SJ WorldNews - шаблон joomla Авто

သန့်ရှင်းသော သောက်သုံးရေ အသုံးပြုရေး အားလုံးပါဝင်

Wednesday, 09 May 2018 08:26 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်၏ စိုက်ပျိုးစွမ်းအားမြင့်မားရန် ခေတ်အဆက်ဆက် ကြိုးပမ်းမှုများကြောင့် ၁၉၉၅ ခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှုမှာ တစ်နိုင်ငံလုံး စပါးတင်းသန်းပေါင်း ၉ဝဝ ခန့်သာရှိခဲ့ရာမှ နောင်နှစ်များတွင် စပါးတင်း သန်းပေါင်း ၁ဝဝဝ အထိ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေရရှိရေး နည်းလမ်းများ ရှာဖွေဖော်ထုတ်ခဲ့သည်။

ရှာဖွေဖော်ထုတ်ခဲ့သော စိုက်ပျိုးရေရရှိရေး နည်းလမ်းများမှာ ဆည်မြောင်းတာတမံ အသစ်များ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး ဆည်မြောင်းတာတမံများမှ ဆည်ရေကို ထိရောက်စွာ ပေးသွင်းနိုင်ရန်နှင့် ရေပိုမို သိုလှောင်ရန်ပြုပြင်ခြင်း၊ မြစ်ချောင်းများ ရေကြီးချိန်တွင် မြစ်ချောင်းအနီးရှိ အင်းအိုင်၊ ချိုင့်ဝှမ်းများအတွင်းသို့ ရေသွယ်ယူပြီး ရေထိန်းတံခါးတပ်၍ သိုလှောင်ထားခြင်း၊ မြစ်ချောင်းများမှရေကို ရေစုပ်စက်ဖြင့် စုပ်တင်ခြင်း၊ မြေအောက်ရေကို ထုတ်ယူသုံးစွဲခြင်းတို့ဖြစ်သည်။

ရှာဖွေဖော်ထုတ်ရရှိသော စိုက်ပျိုးရေ ရရှိရေးနည်းလမ်းများကို လက်တွေ့ဖော်ဆောင်ရာတွင် လျှပ်စစ်မြစ်ရေတင် စီမံကိန်းများကို တည်ဆောက်ပေးခဲ့သဖြင့် စိုက်ပျိုးရေအပြင် ကျေးလက်နေပြည်သူများ အတွက် သောက်ရေသုံးရေကိုပါ တစ်ပြိုင်တည်း ဖြည့်ဆည်း ပေးနိုင်သည်မှာ ယနေ့အထိဖြစ်သည်။ အဆိုပါ စီမံကိန်းများမှ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ နတ်သမီးကမ်းပါး မြစ်ရေတင်စက်ရုံ၊ ငှက်ပစ်တောင်ရေစက်ရုံနှင့် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ နဘူးတောရေစက်ရုံတို့သည် ဒေသခံပြည်သူများ အတွက် သောက်သုံးရေ ဖူလုံစေရန်ဖြန့်ဝေပေး လျက်ရှိရာ မေ ၆ ရက် နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်၍ ရေပေးဝေရေး အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

နွေအတွက် ရေမခက်စေရန် နိုင်ငံတော် အစိုးရဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများက သောက်သုံးရေရှားပါးသော ဒေသများသို့ သွားရောက် လှူဒါန်းလျက်ရှိကြရာ မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု ကျောက်ထရံကျေးရွာရှိ အိမ်ခြေ ၁၂ဝ မှ လူဦးရေ ၅ဝဝ တို့အတွက် မြို့သစ်မြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်၍ မေ ၅ ရက် နံနက်ပိုင်းက ရေသန့်သောက်သုံးရေ ဂါလန် ၁ဝဝဝ လှူဒါန်းခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် သဲပုံကျေးရွာအုပ်စု သဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ သောက်ရေကန်နှစ်ကန်၏ မြေသားကန်ပေါင်ကို မြှင့်တင်ပြုပြင်ခြင်း၊ ကန်အတွင်းရှိအမှိုက်များ ဆယ်ယူခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး အတွက် စက်ယန္တရားများဖြင့် ရေမြောင်း တူးဖော်ခြင်းတို့ကို မေ ၅ ရက် နံနက်ပိုင်းတွင် နယ်မြေခံ တပ်မတော်သားများက ဆောင်ရွက်ပေးခဲ့ကြသည်။

သောက်သုံးရေမသန့်ရှင်းမှုကြောင့် လူကိုအန္တရာယ်ဖြစ်စေသော လတ်တလောဖြစ်စဉ် တစ်ခုမှာ ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း ကရာတီးပြည်နယ်၌ မသန့်ရှင်းသောရေကို သောက်သုံးမိရာမှ လူ ၁ဝ ဦးသေဆုံးပြီး ၁၂၁ ဦး ဆေးရုံတက်ရောက်ကုသနေရကြောင်း ဖနွမ်းပင်မှ မေ ၆ ရက်တွင်ပေးပို့သော ဆင်ဟွာသတင်းအရ သိရသည်။ အဆိုပါဖြစ်စဉ်မှာ ချစ်ဘိုရေးခရိုင် ဆရီနန်ရွာမှ ဒေသခံများသည် ၎င်းတို့နေထိုင်သည့် ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းသော တူးမြောင်းမှရေကို သောက်သုံးပြီးနောက် မေ ၃ ရက်မှစတင်၍  ဖျားနာသူနှင့် သေဆုံးသူများ ရှိခဲ့ကြောင်း၊ အဆိုပါတူးမြောင်း တစ်လျှောက် ရှိ ကောက်ပဲသီးနှံ စိုက်ခင်းများတွင် လယ်သမားများ အသုံးပြုကြသည့် ပိုးသတ်ဆေးများ ပျော်ဝင်သောရေကို သောက်သုံးမိသဖြင့် ရွာသားများ ဖျားနာခြင်းနှင့် သေဆုံးခြင်းများဖြစ်နိုင်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် ဓာတ်မြေသြဇာ အမျိုးမျိုးနှင့် အပင်သန်ဆေး၊ အရွက်ဖျန်းဆေး စသည့် ဓာတုပစ္စည်းများဖြင့် ဖော်စပ်ထားသော ဆေးများနှင့် သီးနှံဖျက်ပိုး ကာကွယ်နှိမ်နင်းဆေးများ အသုံးပြုကြရသည်မှာလည်း ရှောင်လွှဲရန်မသင့်သော လုပ်ငန်းများ ဖြစ်သည်။ သီးနှံဖျက်ပိုးများကို ကာကွယ်ရန် ဥကပ်ပါးနကျယ်ကောင်များကို စပါးခင်းများအတွင်း လွှတ်သောနည်း အသုံးပြုကြသည့် သတင်းများကိုလည်း တွေ့ရလေ့ရှိသည့်အပြင် သီးနှံများကို အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးကြသည့် သတင်းများလည်း တွေ့ရသည်။

သို့ဖြစ်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေအသုံးပြုမှု တစ်ဆက်တစ်စပ်တည်း တည်ရှိသော ဒေသများ၏ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးအနက်ထား၍ သင့်တင့်သော အစီအမံများ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်သကဲ့သို့ ဒေသခံပြည်သူများကလည်း ဆည်မြောင်းတာတမံများမှ ရေကိုအန္တရာယ်ကင်းသော သောက်သုံးရေဖြစ်အောင် အသုံးချတတ်ကြရန် လိုအပ်ကြောင်း  မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 381 times Last modified on Wednesday, 09 May 2018 08:27