SJ WorldNews - шаблон joomla Авто

လူသားရန်စွယ် အန္တရာယ် ဘယ်မှာ ဘယ်သို့ ရှိလေသနည်း

Monday, 21 May 2018 08:24 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့လူသားအားလုံးကို အန္တရာယ်ပေးနေသော အကြောင်းတရားများတွင် မူးယစ်ဆေးဝါး သုံးစွဲသည့် အန္တရာယ်တစ်ခု အပါအဝင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးကို ၂ဝဝ၉ ခုနှစ်မှစ၍ မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ်တွင် မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ကင်းစင်သော နိုင်ငံအဖြစ် ကြေညာနိုင်ရန် မျှော်မှန်း၍  နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲဆောင်ရွက်နေကြသည်။

ဤသို့နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ လက်တွဲဆောင်ရွက်နေကြချိန်မှာပင် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော သတင်းများကို  ယခုမေလအတွင်း တွေ့ရသည်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း  နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ရှောက်ကော် ကျေးရွာအတွင်း လူနေထိုင်ခြင်းမရှိသည့်  တာလောက်အဲ၏ နေအိမ်အား  ဧပြီ  ၂၈ ရက် နေ့လယ်ပိုင်းတွင် သတင်းအရ ဝင်ရောက်ရှာဖွေကြရာ မီးဖိုချောင်အတွင်းမှ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့်  ပန်းရောင်အမှုန့် ၃ဝ ကျပ်သားခန့်ရှိတစ်ထုပ်၊ အိပ်ခန်းအတွင်းရှိ သေတ္တာထဲမှ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝ၄ဝဝပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၃ဝဝ ကျော်)တွေ့ရှိ သိမ်းဆည်းရမိသဖြင့် သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံ လိုက်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကွတ်ခိုင်-ကောင်းခါးသွား ကားလမ်းရှိ ခိုလုံကျေးရွာအနီး၌  သတင်းအရ စောင့်ဆိုင်းနေစဉ် လင်ခရူဇာအမျိုးအစား မော်တော်ယာဉ်တစ်စီးအား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်၌ အဖြူရောင် ပလတ်စတစ်အိတ်ဖြင့် ပတ်လျက် ဘိန်းဖြူဘလောက်တုံး ၃၄ တုံး အလေးချိန်ခန့်မှန်း ၁၁ ဒသမ ၉ ကီလိုဂရမ်ခန့်(ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၈ဝ)ကို ဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့် ယာဉ်မောင်းတို့အား တရားဥပဒေအရ အရေးယူနိုင်ရေး ကွတ်ခိုင်မူးယစ် တပ်ဖွဲ့စုက ဆက်လက်  ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အလားတူ မေ ၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်  တာမိုးညဲ၏ အရှေ့မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် တောင်ယာတဲတစ်လုံး တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ တဲအတွင်းရှိ အိပ်ရာဘေးတွင်  စောင်ဖြင့်ဖုံးအုပ်ထားသော ဆာလာအိတ်အတွင်းမှ စိတ်ကြွဆေးပြားအမှုန့်များ ထည့်ထားသည့် ၉ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၁ဝဝ ခွက် ခန့်မှန်း အလေးချိန်ဂရမ် ၉ဝဝ(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၃ဝ ကျော်)တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။ မေ ၉ ရက် ညနေ ၃ နာရီခွဲတွင် ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ တောင်ကမ်းပါးယံသို့ ရောက်ရှိစဉ် သစ်ချောင်းများ၊ မိုးကာစနှင့်မြေကြီးတို့ဖြင့် ဖုံးအုပ်ထားသည့် နေရာတစ်ခုကို တွေ့ရှိသဖြင့် ရှင်းလင်းစစ်ဆေးရာ အကျယ် ၁၅ ပေ၊ အရှည်ပေ ၅ဝ ခန့်ရှိ လိုဏ်ဂူတစ်ခုအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ ထည့်ထားသော ဂါလန် ၅ဝ ဝင် ပလတ်စတစ်ပီပါ ၁ဝဝ၊ သံပီပါ ၂၅ လုံး၊ ၅ ဂါလန်ဝင် ပလတ်စတစ်ပုံး ၃၃ဝ၊ ပစ္စတိုတစ်လက်၊၎င်းကျည်အိမ်တစ်ခုနှင့် ကျည်လေးတောင့်တို့ကို သိမ်းဆည်း ရမိသည်။

သိမ်းဆည်းရမိ ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် နောင်မွန်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်များအား စစ်ဆေးဆောင်ရွက်စဉ် မေ ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မိသားစုသုံးဦး လိုက်ပါလာသော အိမ်စီးယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်း ထည့်ထားသည့် အိုက်စ် ၁ဝ၃ ကီလိုဂရမ်ခန့်(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၅ဝဝဝ ကျော်)၊ လက်ကိုင်ဖုန်းသုံးလုံး၊ မြန်မာငွေကျပ်သုံးသိန်း၊ ယွမ်ငွေ၄၄ဝဝ၊ ဘတ်ငွေ ၅၃၈ဝဝ တို့ကို ဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့် လူများကို ကျိုင်းတုံမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။ အလားတူ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလလန် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက် စစ်ဆေးဆောင်ရွက်စဉ် မေ ၁၄ ရက် နံနက် ၃ နာရီခွဲခန့်တွင် တာချီလိတ်မှ ဝမ်ပုံဘက်သို့ မောင်းနှင်လာသည့် အိမ်စီးယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း ထွက်ပြေးသွားသည်။ ယာဉ်နောက်ဖုံးတွင် တင်ဆောင်လာသော  ဆာလာအိတ် သုံးလုံးအတွင်းမှ အိုက်စ် ၄၈ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၂ဝဝဝ ကျော်)ကို လူတစ်ဦးနှင့်အတူ ဖမ်းဆီးရမိသဖြင့် လူနှင့်ပစ္စည်းများကို တာချီလိတ် မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောဧပြီလ အတွင်းက  မူးယစ်ဆေးဝါး ဖမ်းဆီးရမိ သတင်းများမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များသည် သတင်းအရ မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာ ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှေ့ရှိ လမ်းမပေါ်တွင် သက်သေများနှင့် အတူ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးအား စစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသည့် အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် ၁ဝ ခွက်တွင် ဘိန်းဖြူမှုန့်အလေးချိန် ၁ဝ၅ ဂရမ် ရှာဖွေတွေ့ရှိသည်။ ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်ရှိ ဗီရိုအောက်အံဝှက်အတွင်းမှ ဆပ်ပြာခွက်တစ်ခွက် အတွင်း၌ ဘိန်းဖြူမှုန့် ၁ဝ ဒသမ ၅ ဂရမ် ထပ်မံရှာဖွေ သိမ်းဆည်းရမိသဖြင့် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ထားကြောင်း သိရသည်။ ကချင်ပြည်နယ်အတွင်း အခြားမြို့နယ်များမှာလည်း အလားတူ  ဖမ်းဆီးရမိသည့် သတင်းများ မကြာခဏတွေ့ရသည်။

လူသားရန်စွယ် အန္တရာယ် ဘယ်မှာဘယ်သို့ရှိလေသနည်း ဆိုသည်ကို တိုင်းရင်းသားပြည်သူ အပေါင်းတို့ အနေဖြင့် စဉ်းစားကြရန်သာဖြစ်သည်။ မြဝတီ၏ စေတနာမှာ ခေတ်သစ် အဆိုတော်တစ်ဦး သီဆိုသည့် သီချင်းစာသားမှ ''ဒီရေ-လှိုင်းဖွေး-မုန်တိုင်းက ကြမ်းနေလို့-ဒီလှေ-ကမ်းဝေး-မုန်တိုင်းအောက် ရောက်မှာစိုး''ဆိုသည်ကိုသာ ထပ်မံဖော်ပြ လိုက်ရပါသည်။ 

Read 282 times Last modified on Monday, 21 May 2018 08:25