SJ WorldNews - шаблон joomla Авто

နွယ်မျှင်သေးခက် တွယ်ငင်ထွေးဖက် မရောစေချင်

Monday, 07 May 2018 08:22 font size decrease font size decrease font size increase font size increase font size

သစ်ပင်ကြီးငယ်တို့တွင် ချုံနွယ်ပင်ငယ်တို့က ရစ်ပတ်သိုင်းခြုံ ကြီးပြင်းလာကြရာမှ ကာလကြာသော် ချုံနွယ်တို့က  သစ်ပင်ကြီးငယ်တို့ကို   ဝါးမျိုဖုံးအုပ် မင်းမူတတ်ကြသည်ကို  နေရာတိုင်းမှာ တွေ့မြင်နိုင်ကြသည်။ လူတို့လောကမှာလည်း ထိုနည်းလည်းကောင်းအတိုင်း ရှိကြသည်ကို တွေ့မြင်ရပေသည်။ သစ်ပင်ကြီးငယ်တို့ကို မှီတွယ်ကြီးပြင်းကြရသော ချုံနွယ်ပင်ငယ်တို့သည် မိုးဦးကျမှစ၍ အရွက်အပွင့်ဝေဆာ စိမ်းစိုလျက် နွေကာလရောက်သော် ညှိုးခြောက်၍ အရွက်ကြွေကာ   အပင်လည်း သေသွားကြသည့် သဘာဝအတိုင်း နွေ၊မိုး၊ ဆောင်းတို့တွင် ကြွေလိုက် ဝေလိုက်နှင့် သံသရာ လည်နေကြသည်။

လူတို့မှာကား ဤသို့မဟုတ်မူဘဲ သူတစ်လူငါတစ်မင်း အချင်းချင်း အားပြိုင်ကာ မိမိအနိုင်ရရေးအတွက် တစ်ဖက်သောသူကို  မည်သည့်အချက်ဖြင့် အခက်တွေ့အောင် ဖန်တီးပြီး  မည်သည့် လက်နက်ဖြင့် ထိုးနှက်ဖျက်ဆီးရမည်ကိုသာ ကြံစည်တွေးတောလျက် နေတတ်ကြသည်။ ၂၁ ရာစုနှစ်သည် သတင်းနည်းပညာခေတ် ဖြစ်သဖြင့် သတင်းနည်းပညာကို လိုရာသုံး လက်နက် ကိရိယာအဖြစ် ထိရောက်စွာ အသုံးချနေကြသည်။

သတင်းနည်းပညာခေတ်တွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် တစ်ချိန်တည်း  တစ်ပြိုင်တည်း ပြောင်းလဲ တိုးတက်နေကြရာ အနာဂတ်မျိုးဆက်သစ် မီဒီယာသမားများကို စနစ်တကျလေ့ကျင့် ပျိုးထောင်ကြရန် လိုကြောင်း ပညာရှင်များက သတိပေးထားကြသည်။

သတင်းမီဒီယာများအတွင်း ဆိုရှယ်မီဒီယာများကပါ ရောနှောလျက်ရှိရာ သတင်းအတုနှင့်သတင်း ဓာတ်ပုံအတုများကြောင့် လူအများ ထိတ်လန့်ခြင်း၊ တစ်ဦးကိုတစ်ဦး အထင်အမြင် လွဲမှားခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်ခြင်း စသည့် ဆိုးကျိုးသက်ရောက်မှုများနှင့် ကြုံတွေ့နေကြရသည်။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၌ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁ဝ ရက်က ဟာရီကိန်း အီမာမုန်တိုင်း တိုက်ခတ်စဉ် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မီယာမီအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ရေကြီးနေသော သတင်းကို သမ္မတအိမ်ဖြူတော်မှ ဆိုရှယ်မီဒီယာ ညွှန်ကြားရေးမှူးက အင်တာနက်သတင်းတွင် တွေ့ရသည့်အတိုင်း အများပြည်သူ သိရှိစေရန် တွစ်တာမှတစ်ဆင့် မျှဝေအသိပေးလိုက်သည်။ အင်တာနက် အသုံးပြုသူများ၏ ပြောကြားချက်အရ ၎င်းဗီဒီယိုဖိုင်မှ ဓာတ်ပုံသည် မက္ကဆီကိုနိုင်ငံမြို့တော်၌ ယခင်နေ့များက မိုးရွာသွန်းစဉ် ရိုက်ယူထားသော မက္ကဆီကိုမြို့တော်၏ လေဆိပ်ပုံဖြစ်ပြီး သြဂုတ် ၃၁ ရက်မှစ၍ အင်တာနက်၌ တွေ့ရသောပုံဖြစ်ကြောင်းသိရသောအခါ အိမ်ဖြူတော်မှ ဆိုရှယ်မီဒီယာ ညွှန်ကြားရေးမှူးသည် ၎င်းမျှဝေ အသိပေးလိုက်သော သတင်းဓာတ်ပုံကို  အမြန်ဆုံး ပယ်ဖျက်ပစ်လိုက်ရကြောင်း ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

ဆိုရှယ်မီဒီယာကို အသုံးပြု၍ သတင်းအတု၊ ဓာတ်ပုံအတုများဖြင့် လူအများ ထိတ်လန့်စေသော အကြောင်းအရာများအား ဖန်တီးနေကြသည့်အပြင် အခြားလိမ်လည်မှု မျိုးစုံကိုလည်း တွေ့ရသည်။ ထိုင်းနိုင်ငံအစိုးရ ထီရုံးအဖွဲ့ဥက္ကဋ္ဌ၏ ဓာတ်ပုံကိုအသုံးပြုပြီး Facebook အသုံးပြုသူများထံမှ ထိုင်းဘတ်ငွေ သိန်းနှင့်ချီ၍ လိမ်လည်သူတစ်ဦးအား ထိုင်းနိုင်ငံ ရာဇဝတ်မှုနှိမ်နင်းရေး ဌာနက မေ ၃ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ဗန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်ကိုကိုးကား၍ နေ့စဉ်သတင်းစာ တစ်စောင်က မေ ၅ ရက်တွင် ဖော်ပြထားသည်။

¤င်းဖမ်းဆီးရမိသူနှင့်အတူ ပတ်စ်ပို့လေးခု၊ အေတီအမ်ကတ်တစ်ခု၊ မိုဘိုင်းဖုန်းတစ်လုံးနှင့် မှတ်စုစာအုပ်တစ်အုပ် တို့ကိုလည်း သိမ်းဆည်း ရမိကြောင်း သိရသည်။

ဤသို့ဆိုရှယ်မီဒီယာများမှ တစ်ဆင့် သတင်းအတု၊ ဓာတ်ပုံအတုများဖြင့် ဖော်ပြနေကြသော လုပ်ရပ်များသည် လူတစ်ဦးချင်းအတွက် ထိခိုက်နစ်နာမှုမျှသာ မကတော့ဘဲ နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကိုပါ ထိခိုက်သည် အထိဖန်တီးနေကြောင်း မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဟု ဆိုအပ်သော ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်း ဒေသ၌  ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၆ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂ဝ၁၇ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့သည့် ပြည်တွင်းရေးပြဿနာကို ကမ္ဘာ့ပြဿနာဖြစ်အောင် ဖန်တီးကြသည့် သာဓကများ၌ တွေ့ရသည်။

တပ်မတော်သည် တိုင်းရင်းသား ပြည်သူများအပေါ် ကျရောက်လာမည့် လက်နက်ကိုင် အကြမ်းဖက်မှု အပါအဝင် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို ကာကွယ်ရန်တာဝန်ရှိသည်။ ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်း ဒေသများ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ မရှိတော့သည့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၅ ရက်မှစ၍ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများအား ပြန်လည်လက်ခံရေး အတွက် မြန်မာနိုင်ငံအစိုးရက ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှစ၍ အဆင်သင့်ဖြစ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တုံ့ပြန်ဆောင်ရွက်မှု နှေးနေကြောင်း သိရသည့်တိုင်အောင် တပ်မတော်ကို ယုန်ထင်ကြောင်ထင် ရေးသားပြောဆိုမှုများ ရှိနေသေးသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို တိကျစွာ လိုက်နာလျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် ချစ်စကိုရှည်၍ မုန်းစကိုတိုစေသော သဘောထားအား အမြဲနှလုံး သွင်းထားသည့်နိုင်ငံဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း တစ်သဘောတည်းသာဖြစ်သည်။

အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးတက်လာသော   သတင်းနည်းပညာ၏ အကျိုးဆက်အဖြစ် ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုများ ဖွံ့ဖြိုးလာသည်ကို မည်သူမျှမငြင်းနိုင်သော်လည်း လူတို့၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို တစ်ပြိုင်တည်း ဖန်တီးနိုင်ပါသလားဟူသော မေးခွန်းအတွက် အဖြေရှာ ငြင်းခုန်နေကြဆဲဖြစ်ရာ လူတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ကျင့်ဝတ်နီတိစောင့်ထိန်းမှုတို့က သာလျှင် ကာလဒေသ ပယောဂအလျောက်သာ ပေါ်ပေါက်လာနိုင်သော ချုံနွယ်ပင်ငယ်တို့ကို ရှင်းလင်းဖယ်ရှား၍  မူလပထမ အမှန်တရားကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း မြဝတီက သုံးသပ်ရပါသည်။     

Read 336 times Last modified on Monday, 07 May 2018 08:23