SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပညာရေး ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်

Saturday, 26 May 2018 10:01 font size decrease font size decrease font size increase font size increase font size

ပညာရေးဝန်ကြီး ဌာနသည် အခြေခံပညာကျောင်းများ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး

ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ပေး ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းနေကြသည်။ ယခုနှစ်၏ ထူးခြားမှုမှာ ပညာရေးဝန်ကြီးဌာန ''၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်'' မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံး သိရှိလိုက်နာရမည့် အချက်နှင့် အသိပေး ကြေညာချက်တို့ကို မီဒီယာများ မှတစ်ဆင့် ထုတ်ပြန် ကြေညာထားခြင်းတို့ ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန ''၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်''မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်တွင် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင် ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုပါရန်၊ အသက်ငါးနှစ် ပြည့်သူတိုင်းအား သူငယ်တန်း (KG)တွင်လည်းကောင်း၊ အသက်ခြောက်နှစ်ပြည့်သူတိုင်းအား ပထမတန်း(Grade-1)တွင် လည်းကောင်း ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်၊ မိဘများအနေဖြင့် မိမိသား၊ သမီးအား ပူးပေါင်း ဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်သော တီထွင်ကြံဆ နိုင်စွမ်းရှိသည့် လူသားကောင်း ဖြစ်လာစေရန်အတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်၊ မူလတန်းအဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းကျောင်းသား၊ ကျောင်းသူများအားလုံး စာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာ တွက်ချက် တတ်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်ပြီး ကျောင်းထွက်သူ လုံးဝ မရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်း အဆင့်များသို့ အဆင့်ဆင့် ဆက်လက် ပညာသင်ယူ နိုင်ရေးအတွက် မိဘများက ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန်နှင့် မျှဝေခြင်းဆိုင်ရာ အစီအစဉ် တွင်လည်း ပူးပေါင်း ပါဝင် ဆောင်ရွက်ပါရန်ဟူသော တိုက်တွန်းချက်များ အပါအဝင် အချက် ၁၁ ချက်ဖော်ပြထားကြောင်း တွေ့ရသည်။

ပညာရေး ဝန်ကြီးဌာန ''၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်''ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ၌ မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုရ။ ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်း မပြုရ။ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်း မပြုရ။ အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်း မပြုရ စသည့်အချက်များ အပါအဝင် အချက် ၁၂ ချက်ပါဝင်သည်။

အထက်တွင် ဖော်ပြခဲ့သော ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် နှစ်မျိုးစလုံး၏ အနှစ်သာရမှာ ကျောင်းအပ်နှံရာတွင် မိဘများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသော ရည်ရွယ်ချက်နှင့် ကလေးပညာကောင်းရန် မိဘနှင့်ဆရာတို့ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်ထားခြင်း ဖြစ်သည်။ ပြည်သူ့နီတိတွင် မိဘတို့ ဝတ္တရား၊ ဆရာတို့ဝတ္တရား၊ သားသမီးတို့ ဝတ္တရား၊ တပည့်တို့ ဝတ္တရားတို့ကို အသီးသီး ညွှန်ပြဆုံးမ ထားသည့်အတိုင်း လိုက်နာကြလျှင် ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် တို့ကို လိုက်နာပြီးဖြစ်သည်။ သား၊ သမီးများကို ကျောင်းအပ်ရာတွင် မိဘများ အနေဖြင့် သွားလာရေး လွယ်ကူသော ကျောင်း၊ စာအသင်အပြ ကောင်းသောကျောင်း၊ စည်းကမ်းထိန်းသိမ်းမှု ကောင်းသောကျောင်း၊ မမျှော်လင့်သော အခြေအနေကြုံလာလျှင် ကျောင်းသား၊ ကျောင်းသူများအတွက် လုံခြုံမှုစိတ်ချရသော ကျောင်း၊ သားသမီးကို ဂရုစိုက်စေရန် မိမိနှင့် ဆွေမျိုးမိတ်သင်္ဂဟ စသည်ဖြင့်ရှိသော ကျောင်းတို့ကို ရွေးချယ်ကြသည်။

သက်ဆိုင်ရာ ကျောင်းများ၌ရှိသော ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံး ကျောင်းတက်မှန်၍ စာသင်ချိန်ဇယားအတိုင်း ပုံမှန်အတန်းဝင် သင်ကြားသင်ယူပေးရန်၊ ရုံးတက်မှန်ရန်ဟူ၍ ဖော်ပြထားပြီး မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ရေးနှင့် အိမ်စာမှန်မှန လုပ်ဆောင်ရေးအတွက် မိဘများက ကြီးကြပ်၍ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း ပေးပါရန်၊ မိဘဆရာအသင်းနှင့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပါရန် စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး ပတ်ဝန်းကျင် ကောင်းဖြစ်စေရန်နှင့် ကျောင်းနေပျော်၍ စာတော်ပြီး တစ်ဦးချင်းတာဝန်သိမှု၊ အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်မှု အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်ချက် ကောင်းများကို တွေ့ရသည်။

သို့ဖြစ်၍ ဘဝတစ်ခုကို အစပြုသည်မှာ ပတ်ဝန်းကျင် ဟူသော ဆိုရိုးစကား အလေးထား၍ မိဘ၊ ဆရာ၊ ကျောင်းသားတို့ ပူးပေါင်း၍ ပညာရေး ပတ်ဝန်းကျင် ကောင်းကို ပို၍ပို၍ တိုးတက်အောင် ဖော်ဆောင်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

Read 328 times Last modified on Saturday, 26 May 2018 10:02