရာသီတောကိုမှီ၏ ဟူသော သတိပေးစကားကို မေ့လျော့နေကြသူတို့က သစ်ပင်များကို မဆင်မခြင် ခုတ်လှဲသုံးစွဲနေကြသည့် သတင်းများအား စဉ်ဆက်မပြတ် ကြားသိနေရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းနယ် ကွန်လုံကျေးရွာအနီး၌ တရားမဝင် သစ်တင်ယာဉ်များ ရပ်တန့်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးရာ ကွန်လုံကျေးရွာအထွက်   နတ်စင်အနီး၌ ရပ်တန့်ထားသည့်  ယမ်းဖောင်အမျိုးအစား ခြောက်ဘီးယာဉ် သုံးစီးပေါ်တင်ဆောင်ထားသော တရားမဝင် ကျွန်းသစ်လုံးနှင့် ပိတောက်ဓားရွေတုံးဆိုဒ်စုံ တန် ၃ဝ ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိသည်။ အလားတူ ယင်းနေ့ညနေပိုင်းတွင် ဟိုနားကျေးရွာအနီး၌ ရပ်တန့်ထားသော သစ်တင်ယာဉ် ၁၁ စီးအား ထပ်မံသိမ်းဆည်းရမိသည်။ အဆိုပါမော်တော်ယာဉ်များနှင့် တရားမဝင် သစ်များအား နမ့်ခမ်းမြို့နယ် သစ်တောဦးစီးဌာနသို့  စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး  အင်းတော်မြို့နယ်  မိုးလှိုင်ကုန်းကျေးရွာ တောင်ဘက်ရှိ  တောစပ်အနီး၌ ရပ်တန့်ထားသည့် ခြောက်ဘီးယာဉ်တစ်စီးကို နယ်မြေခံရဲကင်းမှ တာဝန်ရှိသူများက ဧပြီ ၂၇ ရက် နံနက် ၁ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် တမလန်းသစ်ဓားရွေတုံး ၈၃ တုံး ခန့်မှန်း တရားမဝင်သစ် ၁ တန်ခန့်အား သိမ်းဆည်း

ရမိသဖြင့် အင်းတော်မြို့မရဲစခန်းက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ရန် စီစဉ်ထားကြောင်းသိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ် မအူကုန်း-မိုးလုံးဘိနယ်ကြိုးပြင် ကာကွယ်တော အကွက်အမှတ်(၂၃)၌ သစ်တော ဦးစီးဌာနက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဧပြီ ၂၇ ရက် ည ၈ နာရီခွဲတွင် တရားမဝင် စုပုံထားသည့် ကျွန်းသစ် ၁ဝ လုံး ခန့်မှန်း ၁ ဒသမ ၅၆ တန်ခန့် သစ်ပုံအနီး၌ သစ်များ တင်ဆောင်ရန် ရပ်တန့်ထားသော ဟီးနိုးအမျိုးအစား ခြောက်ဘီးယာဉ်နှစ်စီးကို သိမ်းဆည်းရမိသဖြင့် မဘိမ်းမြို့မရဲစခန်းက ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့၌ တရားမဝင်ကျွန်းသစ်များ သယ်ဆောင်ဖြတ်သန်း မောင်းနှင်မည့် ကြိုတင်သတင်းအရ မံရွတ်ကျေးရွာ ရထားလမ်းကုန်းအနီး၌ ဧပြီ ၂၃ ရက် နံနက် ၅ နာရီခွဲက စောင့်ဆိုင်းနေစဉ်  မံရွတ်ကျေးရွာဘက်မှ မိုးမောက်မြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်မပါ ပါဂျဲရိုးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသော ကျွန်းသစ်အချောင်း ၈ဝ သိမ်းဆည်းရမိသဖြင့် ဗန်းမော်မြို့မရဲစခန်းက ဥပဒေအရ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဧပြီ ၂၂ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် မန္တလေးမှ မူဆယ်သို့မောင်းနှင်လာသည့် အိမ်စီး မော်တော်ယာဉ်နှစ်စီးအား ရပ်တန့် စစ်ဆေးရာ ယာဉ်များပေါ်တွင် တရားမဝင် တင်ဆောင်လာသော ပိတောက်ဓားရွေတုံး ၆၉ တုံး ခန့်မှန်း ၂ တန်ကျော် ကာလတန်ဖိုးငွေကျပ် ၃၈ သိန်းခန့်ကို သိမ်းဆည်းရမိပြီး ယာဉ်မောင်းနှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် သိန်းနီမြို့မရဲစခန်းက မော်တော်ယာဉ်နှစ်စီးနှင့် တရားမဝင်သစ်များကို သိမ်းဆည်း၍ ဥပဒေအရ ဆက်လက်ဆောင်ရွက် ထားပြီး ထွက်ပြေးသွားသော ယာဉ်မောင်းနှစ်ဦးကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

သစ်ပင်တို့သည်  ရေကိုစုပ်ယူသိုလှောင်ခြင်းနှင့်  ပတ်ဝန်းကျင်သို့ ဖြန့်ဖြူးပေးခြင်း၊ လေထုအတွင်းမှ  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူ၍  အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်ပေးခြင်း၊ လေပြင်းတိုက်ခတ်မှုကို ဟန့်တားပေးခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း၊ လူတို့၏စားဝတ်နေမှုကို အထောက်အကူ ပြုပေးခြင်းတို့အပြင် သက်ရှိလောက တည်မြဲရေးအတွက် ဂေဟစနစ်ကို ထိန်းညှိပေးခြင်း စသည့် ကောင်းကျိုးတို့ကို ဆောင်ကြဉ်းပေးသည်။ ထို့ကြောင့် ဂေဟစနစ်တည်ငြိမ်ရေး သစ်ပင်များကို ထိန်းသိမ်းပေးရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ကြောင်း  မြဝတီက  ထပ်လောင်း နှိုးဆော်လိုက်ရပါသည်။     

Read 406 times Last modified on Thursday, 03 May 2018 08:13