SJ WorldNews - шаблон joomla Авто

မဲခေါင်ကိုအခြေပြု ဇေယျတုသဗ္ဗမင်္ဂလာ

Monday, 28 May 2018 08:35 font size decrease font size decrease font size increase font size increase font size

မျက်မှောက်ကာလ နိုင်ငံတကာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခင်းအကျင်းတို့သည် တစ်နိုင်ငံတည်း ရပ်တည်၍မရနိုင်တော့ဘဲ ဒေသတွင်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ရပ်တည်နိုင်အောင် ကြိုးပမ်းနေကြရာတွင် မြန်မာနိုင်ငံသည်လည်း အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေချိန်ဖြစ်သည်။

နေပြည်တော်ရှိ M Gallery ဟိုတယ်၌ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မေ ၂၅ ရက် နံနက်ပိုင်းကကျင်းပရာ မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ (CLMVT)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးကို မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့က ပူးတွဲသဘာပတိများ အဖြစ် ကျင်းပပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက  မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊   မဲခေါင်-ကိုရီးယားပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ အခြေအနေ၊ လာမည့်သြဂုတ်လတွင် ကျင်းပမည့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးကြသည်။

CLMVT နိုင်ငံများအနေဖြင့် စီးပွားရေး တိုးတက်မှုဆိုင်ရာ မူဝါဒညှိနှိုင်းခြင်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူခြင်း၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် စသည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားရန် ၂ဝဝ၄ ခုနှစ်က ဗီယင်ကျန်းမြို့၌ ကျင်းပသော ထိပ်သီး အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့ကြသည်။

ထို့ပြင် ဥရောပနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန်ကိုလည်း ထိုအစည်းအဝေး၌ သဘောတူညီခဲ့ကြသည့် ဆုံးဖြတ်ချက်အရ ယခုကျင်းပသော မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂ဝဝဝ ပြည့်နှစ်က တည်ထောင်ခဲ့သော မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အဖွဲ့ဝင်နိုင်ငံများဖြစ်သော CLMVT နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေးတွင်လည်း ပါဝင်သည်။ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များမှာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေး ဟူသော လုပ်ငန်းနယ်ပယ် (၄)ရပ်တို့ကို ဦးစားပေးဆောင်ရွက်ရန် ရည်မှန်းထားသည်။

ယခုအချိန်တွင် ယင်းလုပ်ငန်းနယ်ပယ် (၄)ရပ်ကို အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒမှ အရှေ့နှင့်ပူးပေါင်း ဆောင်ရွက်ရေးဝါဒ (င်္ From Look East To Act East Policy)အဖြစ် ရှုမြင်လာကြသည်။ မဲခေါင်မြစ်နှင့် ဂင်္ဂါမြစ်တို့အကြားရှိ ဒေသသည် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဒေသဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဦးဆောင် အကောင်အထည်ဖော်နေသော ရပ်ဝန်းတစ်ခု၊ လမ်းတစ်သွယ် အစပျိုးမှု (One Belt and One Road Initiative))တွင် ဆက်စပ်ပါဝင်နေခြင်းကြောင့် ကမ္ဘာ့စီးပွားရေး၏ ဗဟိုချက်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် သဘောတူညီချက်မှတစ်ဆင့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပါဝင်၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်၊  အိန္ဒိယ၊ သီရိလင်္ကာ၊ ဘူတန်၊နီပေါ၊ ထိုင်းနိုင်ငံတို့ပါဝင်သော ဘင်းမ်စတက် (BIMST-EC)အဖွဲ့တွင်လည်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်မှာ ဘင်္ဂလားပင်လယ် ကမ်းရိုးတန်းနိုင်ငံများ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဖြစ်ပြီး လုပ်ငန်းစဉ်များမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝပထဝီ အနေအထားအရ လူဦးရေထူထပ်သော နိုင်ငံများနှင့် ကုန်းတွင်းနယ်နိမိတ်ချင်း ထိစပ်နေသည့်အပြင် အနောက်ဘက် အိမ်နီးချင်းနိုင်ငံများနှင့်ဆိုလျှင် ရေပြင်ပိုင်နက်နယ်နိမိတ်ပါ ထိစပ်နေခြင်း၊ နိုင်ငံတည်နေရာသည် ကုန်းတွင်းပိတ်နိုင်ငံ မဟုတ်ဘဲ ပင်လယ်ထွက်ပေါက်ရှိခြင်း တို့သည် ထူးခြားသော အနေအထားဖြစ်သဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပထဝီဝင် အချက်အလက်များမှာလည်း တစ်ဆက်တစ်စပ်တည်း အရေးပါလျက်ရှိသော နိုင်ငံဖြစ်သည်။

ဤသို့ထူးခြားအရေးပါသော ပထဝီဝင်ဆိုင်ရာ အချက်အလက်တို့ကို ပိုင်ဆိုင်ထားခြင်းသည် ဘက်စုံအကျိုးပြုနိုင်သည့် အကြောင်းတရားများ ဖြစ်သကဲ့သို့ ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှု များနှင့်ကြုံတွေ့ရမည့် အခြေအနေတို့ကို ဖန်တီးသော အကြောင်းတရားများစွာ ရှိကြမည်ဖြစ်သည်။ ဖြစ်ပေါ်လာမည့် ကောင်းကျိုးသုခကို မျှဝေခံစားကြရမည်ဖြစ်သကဲ့သို့ ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ကျော်လွှားကြရာတွင်လည်း တိုင်းရင်းသားပြည်သူအပေါင်းတို့က မြန်မာနိုင်ငံသားဟူသော စိတ်ဓာတ်ဖြင့် အားလုံးပါဝင်ကြလျှင် အောင်မြင်မှုရသည့် သာဓကများစွာရှိကြောင်း သတိမူကြရပေမည်။

သို့ဖြစ်၍ ယခုကျင်းပပြီးစီးသွားသော မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ထွက်ပေါ်လာသော ရလဒ်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုကျယ်ပြန့်သော အခြေအနေကောင်းများအတွက် အထောက်အကူပြုမည်ဟုမျှော်လင့်ရကြောင်း မင်္ဂလာ သတင်းကောင်းကို မြဝတီက ထပ်လောင်းဖော်ပြလိုက်ရပါသည်။   

Read 374 times Last modified on Monday, 28 May 2018 08:37