SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကျေးဇူးတရား အလေးထား

Saturday, 05 May 2018 08:15 font size decrease font size decrease font size increase font size increase font size

ကျေးဇူးဆိုသည်မှာ ကောင်းသော အကျိုးတရားဖြစ်သည်။ တစ်စုံတစ်ယောက်ကြောင့် အခြားသူတစ်ဦးမှာ ကောင်းကျိုးဖြစ်ထွန်းသော် ကျေးဇူးရှိသည်ဟု ဆိုနိုင်လေသည်။ လူသည် တစ်ဦးတစ်ယောက်တည်း သီးခြားနေထိုင်၍ မရဘဲ တစ်ဦးကိုတစ်ဦး အပြန်အလှန်မှီခို ကျေးဇူးပြုကြခြင်း အားဖြင့် မိမိဘဝ မိမိအသိုင်းအဝိုင်း တည်မြဲစေရန် ကြိုးစားအားထုတ် ကြရမည်သာ ဖြစ်ပေသည်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကျေးဇူးပြု၍ ဆက်ဆံနေထိုင် ကြမှသာလျှင် အဓွန့်ရှည် တည်မြဲနေနိုင်မည် ဖြစ်သည်။ လူမှုကျင့်ဝတ်တွင် ကျေးဇူးသိတတ်ခြင်းသည် အရေးကြီးသော ကျင့်ဝတ်ဖြစ်သည်။ ကျေးဇူးပြုရန် လွယ်ကူသော်လည်း ကျေးဇူးသိရန်မှာ မလွယ်လှပါ။ သိတတ်သော ကျေးဇူးကို ကျေပွန်အောင် ပေးဆပ်ရန်ငှာ ပိုမို၍မလွယ်ကူပါ။ ကျေးဇူးပြုဖူးသူအား ပြန်လည်ကူညီခြင်း၊ အကျိုးဆောင်ရွက်ပေးခြင်း တို့သည် ကျေးဇူးသိခြင်းမည်၏။ ကျေးဇူးတရားကို မမေ့ခြင်း၊ ပြန်လည်ကျေးဇူးဆပ်ခြင်း တို့သည် မြင့်မြတ်သောအမှု သို့မဟုတ် ကောင်းမှုပြုခြင်း ဖြစ်ပေသည်။ ကျေးဇူးတရားနှင့် ပတ်သက်၍ ကျေးဇူးသိတတ်မှု ရှိသော ''ငခင်ညို'' အကြောင်းသည် မှတ်သားနာယူဖွယ်ဖြစ်သည်။ သူသည် ပင်းယဘုရင်အား လုပ်ကြံရန် လာခဲ့သည်။ အခြေအနေ အချိန်အခါကောင်းကို စောင့်ရင်း အချိန်များ ကုန်လွန်သွားသည်နှင့် အမျှ ဆာလောင်မွတ်သိပ်မှု ဖြစ်ပေါ်လာသည်။ ပင်းယဘုရင်တင်ထားသော မင်းမဟာဂီရိ နတ်ပွဲမှ ထမင်းတစ်လုတ်ကို ယူစားမိသည်။ ဘုရင်အားလုပ်ကြံရန် အခွင့်သာခဲ့သော်လည်း စားခဲ့ဖူးသော ထမင်းတစ်လုတ် ကျေးဇူးကြောင့် မသတ်ဘဲ ပြန်လာခဲ့သည်။ ငခင်ညိုသည် တစ်လုတ်မျှသော ထမင်း စားဖူးကာမျှဖြင့် ကျေးဇူးကို သိတတ်ခဲ့သည်။ ကျေးဇူးရှင်ကို ကျေးမစွပ်သော သိတတ်မှုကြောင့် ငခင်ညိုမှာ ရာထူးတိုးတက် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ယနေ့တိုင် ကျေးဇူးသိတတ်မှုတွင် မင်းမှုထမ်း ငခင်ညိုသည် မြန်မာရာဇဝင်တွင် နာမည်ကောင်း ကျန်ရှိနေလေသည်။

(၃၈) ဖြာ မင်္ဂလာတရားတော်တွင် ''ကတညုတ''မည်သော တစ်ပါးသူ၏ကျေးဇူးကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်ဟု ရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည်။ ကျေးဇူးရှင်ဆိုသည်မှာ မိမိကလွဲလျှင် ကျေးဇူးရှင်ဟုဆိုနိုင်သည်။ ကျေးဇူးတရားကို မသိတတ်၊ မဆပ်တတ်၊ နားမလည်တတ်သူ များသည် သူမိုက်များသာ ဖြစ်ပေသည်။ ကျေးဇူး မသိတတ်ဘဲ ကျေးဇူးကန်းတတ် သူများမှာ ဝက်သတ္တဝါနှင့် တူပေသည်။ ဝက်များသည် အစာကိုစားပြီးလျှင် စားခွက်ကို ထိုးကော်ကြသည်။ ထို့ကြောင့် ကျေးဇူးမဲ့သူ၊ ကျေးဇူးမသိ တတ်သူကို ''ဝက်စားကျင်းကော်'' ပြုသည်ဟု သတ်မှတ်ပေးကြသည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏ ကျေးဇူးကို တစ်လုတ်မျှသော ပမာဏပင် စားဖူးစေကာမူ စောင့်သိရိုသေရမည် ဖြစ်ပေသည်။ ကျေးဇူးတရားကို သိတတ်မှသာလျှင် ယခုမျက်မှောက် ပစ္စုပ္ပန်တွင်သာမက သံသရာ ခရီးတွင်လည်း အစစအောင်မြင် ချောမွေ့မည်ဖြစ်ရာ ကျေးဇူးတရား အလေးထား သင့်ကြောင်း ရေးသားလိုက်ရပေသည်။

Read 852 times Last modified on Saturday, 05 May 2018 08:15