SJ WorldNews - шаблон joomla Авто

သောကမုန်တိုင်းနှင့် ဝေဒနာလှိုင်းတို့မှ လွတ်မြောက်ရေး

Sunday, 27 May 2018 08:33 font size decrease font size decrease font size increase font size increase font size

လူ့ဘဝသည် ဘဝဇာတ်ဆရာ ကံကြမ္မာ၏ စေရာခရီးလမ်း အတိုင်း လျှောက်လှမ်းကြရာဝယ် လွယ်သည် လည်းရှိသည်၊ ခက်သည်လည်းရှိသည်။ လွယ်သည် ခက်သည်ဆိုသော အခြေအနေတို့မှာ ပတ်ဝန်းကျင်၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်ရခြင်းနှင့် ဘယ်သူမပြု မိမိမှုကြောင့် ဖြစ်ပေါ်လာရခြင်းဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။

သိသာထင်ရှားသော သာဓကများမှာ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် လောင်း ကစားခြင်းတို့သည် ပတ်ဝန်းကျင်၏ လှုံ့ဆော်မှုနှင့် စိတ်အလို လိုက်တတ်သူတို့အတွက် ဘယ်သူမပြု မိမိမှုကြောင့် ဘဝအလင်းမှ အမှောင်သို့ ရောက်သွားကြရခြင်း ဖြစ်သည်။

ယနေ့အချိန်တွင် လူငယ်ထုအတွင်း စိုးရိမ်ဖွယ် အခြေအနေ အမျိုးမျိုးတို့ကို ကြားသိနေရသည်များမှ သက်ငယ်လုယက်မှု ကျူးလွန်သူများကို ဖမ်းမိဟူသော သတင်းတစ်ပုဒ် တွေ့ရသည်။ ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့၌ မေ ၂၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဌာနဆိုင်ရာမှ ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦး ရုံးဆင်းပြီး အိမ်ပြန်ရန် ဆိုင်ကယ်စီးလာစဉ် လမ်းခရီး၌ လူငယ်သုံးဦးတို့က ပုံဖျက်ထားသော ဆိုင်ကယ်တစ်စီး ဖြင့် နောက်မှလိုက်လာပြီး အမျိုးသမီး၏ ရွှေရောင်လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေကျပ် ၁ဝဝဝဝ ထည့်ထားသော အိတ်ကို လုယူထွက်ပြေး သွားကြသည်။ ပစ္စည်းနှင့်ငွေ အလုခံရသော အမျိုးသမီးက နောက်မှလိုက်ပြီး အော်ဟစ် အကူအညီတောင်းသဖြင့် ရွာသားများက ဝိုင်းဝန်းဖမ်းဆီးကြရာ ပစ္စည်းနှင့်ငွေ လုယူထွက်ပြေးကြသော လူငယ် သုံးဦးကို ဖမ်းဆီးရမိသည်။ အဆိုပါ လူငယ်သုံးဦးမှာ အသက် ၁၇ နှစ်အရွယ်ရှိသူ နှစ်ဦးနှင့် ၁၃ နှစ်အရွယ် တစ်ဦးတို့ဖြစ်ကြပြီး ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့် အရေးယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ဤဖြစ်စဉ်မှ လူငယ်သုံးဦးသည် မည်သည့်အကြောင်းကြောင့် လုယက်မှု ကျူးလွန်သည်ကို အတိအကျ မသိရသေးသော် လည်း လူငယ်ထုအတွင်း စိုးရိမ်ဖွယ် အခြေအနေ တစ်ခုအဖြစ် ရှုမြင်ရသည်။

အခြားသတင်းတစ်ပုဒ်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်နေသူက ဇနီး၊ သမီးနှင့်ရွာသားများ အား ဓားဖြင့်ခုတ်မှုဖြစ်ပွားသောသတင်းဖြစ်သည်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ် မန်တုံပါးကျေးရွာအုပ်စု ဟိုစင်ကျုံးကျေးရွာမှ အမျိုးသားတစ်ဦးသည် မေ ၂၂ ရက် ည ၁၁ နာရီခွဲခန့်တွင် နေအိမ်၌ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်ကာ နေအိမ်အတွင်းရှိနေသည့် ဇနီးနှင့်သမီးတို့အား ဓားဖြင့် ခုတ်ခဲ့ပြီး ရွာထဲသို့ထွက်သွားသည်။ ထို့နောက် ကျေးရွာအတွင်းရှိနေအိမ်များအား တံခါးလိုက်ခေါက်၍ တွေ့ရှိသူ များကို ဓားဖြင့်လိုက်ခုတ်သဖြင့် ခြောက်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိသွားသည်။ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန် နေသူ အမျိုးသားမှာလည်း ခုခံကာကွယ်သူများကြောင့် သေဆုံးသွားကြောင်း သိရသည်။

ဤဖြစ်စဉ်တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်သူ အမျိုးသား၏ ဇနီးနှင့်သမီးတို့မှာ မစိုးရိမ်ရဒဏ်ရာ ရရှိသူများတွင်ပါဝင်သော်လည်း ဘဝဇာတ်ဆရာကံကြမ္မာက မည်သို့ ကပြခိုင်းဦးမည်ကို တွေး၍ စိုးရိမ်မိသည်။

မူးယစ်ဆေးဝါး သုံးစွဲသူက သူ့ဇာတ်သူသိမ်း သွားသည်။ ကျန်ရစ်သူဇနီး ၃၂ နှစ်၊ သမီး ခြောက်နှစ်တို့ အတွက်မှာမူ ပျော်ရွှင်ကြည်နူးသော မိသားစုဘဝဆိုသည်မှာ ပုံပြင်တစ်ပုဒ်ပမာဖြစ်ကြရပေတော့မည်။ အရာအားလုံးပြီးဆုံးသွားချိန်တွင် မျက်ရည်လွှမ်းသော အလွမ်းဇာတ်က မပြီးဆုံးသေးခြင်းနှင့်အတူ ဘဝရှေ့ရေးတွေး၍ စိုးရိမ်ကြ မည်မှာသေချာသည်။

မူးယစ်ဆေးဝါး သယ်ဆောင်သူများအား ဖမ်းဆီးရမိသည့် သတင်းများကိုလည်း တွေ့ရသည်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့မှ ကောင်းခါးကျေးရွာသို့သွားလမ်း ခိုလုံကျေးရွာ အဝင်လမ်းမပေါ်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းနေစဉ် မေ ၂၂ ရက် ည ၆ နာရီတွင် ကောင်းခါးကျေးရွာဘက်မှ ကွတ်ခိုင်မြို့ဘက်သို့မောင်းနှင်လာသော ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း နောက်ထိုင်ခုံပေါ်မှ အစိမ်းရောင် ဆာလာအိတ်နှင့် ထည့်လျက် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့် ရောင်စုံဆပ်ပြာခွက် ၂၂ဝ ခွက်အတွင်းမှ ဘိန်းဖြူမှုန့် အလေးချိန် ၂ ဒသမ ၄၂ ကီလိုဂရမ်နှင့် သက်ဆိုင်သူ နှစ်ဦးကိုင်ဆောင်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသော လက်ကိုင်ဖုန်းနှစ်လုံး တို့ကို ရှာဖွေသိမ်းဆည်း ရမိသည်။ ထို့အတူ သိန်းနီမြို့ရှိ အိုရီယမ်တယ် တိုးဂိတ်အနီး၌ ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မေ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကွတ်ခိုင်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင် လာသော လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးအား စစ်ဆေးရာ 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၅၈၉ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၁ဝဝ ကျော်)ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူများအား ဌာနဆိုင်ရာတို့က ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိသည်။

ဖော်ပြခဲ့သော မူးယစ်ဆေးဝါးသတင်းများအနက် လောက်ကိုင်မြို့နယ် ဟိုစင်ကျုံးကျေးရွာဖြစ်စဉ်မှာ အကျည်းတန်လှသည်။ မိသားစုချစ်ခြင်းမေတ္တာများဖြင့် အပြန်အလှန်ထွေးပိုက်၍ ဘဝမှတ်တိုင်စိုက်ထူကြမည့် ရည်မှန်းချက် ပျောက်ကွယ်သွားပြီမို့ သောကမုန်တိုင်းနှင့် ဝေဒနာလှိုင်းတို့ကိုသာ ဖြတ်ကျော်ရတော့မည်ဖြစ်ရာ လူသားချင်း စာနာစိတ်ထား ရှိကြရန်လိုခြင်းကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖြန့်ဖြူးခြင်း စသည့် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုခြင်းမှ ရှောင်ကြဉ်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

Read 332 times Last modified on Sunday, 27 May 2018 08:35