SJ WorldNews - шаблон joomla Авто

သစ်ပင်ကို ခုတ်သစ်တောပြုတ် ဆုတ်ယုတ်နောင်တ မရစေရာ

Wednesday, 23 May 2018 08:29 font size decrease font size decrease font size increase font size increase font size

ကမ္ဘာကြီးပူနွေးလာမှုနှင့် မှန်လုံအိမ် အာနိသင်ဖြစ်ထွန်းမှုတို့ကို လျှော့ချပေးနိုင်သော သစ်ပင်၊ သစ်တောများ ထိန်းသိမ်းရေးအတွက် ကမ္ဘာ့နိုင်ငံ အသီးသီးတို့က ဆောင်ရွက်နေကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၉၅ ခုနှစ်ကပြဋ္ဌာန်းထားသည့်  သစ်တောမူဝါဒများနှင့်အညီ  နိုင်ငံတော်ပိုင် သစ်တောစိုက်ခင်းနှင့်  ပုဂ္ဂလိက သစ်တောစိုက်ခင်းများကို အကောင်အထည်ဖော် လျက်ရှိသည်။ နိုင်ငံတော်ပိုင် သစ်တောစိုက်ခင်းများတွင် စီးပွားရေး စိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း၊  ချစ်ကြည်ရေး စိုက်ခင်း၊ အခြားစိမ်းလန်း စိုပြည်ရေးစိုက်ခင်း၊ တောင်တန်းစိုက်ခင်းတို့ ပါဝင်သည်။ ပုဂ္ဂလိက သစ်တောစိုက်ခင်းများတွင် ကျွန်း၊ သစ်မာနှင့် ဆီအုန်းစိုက်ခင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းကျော်ရှိပြီး သစ်တောများ ရေရှည်တည်တံ့ရေးအတွက် သစ်တောစီမံ အုပ်ချုပ်မှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စနစ်တကျ စီမံဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီးသည်  ပဲခူးရိုးမ ဖြတ်လမ်းတစ်လျှောက် သစ်တောများ ပြန်လည်တည်ထောင်မှု လုပ်ငန်း များကို မေ ၁၉ ရက်က သွားရောက်စစ်ဆေးသည်။

မြန်မာနိုင်ငံအတွင်း  သစ်တောပြုန်းတီးမှု အခြေအနေကို   အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သစ်တောဦးစီး ဌာနများက ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း တရားမဝင် သစ်ထုတ်ယူမှုများအား ဖမ်းဆီးရမိမှုမှာ  ကျွန်းနှင့်သစ်မာတန်ချိန် ၁ဝဝဝဝ ကျော်စီ၊ အခြားသစ်မျိုးစုံ တန်ချိန် ၂ဝဝဝဝ ကျော်နှင့် မီးသွေးတန်ချိန် ၉၄၃၃ ကျော်ရှိကြောင်း သိရသည်။ ဖမ်းဆီးရမိသော သစ်မျိုးစုံနှင့်အတူ တရားမဝင် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသော ယာဉ်၊ ယန္တရားများ ဖမ်းဆီးရမိမှုမှာ မြေတူးစက်၊ မြေကော်စက်၊ ကရိန်း၊ ထော်လာဂျီ၊ ဒိန်းဒေါင်း၊ ထွန်စက်၊ ဆိုင်ကယ်၊ ဆိုက်တွဲယာဉ်၊ စက်လှေ၊ ပဲ့ထောင်၊ ရေယာဉ်များအပါအဝင် စုစုပေါင်း ၃၄၈ဝ စီးကို ဖမ်းဆီးရမိကြောင်း သိရသည်။

သဘာဝတရားကြီးက လူသားတို့အတွက် မျှတအောင် ဖန်တီးပေးထားသော ပတ်ဝန်းကျင်ကို  လူသားတို့အတွက်  မမျှတသော အစွန်းရောက် ရာသီဥတုနှင့် သဘာဝဘေး အန္တရာယ်တို့ဖြစ်ပေါ်စေရန် လူသားတို့ကိုယ်တိုင် ဖန်တီးနေကြရာတွင် သစ်ပင်သစ်တော ပြုန်းတီးခြင်း အပါအဝင်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သည် နိုင်ငံတော်ကို ပြည်တွင်းပြည်ပ အန္တရာယ်များမှ လုံခြုံအောင်  ကာကွယ်ရုံမျှမက ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား၊ နိုင်ငံတော်တွင်ရှိသော မြေပေါ်မြေအောက် သယံဇာတများကိုပါ ထိန်းသိမ်းကာကွယ်လျက်ရှိရာ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း တရားမဝင်သစ်မျိုးစုံ ၃ဝဝ၁၅ တန်၊ ယာဉ် ၁၇၂၉ စီး၊ ယန္တရား ၉၈ စီးနှင့် တရားမဝင် သစ်ခိုးထုတ်သူများကို ဖမ်းဆီး အရေးယူခဲ့သည်။ ထို့အတူ ခိုးထုတ်ရန် ကြိုးစားသော ကျောက်စိမ်း ၃၆၂ တန်၊ ငါးခိုးသင်္ဘော၊ သစ်ခိုးသင်္ဘော ၃၁၂ စင်းတို့ကို ဖမ်းဆီး၍ နိုင်ငံတော်၏ ဆုံးရှုံးမှုများကို ကာကွယ်ပေးခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်နှင့် မံစီမြို့နယ်အတွင်း တရားမဝင် သစ်ထုတ်လုပ်နေကြောင်း သတင်းအရ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရာ မတ် ၃ဝ ရက်မှ ဧပြီ ၂ ရက်အထိ မိုးမိတ်နယ်မြေအတွင်း ရွှေလီမြစ်ကြောင်း တစ်လျှောက်၌ ကျွန်းသစ်လုံးဆိုဒ်စုံ ၃၃ တန်ခန့်၊ သစ်တင်ယာဉ် မျိုးစုံခြောက်စီး၊ သစ်တင်ရာတွင် အသုံးပြုသည့် စက်တပ်လှေကိုးစင်း၊ လွှဝိုင်းလေးခုနှင့် သစ်စက်တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ အလားတူ မံစီမြို့နယ်အတွင်း၌ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ နယ်မြေရှင်းလင်းစဉ် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၈ တန်ခန့်နှင့် သစ်တင်ယာဉ်မျိုးစုံ သုံးစီးတို့အား သိမ်းဆည်းရမိခဲ့ပြီး သစ်ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်နေသည့် KIAအကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ်အတွင်း  ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂ ရက်အထိ တရားမဝင်ကျွန်းသစ် ၁၁၂၉ တန်ခန့်၊ အခြားသစ်မျိုးစုံ ၃၂၃ တန်ခန့်၊ သစ်တင်ယာဉ်မျိုးစုံ ၃၈ စီး၊ သစ်စက်ခုနစ်လုံး၊ သစ်တင်ရာတွင် အသုံးပြုသည့်လှေ ၁၇ စင်းနှင့် အခြားဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိသဖြင့် သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့သည်။

သစ်တောသယံဇာတ ကြွယ်ဝ၍  စိမ်းလန်းစိုပြည်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် သစ်ပင်သစ်တောများကို ထိန်းသိမ်းခြင်းသည် ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ဖော်ဆောင်မှုဖြစ်ခြင်းကြောင့်သစ်ပင်ကိုခုတ်၍ သစ်တောပြုတ်ရာမှ သက်ရောက်သောဆိုးကျိုးများအတွက် နောင်တရမည့်အဖြစ်မျိုးကို ရှောင်ကြဉ်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 386 times Last modified on Wednesday, 23 May 2018 08:31