SJ WorldNews - шаблон joomla Авто

''ရ''ရထားကြီး ပျော်ပျော်စီးနိုင်ကြစေဖို့

Tuesday, 22 May 2018 08:16 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်သော မီးရထားလမ်းမှာ ရန်ကုန်-ပြည် ဆက်သွယ်သော မီးရထားလမ်းဖြစ်ပြီး ၁၈၇၇ ခုနှစ် မေ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကမ္ဘာတွင် ပထမဆုံးသော မီးရထားလမ်းဖြစ်သည့်ဗြိတိန်နိုင်ငံမှ ဒါလင်တန်-စတော့တန် လမ်းဖွင့်ပြီး၅၂ နှစ်နှင့် အိန္ဒိယနိုင်ငံတွင် ရထားစတင် ပြေးဆွဲပြီးနောက်၂၄ နှစ်ကြာသောအချိန်တွင် မြန်မာနိုင်ငံ၌ မီးရထားလမ်း စတင်ဖွင့်လှစ်ခဲ့ကြောင်း မှတ်ရဖူးသည်။

ရထားလမ်း ဖောက်လုပ်ခြင်းသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးအတွက် ဖြစ်သည့်အားလျော်စွာ မြန်မာ့မီးရထား သယ်ယူပို့ဆောင်ရေးက ပြည်သူများအတွက် အကျိုးဆောင်နေသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၁၄၁ နှစ်ရှိသွားပြီဖြစ်သည်။  ဤကာလအတွင်း  တောင်အသွယ်သွယ် တောအထပ်ထပ်ကိုဖြတ်၍ သံလွင်၊ ဧရာဝတီ၊ ချင်းတွင်းနှင့် စစ်တောင်းမြစ်တို့ကို ကျော်ကာ ရာသီမရွေး တာဝန်ထမ်းဆောင်လျက်ရှိသဖြင့် ရထားပို့ဆောင်ရေးကို သက်တမ်းရင့်သူရဲကောင်းဟု ရထားဝန်ထမ်းတို့က တင်စားကြသည်။ သူလည်းလေ လောကီသားလိုပ လောကဓံကို မရှောင်လွှဲသာဘဲ သဘာဝဘေးကြောင့် ရေကြီးရေလျှံ မြေပြိုမှုဒဏ်နှင့် သက်ရှိသက်မဲ့တို့၏ နှောင့်ယှက်မှုဒဏ်တို့ကို အကြိမ်ကြိမ် ခံရသဖြင့် အများအကျိုးဆောင်ရင်း အကျိုးနှောင်ဖြစ်ရပ်များ ကြုံဖူးသည်။ တာဝန်သိပြည်သူတို့၏ ကြိုတင်သတင်းပေးမှု၊ တာဝန်ကျေ ရထားဝန်ထမ်းတို့၏ ကျွမ်းကျင်မှုနှင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်များ၏ အကာအကွယ်ပေးမှု စသည်တို့ကြောင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် မရှိသောဖြစ်စဉ်များလည်း ရှိပါသည်။

မကြာသေးသောရက်များက မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ်ရှိ မိုးကောင်းဘူတာနှင့် ထိုပူးဘူတာအကြား မိုင်တိုင်အမှတ်(၆၈၂/၁)နှင့် (၆၈၂/၂)အကြား မီးရထားသံလမ်း တံတားအမှတ် (၆၆၂)အား KIAအကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မေ ၁၅ ရက် ည ၁၁ နာရီ မိနစ် ၂ဝ တွင် မိုင်းထောင်ဖောက်ခွဲခဲ့ရာ သံလမ်းတံတားရှိ အုတ်ခုံ ၄ ပေခန့် ပွင့်ထွက်၍ တံတားသံပေါင်ကျိုးထွက်ကာ သံပေါင်မှာ ၄ ပေခန့် ကွေးသွားသည်။ အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များက အသေးစိတ် ရှင်းလင်းရာ မိုင်တိုင်အမှတ် (၆၈၄/၁၈) နှင့် (၆၈၄/၁၉)ကြားရှိ မီးရထားသံလမ်း တံတားအမှတ်(၆၆၅)တွင်လည်း မိုင်းထောင်ဖောက်ခွဲ ထားသည်ကို တွေ့ရသည်။ မိုင်းပေါက်ကွဲမှုကြောင့် သံလမ်းတံတား အုတ်ခုံ ၄ ပေခန့်ပဲ့ထွက်၍  သံလမ်းပေါင်အနည်းငယ် ကွေးသွားကာ   တံတားပေါင်ဘယ်/ညာ ပဲ့ထွက်သွားခဲ့ပြီး ၎င်းနေရာ၌ မိုင်းထောင်ရာတွင် အသုံးပြုသော ရီမုဆားကစ် အိမ်နှစ်ခုနှင့် ယမ်းထုပ်တစ်ထုပ်တို့ကို ရှာဖွေ တွေ့ရှိခဲ့သည်။

KIAအကြမ်းဖက်သောင်းကျန်းသူတို့၏ အဖျက်လုပ်ရပ်ကြောင့် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းမှ အစုန်-အဆန် ပြေးဆွဲနေသော ရထားများကို မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ခေတ္တ ရပ်တန့်ထားရသဖြင့် ခရီးသွားပြည်သူများ စိုးရိမ်မှုဖြစ်ရသည်။ ပျက်စီးသွားသော တံတားနှင့် ရထားလမ်းများကို သက်ဆိုင်ရာက ပြန်လည်ပြုပြင်ပြီးဖြစ်သဖြင့် မေ ၁၈ ရက်တွင် မန္တလေးဘူတာမှ အဆန်ရထားသုံးစင်းနှင့် မြစ်ကြီးနားဘူတာမှ အစုန်ရထား ငါးစင်း အသီးသီး ထွက်ခွာသွားကြောင်း သိရသဖြင့် နောက်နေ့များတွင် ရထားများ ပုံမှန်သွားလာ နိုင်တော့မည်ဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ခရီးသည်ဦးရေ ၄၆ ဒသမ ၄၈၉ သန်းနှင့် ကုန်တန်ချိန် ၁ ဒသမ ၇၄၄ သန်း သယ်ယူ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ ယခင်နှစ်ထက်  ခရီးသည်နှစ်သန်းကျော် ပိုမိုသယ်ယူ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

မီးရထားဖြင့် ခရီးသွားပြည်သူများအတွက် အဆင်ပြေ၍ နိုင်ငံတော်အတွက် နိုင်ငံခြားသုံးငွေ သက်သာစေရန် မြန်မာ့မီးရထားက မြစ်ငယ်လူစီးတွဲ တည်ဆောက်ရေးစက်ရုံ၌ ၂ဝ၁၈ ခုနှစ် မတ်လတွင် တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးသည့်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လေအိတ်ပါလူစီးတွဲသစ် ၂၁ တွဲကို အပြီးတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် နေပြည်တော် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံအား ၂ဝ၁၈ ခုနှစ် မတ်လတွင် တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးသည့်အတွက် ဧပြီလမှစတင်၍ မြင်းကောင်ရေ ၂ဝဝဝ အားရှိ စက်ခေါင်းသစ် ၁ဝ စင်းကို ၂ဝ၁၉ ခုနှစ် မတ်လအတွင်း ပြီးစီးရေး တည်ဆောက်လျက်ရှိသည်။

သို့ဖြစ်၍ တိုင်းရင်းသားပြည်သူများ အနေဖြင့် ''ရ'' ရထားကြီး ပျော်ပျော်စီး၍ ခရီးသွားနိုင်ကြစေရန် လမ်းခရီး လုံခြုံချောမွေ့စေရေးကို အနှောင့်အယှက်ပေးမည့် အဖျက်သမားများအား အမြဲမပြတ် စောင့်ကြည့်၍ သက်ဆိုင်ရာများသို့ အချိန်မီ သတင်းပေးပို့ကြရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   

Read 305 times Last modified on Tuesday, 22 May 2018 08:17