SJ WorldNews - шаблон joomla Авто

နှိုင်းယှဉ်သိဖွယ် ကြာပွင့်နှယ် တင့်တယ်ကြစေဖို့

Friday, 18 May 2018 08:29 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ အထက်အညာပိုင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ ကန်တော်ကြီး၏ မြောက်ဘက်ပိုင်း၌ ကြာပန်းများ အစီအရီပွင့်နေသည်ကို ဒေသခံများနှင့် နယ်ဝေးမှ လာရောက်ကြသူအပေါင်းတို့  လှေစီးရင်း လှည့်လည်ကြည့်ရှုနေကြသဖြင့် စည်ကားလျက် ရှိသောကြောင့် ဒေသခံလှေသမားတို့ ဝင်ငွေရရှိနေကြကြောင်း သတင်းကိုဖတ်၍ ရေကန်ဟူသည် ကြာရှိမှတင့်တယ်သည်ဟု ဆိုထားကြသည်မှာ မှန်ပေစွဟု မုဒိတာပွားရသည်။

ရေကန်ဟူသည် ကြာရှိမှတင့်တယ်သည်ဟု ဆိုထားသော်ငြား ရေရှိသောကန်သာလျှင် ကြာပန်းတို့ပွင့်လန်းနိုင်ကြသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် တိုင်းသူပြည်သား လူအများတို့ဘဝ သာယာဝပြောနိုင်ကြပေမည်။ သူတစ်လူငါတစ်မင်း အချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေကြလျှင် တိုင်းသူပြည်သားလူအများတို့  ခံစားနေကြရသော  လူမှုဒုက္ခ ခပ်သိမ်းချုပ်ငြိမ်းနိုင်တော့မည် မဟုတ်ပေ။

မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အများဆုံး အထောက်အပံ့ပေးနေသော ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဝင်ရောက် လာစေရန် ခေတ်စနစ်နှင့် လျော်ညီသည့် ဥပဒေမူဘောင်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်များကို နိုင်ငံတော်အစိုးရက ဖြေလျှော့ ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ ၂ဝ၁၈ ခုနှစ် Doing Business နှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ ၌ ရောက်ရှိနေသည်ကို သုံးနှစ်အတွင်း အဆင့် ၁ဝဝ အောက်ရောက်ရှိရန် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(Micro, Small and Medium Enterprises=MSMEs)အားလုံး ဖွံ့ဖြိုးရေးကို  ကြိုးစားဖော်ဆောင်နေကြသည်။

အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း စသည့် လုပ်ငန်းအမျိုးအစားများ ပါဝင်ကြပြီး တိုင်းဒေသကြီး များနှင့် ပြည်နယ်အသီးသီး၌ ပျံ့နှံ့တည်ရှိနေကြသော လုပ်ငန်းများဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း ပျံ့နှံ့တည်ရှိနေကြသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးသည် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မှု ရှိသည့် ရေခံမြေခံကောင်းနှင့် စီးပွားရေး ပတ်ဝန်းကျင်ကောင်းဟု ဆိုအပ်သော လုံခြုံရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတို့ ကောင်းမွန်ရန် လိုအပ်သည်။

စီးပွားရေး ပတ်ဝန်းကျင်ကောင်းကို အဟန့်အတားဖြစ်စေသည့် အကြောင်းတရားများမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ္မတူမြို့ နမ္မတူရပ်ကွက်ရှိ  မြန်မာ့အထွဋ်အထိပ် သတ္တုတွင်း ကုမ္ပဏီလီမိတက်မှ ဇင့်အောက်ဆိုက် ထုတ်လုပ်ရေးစက်ရုံသို့ မေ ၇ ရက် ည ၇ နာရီခန့်တွင်  KIO^KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ဆက်ကြေးငွေ ကျပ်သိန်း ၅ဝ ပေးဆောင်ရန် အကြောင်းကြားစာနှင့် အတူ အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ဆက်ကြေးကောက်ခံစာ လာရောက်ပို့ဆောင်သူ အမျိုးသားတစ်ဦးကို လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ

တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။ ၎င်းအမျိုးသား မောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အား ထပ်မံစစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ လွယ်အိတ်အနီအတွင်း ထည့်ထားသည့် ဆက်ကြေးကောက်ခံစာပေးရန် ကျန်နေသော စာအိတ် ၁၃ အိတ်ကို တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ဖမ်းဆီးရမိသူအား တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွကျေးရွာသား တစ်ဦးသည် မေ ၁ဝ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် နမ်းခမ်းခရေအားလျှပ်စစ် စက်ရုံအနီး နွားပျောက်၍ရှာဖွေနေစဉ် စက်ရုံ၏တောင်ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ မိုင်းထိလူနာအား နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျေးရွာ နာရေးကူညီမှု အသင်းယာဉ်ဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူစေလျက်ရှိသည်။ အလားတူ ဖားကန့်မြို့နယ် ဘောဇဒီးကျေးရွာသား သုံးဦးတို့သည် မေ ၁ဝ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျေးရွာအနီးရှိ ဥရုချောင်းအတွင်း ငါးရှာနေစဉ် KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲသဖြင့် အမျိုးသား တစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ သေဆုံးသွားသည်။ တနိုင်းမြို့ မိုင်းခွန်ကျေးရွာမှ အမျိုးသားတစ်ဦးသည် မေ ၁ဝ ရက် နံနက် ၈ နာရီခွဲခန့်တွင် ထင်းခုတ်ရန် ထွက်ခွာလာစဉ် ကျေးရွာ၏တောင်ဘက် ၁ မိုင်ခွဲခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့်  နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ တနိုင်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေး ရဲကင်းစခန်းများနှင့် မြို့တွင်းရှိနေအိမ်များကို KIA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က မေ ၁၂ ရက် နံနက် ၅ နာရီမှစတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦး၊ တရုတ်နိုင်ငံသား သုံးဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၅ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးသွားသည်။

သို့ဖြစ်၍ ရေမြင့်လျှင်ကြာတင့်သည့် အလားတူ ရေခံမြေခံကောင်းနှင့် စီးပွားရေး ပတ်ဝန်းကျင်ကောင်းတို့ တည်ရှိမှသာ  ပြည်သူတို့ဘဝ မြင့်မားတင့်တယ် နိုင်မည်ဖြစ်ကြောင်း မမေ့မလျော့ကြရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ 

Read 357 times Last modified on Friday, 18 May 2018 08:30