SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နိုင်ငံ့ ရတနာ သားသည်းချာ မြန်မာ ပီသ ကြရမည်

Sunday, 06 May 2018 19:05 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ပညာရေး ဝန်ကြီးဌာနသည် ၂ဝ၁၇-၂ဝ၁၈ ပညာသင် နှစ်မှ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့မှ လူရည်ချွန် မောင်မယ်များအား ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ရင်းနှီး ချစ်ခင်မှုနှင့် ဒေသန္တရ ဗဟုသုတ ရရှိကြစေခြင်းငှာ ပုဂံ၊ ငွေ ဆောင် နှင့် အင်းလေး ဒေသတို့ရှိ လူရည်ချွန် စခန်းများသို့ လေ့လာရေး ခရီး သွားရောက် ကြရန် စီစဉ် ပေးထားသည်။

ပုဂံမြို့သို့ ရောက်ရှိ နေကြသော အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် မေ ၂ ရက် တွင် ကျောက်ပန်းတောင်း မြို့နယ်ရှိ ပုပ္ပားတောင်ကလပ် ပေါ်တွင် တည်ထား သော စေတီများကို ဖူးမြော်ကြပြီး ပုပ္ပားတောင် ဘေးမဲ့တော ဥယျာဉ်အတွင်း ပြသ ထားသော ပြခန်း များအား လေ့လာ၍ ဥယျာဉ် အတွင်းရှိ ပရ ဆေးပင်များနှင့် သားငှက် တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက် ထားသည့် လုပ်ငန်းများအား လေ့လာ ကြသည်။ အဋ္ဌမတန်း လူရည် ချွန် ကျောင်းသား၊ ကျောင်းသူများသည် မေ ၃ ရက်တွင် မကွေးတိုင်း ဒေသကြီး စလေမြို့သို့ ရောက်ရှိကာ စလေရုပ်စုံ ကျောင်းကြီးရှိ ပြခန်းများ၊ ရုပ်စုံ ကျောင်းပေါ်ရှိ ကုန်းဘောင်ခေတ် ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို လေ့လာကြပြီး စလေမြို့ဟောင်း ရှိ ရှင်ပင်စာကြိုလှ ဘုရား ကြီးအား သွားရောက် ဖူးမြော် ကြသည်။

လူရည်ချွန်မောင် နှင့်မယ်တို့ ရောက်ရှိ နေကြသော ပုဂံမြေသည် မြန်မာနိုင်ငံ သားများအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖော်ညွှန်းရာ ဒေသဖြစ်သည်။ ပုဂံမင်း နေပြည်တော်ကြီးကို စတင် တည်ထောင်ခဲ့သူ သမုဒ္ဒရာဇ်မင်း နန်းတက်သည်မှ ပုဂံမင်းဆက် နောက်ဆုံးဖြစ်သူ စောမွန်နစ် အထိ မင်းဆက်ပေါင်း ၅၅ ဆက်တို့ ထီးနန်း စိုးစံ ခဲ့ကြသည်။ ပုဂံ မင်းဆက် ၄၂ ဆက်မြောက် ထီးနန်း စိုးစံသော အနော်ရထာ မင်းကြီး လက်ထက်တွင် တိုင်းပြည် စည်ပင်ဝပြော သည့် အပြင် ထေရဝါဒ ဗုဒ္ဓ သာသနာတော် ထွန်းကားသော နိုင်ငံတော်အဖြစ် တည်ရှိ ခဲ့ပြီး ပထမ မြန်မာ နိုင်ငံတော် ဓားထက်သည့် ပုဂံအဖြစ် သမိုင်း မော်ကွန်း ရေးထိုး နိုင်ခဲ့သည်။

ထို့ကြောင့် ဆရာဇော်ဂျီက ''တရားငယ်မှန်၊ ရှင်မြတ်ကယ်ထေရ် အရဟံနဲ့၊ ပြေ(ပြည်) ပုဂံ နော် ရထာ ဘုန်းငဲ့ပြင်၊ ပြည်လုံး ညီညာတော့၊ ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ဝင့်ခဲ့ သတဲ့'' ဟူ၍ ရှေးခေတ် ပုဂံပြည် ကဗျာ၌ ရေးဖွဲ့ မှတ်တမ်း တင်ထားသည်။

သာသနာပြု မင်းကောင်း မင်းမြတ် အနော်ရထာ နတ်ရွာ စံပြီးနောက် မိဖုရား ခေါင်ကြီးမှ ဖွားမြင် သော စောလူးမင်း ထီးနန်း ဆက်ခံစဉ် စောလူးမင်း၊ ပဲခူးမြို့စား ငရမန်နှင့် ကျန်စစ် သားတို့၏ လက်ရုံးရည် နှလုံးရည် ပြိုင်ပွဲဟု ဆိုအပ်သော ငရမန် ပုန်ကန်သည့် အရေးတော်ပုံ ကြီးကလည်း နှောင်းလူ တို့အတွက် သင်ခန်းစာ ယူဖွယ် ဖြစ်သည်။ စောလူးမင်းသည် သက်ဦး ဆံပိုင် ဘုရင့် အာဏာကို အကြွင်းမဲ့ ရရှိထားသူ ဖြစ်သည့် တိုင်အောင် မိမိ လက်အောက် ငယ်သား ပဲခူးမြို့စား၏ မာယာပရိယာယ် ထောင်ချောက် အတွင်း သက်ဆင်း မိသဖြင့် စစ်ရေး စစ်ရာ အရေး နိမ့်၍ ငရမန် လက်တွင်းသို့ အကျဉ်းသား ဘဝ ရောက်သွား ရသည်။ အကျဉ်း သား ဘဝ ရောက်နေသော စောလူးမင်းကို ကျန်စစ်သားက ကယ်တင်ဖို့ စွန့်လွှတ် စွန့်စား ကြိုးစား သော်လည်း စောလူးမင်း၏ သံသယကြောင့် မအောင် မြင်ခဲ့ပေ။ အနော်ရထာ မင်းကြီး နှင့် မိဖုရား ခေါင်ကြီးတို့က ဖွားမြင်သော စောလူးမင်းသည် အနော်ရထာ မင်းကြီးနှင့် ပဉ္စကလျာဏီ မိဖုရားတို့က ဖွားမြင်သော ကျန်စစ်သား နှင့် အဖေတူ အမေကွဲ ညီအစ်ကို ဖြစ် သည်။ သို့သော် သွေးက စကားပြောသော ကျန်စစ်သား၏ သစ္စာတရားကို သံသယ ဖြစ်နေ သော စောလူးမင်းက ကျွန်ကို ယုံ၍ မျက်စိစုံ ကန်းရုံမျှ မက အသက်ပါ ဆုံးရှုံး သွားရသည်မှာ သင်ခန်းစာ ယူဖွယ် ဖြစ်သည်။

ပထမ မြန်မာ နိုင်ငံတော် ပုဂံခေတ်မှ စတင် ထွန်းကားခဲ့သော မြန်မာ စာပေမှာလည်း အနန္တ သူရိယ အမတ်ကြီး၏ ဘဝနောက်ဆုံး နာရီပိုင်း အလိုမှာပင် ရေးစပ် ခဲ့သော ''သူတည်းတစ် ယောက် ကောင်းဖို့ ရောက်မူ၊ တစ်ဦးမှာ ပျက်လင့် ကာသာ ဓမ္မတာ တည်း'' ကဗျာသည် ပညာ ရှိတို့သည် သေခြင်းတရားကို မကြောက်သော သတ္တိ၊ နှောင်း လူတို့အား တရား စောင့်ကြရန် မှာကြားသော စေတနာတို့ ပေါ်လွင်လျက် ရှိသည်။ ထို့ပြင် ပညာလို အိုသည်မရှိ ဆိုရိုးစကား ကို လက်တွေ့ ပြခဲ့သော ဦးကျည်ပွေ့၏ စာပေ ကျမ်းဂန် လေ့လာ ကျက်မှတ်မှု မှာလည်း နှောင်းလူတို့ မှတ်သားဖွယ် ဖြစ်သည်။ အထူးအားဖြင့် ''စေတီနဲ့ တန်ဆောင်း၊ ဆည်ချောင်းနဲ့ စပါးနှံ၊ ရွှေပေါက္ကံ ပြည်တစ်ကျောမှာ ပေါချင်တိုင်း ပေါတဲ့ပြင်၊ ဝပြောတဲ့ သာသနာ၊ ခေါင်း လောင်းသံ ညံမစဲ'' ဟူသော ကျွန်ုပ်တို့ ဘိုးဘွားများ၏ အမွေသည် သာလွန်သော ကျေးဇူး တရား ဖြစ်ရကား နောင်သားစဉ် မြေးမြစ် ပြောထုံး ဖြစ်အောင် ဆက်လက် ထိန်းသိမ်း ကြရ မည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်

Read 569 times Last modified on Sunday, 06 May 2018 19:06