SJ WorldNews - шаблон joomla Авто

စစ်၏သဘောနှင့်လူတို့မနောကို စောကြောကြစေချင်

Friday, 25 May 2018 08:15 font size decrease font size decrease font size increase font size increase font size

''မိုးသားထစ်ကျူး၊ ကျေးငှက်မြူးသော်၊ ပွင့်ဖူးရိုးသွယ်၊ စံပယ်မုလေး၊ သင်းပျံ့မွှေး၍'' စာဆိုနှင့်အညီ နယုန်မိုးပြေးမျက်သားမွေးချိန်တွင် နွေအပူကြောင့်  ရွက်ဟောင်းကြွေသော သစ်ပင်ပန်းပင်တို့မှာ ရွက်သစ်ဝေ၍ဖူးပွင့်ကြသည်။ ကျေးငှက်သာရကာတို့ တစ်ပင်မှတစ်ပင်ကူး၍ မြူးပျော်နေကြချိန်တွင် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူလယ်သမားတို့ကလည်း လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေကြလေပြီ။

မိုးသီးနှံစိုက်ပျိုးရေးအတွက် နယုန်လတွင်ပြင်ဆင်ကြရာ၌ စိုက်ပျိုးရေရရှိရေးက အဓိကဖြစ်သည်။ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ရောဟဏီမြစ်ရေ ခွဲဝေသုံးစွဲရေးကို အကြောင်းပြု၍နှစ်ပြည်ထောင် အချင်းချင်း စစ်ခင်းရန်ပြင်ဆင်ကြစဉ် ဂေါတမမြတ်စွာဘုရား ကြွရောက်တော်မူလာပြီး ''သင်တို့၏ အသက်နှင့်သွေးထက် မည်သည့်အရာကပို၍ တန်ဖိုးရှိသနည်း'' ဟူသော အမေးပုစ္ဆာနှင့် တရားရေအေး တိုက်ကျွေးလိုက်သောအခါ နှစ်ပြည်ထောင် စစ်ပြင်နေကြရာမှ ချစ်ခင်စိတ်ဖြစ်ပေါ်လာကြသဖြင့် ငြိမ်းချမ်းရေး ရသွားသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာမြန်မာတို့က နယုန်လကိုငြိမ်းချမ်းရေးလ ဟူ၍ သတ်မှတ်ထားကြသည်။

စစ်ဟူသည် လူတစ်စုနှင့်တစ်စု၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အင်အားချင်း ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး လက်ရုံးရည်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြသော ခေတ်မှ နှလုံးရည်ချင်း ယှဉ်ပြိုင်တိုက်ခိုက်သော ခေတ်သို့ တဖြည်းဖြည်း ရွေ့လျောလာကြသည်။ ရောမခေတ်က နိုင်ငံအချင်းချင်း ဆင်နွှဲကြသောစစ်ပွဲတို့သည် ပဒေသရာဇ်များ သြဇာအာဏာ တိုးချဲ့သော နယ်မြေသိမ်းစစ်ပွဲဖြစ်ပြီး ခရူးဆိပ်စစ်ပွဲသည် ဘာသာရေးစစ်ပွဲဖြစ်သည်။ ဂေါတမမြတ်စွာဘုရား လက်ထက်က ဖြစ်ပွားခဲ့သော ရောဟဏီမြစ်ရေ ခွဲဝေသုံးစွဲရေး အတွက် နှစ်ပြည်ထောင် စစ်ပြင်ဆင်ကြခြင်းသည် စီးပွားရေးစစ်အတွက် ပြင်ဆင်ကြခြင်းဖြစ်သည်။ထို့ကြောင့် ဤကမ္ဘာလောကကြီးတွင် လူမှုရေးနှင့် နိုင်ငံရေးတို့သည် စစ်ကိုဖန်တီးသော အကြောင်းတရားများ ဖြစ်သည်ဟု ပညာရှင်တို့က ကောက်ချက်ဆွဲထားကြသည်။

စက်မှုတော်လှန်ရေး မတိုင်မီကာလမှစ၍ နယ်မြေချဲ့ထွင်ရေးနှင့် သြဇာအာဏာ တိုးချဲ့ရေးတို့အတွက် အသုံးချခဲ့ကြသော နယ်ချဲ့စနစ်သည် ပထမတွင် သာသနာပြုများ စေလွှတ်ကြသည်။ ထို့နောက် ကုန်သည်များကို စေလွှတ်ပြီး နောက်ဆုံးတွင် ဈေးကွက် အလားအလာကောင်းသော ဒေသများကို စစ်အင်အားဖြင့် သိမ်းပိုက်ကြသည်ကို သမိုင်းပညာရှင်တို့က အမ်သုံးလုံး (3M-Missionaries, Merchants, Military) နည်းစနစ်အဖြစ်

အသိအမှတ်ပြုထားကြသည်။ စက်မှုတော်လှန်ရေးပြီး နောက်ပိုင်းကာလ  ၂ဝ ရာစုကဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်ကြီးနှင့် ဒုတိယကမ္ဘာစစ်ကြီးတို့သည် လူမှုရေးနှင့် နိုင်ငံရေး အခြေခံသော အကြောင်းတရားများ အထွတ်အထိပ် ရောက်လာခြင်းကြောင့် နိုင်ငံအချင်းချင်း စစ်ခင်းကြသော ပဋိပက္ခများဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးချိန်တွင် စာရင်းချုပ်လိုက်သောအခါ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချသော နိုင်ငံများ ချမ်းသာကြွယ်ဝသွားကြသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသော ကာလ ၁၉၄၅ မှ ၁၉၉ဝ အထိကို စစ်အေးခေတ်ဟု သတ်မှတ်ကြသော် လည်း လူမှုရေးနှင့်နိုင်ငံရေး အကြောင်းတရားတို့ကို အခြေခံဖြစ်ပေါ်လာသော ပဋိပက္ခတို့သည်  ဒေသတွင်း ပဋိပက္ခအသွင် ပြောင်းသွားရာမှ တစ်ဆင့် နိုင်ငံတစ်နိုင်ငံအတွင်းသို့ ကူးစက်ပျံ့နှံ့ လာသည်မှာ ယနေ့စစ်အေးလွန်ခေတ် အထိဖြစ်သည်။ ထို့ကြောင့် ယခင်ငုပ်နေသော စစ်ပွဲများသည် စစ်အေးလွန်ခေတ်တွင် ပြန်ပေါ်လာနေသည်ဟု လေ့လာသူတို့က သတိပေးထားကြပြီး ကမ္ဘာ့ပြည်သူတို့ ကြုံတွေ့နေကြရသည့် ပြဿနာပေါင်း သောင်းခြောက်ထောင်တို့သည် လူတို့၏ ကိုယ်ကျင့်သီလ ပျက်ယွင်းမှုကြောင့် ဖြစ်ရသည်ဟု ထောက်ပြထားကြသည်။

လူတစ်ဦးချင်းစီ စောင့်ထိန်းလိုက်နာရမည့် ကိုယ်ကျင့်သီလဟု ဆိုအပ်သော ပြည်သူ့နီတိရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် တို့တွင်လည်း   စောင့်ထိန်း လိုက်နာရမည့် ကျင့်ဝတ်သီလ အသီးသီးရှိကြသည်။ တစ်ဦးချင်း စောင့်ထိန်းလိုက်နာရမည့် ကိုယ်ကျင့်သီလဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးမှ သက်ဆိုင်သူတို့ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သီလဖြစ်စေ လူတစ်ဦးချင်းစီ၏ စိတ်၌ ဖြစ်ပေါ်တတ်သော လောဘ၊ ဒေါသ၊ မောဟ၊ မာနတို့ ခေါင်းပါးစေခြင်းငှာ လည်းကောင်း၊ သဒ္ဓါ၊ သီလ၊ ပညာ၊ သမာဓိတို့ ပွားများစေခြင်းငှာ လည်းကောင်း  ရည်ရွယ်ထားသော သတ်မှတ်ချက်များဖြစ်သဖြင့် စောင့်ထိန်းလိုက်နာသူအတွက် မိမိသူတစ်ပါး ကောင်းကျိုးများနိုင်သည်။ ကိုယ်ကျင့်သီလ စောင့်ထိန်းလိုက်နာရန် ပျက်ကွက်သူအတွက် မိမိသူတစ်ပါး အကျိုးမများဘဲ ဆိုးကျိုးတွေသာ များနိုင်ပေမည်။

တိုင်းရင်းသားပြည်သူ အားလုံးတို့အပေါ် ဆိုးကျိုးဖြစ်စေနိုင်မည့် အန္တရာယ်ဟူသမျှကို တားဆီးကာကွယ်နှိမ်နင်းရန် တပ်မတော်က နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်လျက် ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင် စစ်ဘက်နှင့် မသက်ဆိုင်သော နေရာများနှင့် အရပ်သားများကို အကြမ်းဖက်သမားတို့က တိုက်ခိုက်နေကြသည့်

နမူနာများရှိသည်။ နောင်လည်းရှိနေဦးမည်ဟု ခန့်မှန်းနိုင်သည်။မြန်မာမှုနယ်ပယ်တွင် ကြက်ကိုကြက်ကြိုး၊ ဆင်ကိုဆင်ကြိုးဟု ဆိုရိုးစကားရှိသည်မှာ သမားရိုးကျမဟုတ်သော ခေတ်သစ်စစ်ပွဲများ အတွက် အလေးထားသင့်သော ဆိုရိုးစကားဖြစ်သည်။သို့သော်  ဖြစ်စဉ်များတွင် အကြမ်းဖက်သမားနှင့်သာမန်အရပ်သား ခွဲခြားမရသော အခြေအနေမျိုးကြောင့် အကြမ်းဖက်နှိမ်နင်းရေး စစ်ပွဲဆင်နွှဲရာတွင် အင်အားဆိုသည့် အဓိပ္ပာယ်ကို အတိအကျ ဖွင့်ဆိုရန်ခက်ခဲသည်။

ဤကမ္ဘာလောကကြီးတွင် လူမှုရေးနှင့် နိုင်ငံရေးတို့သည် စစ်ကိုဖန်တီးသော အကြောင်းတရားများ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ပြဿနာပေါင်း သောင်းခြောက်ထောင်သည် လူတို့၏ ကိုယ်ကျင့်သီလ ပျက်ယွင်းမှုကြောင့် ဖြစ်ရသည်ဟူ၍ လည်းကောင်း ပညာရှင်တို့က ကောက်ချက်ဆွဲထားကြလေရာ အရင်းမူလ အကြောင်းတရားတို့ သဟဇာတဖြစ်အောင် သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် ကိုယ်ကျင့်သီလ စောင့်ထိန်းကြမည်ဆိုလျှင် စစ်ဟူသော အကျိုးတရား သို့မဟုတ် ပဋိပက္ခတို့ မှေးမှိန်ပျောက်ကွယ်သွားနိုင်မည်ဟု မြဝတီက သုံးသပ်ရပါသည်။ 

Read 373 times Last modified on Friday, 25 May 2018 08:17