SJ WorldNews - шаблон joomla Авто

ခေတ်စနစ်နှင့် လုပ်ငန်းခွင်တွင်ကျယ်စေရေး ဝိုင်းကူပေး

Tuesday, 29 May 2018 09:20 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေလအထိ ချေးငွေစည်းမျဉ်းနှင့် ကိုက်ညီသော လုပ်ငန်းပေါင်း ၆၃ ခုကို မြန်မာ့စီးပွားရေးဘဏ်က ငွေကျပ်သန်းပေါင်း ၅ဝဝဝ ကျော် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေရယူခွင့် ဦးစားပေးအဆင့်ရှိသော လုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ကုန်ထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများ၊ ပြည်ပပို့ကုန် လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ၊ ဓာတုပစ္စည်းနှင့် စွမ်းအင်လုပ်ငန်းများ၊ နည်းပညာ အခြေခံ ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည်။ ချေးငွေလျှောက်ထားရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနက လုပ်ငန်းအသိအမှတ်ပြု အဖွဲ့ဝင်ကတ်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ တင်ပြ၍ အာမခံပစ္စည်းကို အပေါင်ထားပြီး ချေးယူသော နည်းနှင့် အာမခံပစ္စည်းကို အပေါင်မထားဘဲ ဃွှု စနစ်ဖြင့်ချေးယူနည်းတို့အနက် တစ်နည်းနည်းဖြင့် ချေးငွေရယူနိုင်မည်ဖြစ်သည်။

အာမခံပစ္စည်းကို အပေါင်မထားဘဲ ချေးငွေရယူသော နည်းမှာ ငွေကျပ်သိန်း ၂ဝဝ အထိသာ ခွင့်ပြုပေးမည်ဖြစ်ပြီး အာမခံပစ္စည်းကို အပေါင်ထားပြီး ချေးငွေရယူသော နည်းမှာ ငွေကျပ်သိန်း ၃ဝဝဝ အထိ ကာလစည်းကမ်း သတ်မှတ်ချက်ဖြင့် ခွင့်ပြုပေးမည်ဖြစ်သည်။

ချေးငွေအပေါ် မြန်မာ့စီးပွားရေးဘဏ်က ကောက်ခံမည့် အတိုးနှုန်းမှာ တစ်နှစ်အတွက် ချေးငွေ တန်ဖိုး၏ ၉ ရာခိုင်နှုန်းဖြင့် သုံးလတစ်ကြိမ် ကောက်ခံမည်ဖြစ်သည်။ ချေးငွေရယူသော လုပ်ငန်းရှင်သည် ချေးငွေရယူပြီး ဒုတိယနှစ်တွင် ချေးငွေစုစုပေါင်း၏ ၅ဝ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးဘဏ်သို့ ပြန်လည်ပေးသွင်း ရမည်ဖြစ်သည်။ တတိယနှစ်တွင် ပြန်လည်ပေးသွင်းရန် ကျန်ရှိသည့်ချေးငွေ တစ်ဝက်ကို ပေးသွင်းရမည်ဖြစ်သည်။ မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေ ရယူထားသောလုပ်ငန်းရှင်များသည် မြန်မာ့အာမခံ လုပ်ငန်းသို့ အာမခံကြေးအဖြစ် ပထမနှစ်တွင် ၃ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၂ ရာခိုင်နှုန်း အသီးသီး ပေးသွင်းရမည်ဖြစ်သည်။  အာမခံကြေး ပေးသွင်းရန် ပျက်ကွက်ပါက  ချေးငွေရယူစဉ် နှစ်ဖက်သဘောတူ ချုပ်ဆိုထားသော စည်းမျဉ်းများအတိုင်း အရေးယူ ခံရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ စီးပွားရေးစွမ်းအား မြင့်မားစေရန် နိုင်ငံတော်အစိုးရ ဆောင်ရွက်ပေးရမည့် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တည်ဆဲ ဥပဒေများနှင့်အညီ ခွင့်ပြုပေးခြင်းတို့အပြင် ယခုကဲ့သို့ ချေးငွေထုတ်ချေးပေးခြင်း တို့ကိုပါ ဆောင်ရွက်ပေးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် နိုင်ငံတော်အတွက် အခွန်တိုးမြှင့် ရရှိခြင်း၊ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်၏ GDP  နှင့်  နိုင်ငံသားတို့၏ တစ်ဦးကျဝင်ငွေ တိုးတက်လာမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းထားသော ဥပဒေများတွင် အလုပ်ရှင်နှင့် အလုပ်သမား ဥပဒေအပါအဝင်ဖြစ်ရာ ထိုဥပဒေကို သက်ဆိုင်သူတို့က လေးစား လိုက်နာကြရမည်ဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမားတို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုနေကြသူများ ဖြစ်သဖြင့်အလုပ်သမားများအတွက် ဥပဒေပါ အခွင့်အရေးများ ရရှိရေး၊ လုပ်ခလစာနှင့် အချိန်ပိုကြေးတို့ မှန်ကန်စွာရရှိရေး၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိရေး တို့ကို အလုပ်ရှင်ဘက်က ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ အလုပ်သမားဘက်ကလည်း မိမိတို့ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအား စိုက်ထုတ်၍ လုပ်ငန်းတွင်ကျယ်ရေး အတွက် ကြိုးစားအားထုတ်ကြရန် တာဝန်ရှိသည်။ အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် အလေးထားကြရန် ပျက်ကွက်မှုများကြောင့် မပြေလည်မှုများ ဖြစ်ရကြောင်း မကြာခဏ ကြားသိနေရသည်။ အချို့အလုပ်ရှင်များ စက်ရုံကိုပိတ်၍ ပြည်ပသို့ တိတ်တဆိတ် ရှောင်သွားကြသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

ဤအခြေအနေမျိုး၌ အလုပ်ရှင်သည် ဆင်ပိန်ကျွဲလောက်တော့ ရှိသေးသည်ဆိုသကဲ့သို့ ဖြစ်နိုင်သော်လည်း မူလကပင် ဆင်းရဲတွင်းနွံနစ်နေသော အလုပ်သမားတို့ဘဝ မည်သို့ ရှိမည်ကို အလေးအနက် စဉ်းစားရန် သက်ဆိုင်သည့် ဌာနများတွင် တာဝန်ရှိမည်ဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမားတို့ အချင်းချင်းသည် လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ မပြေလည်မှုကို ပြေလည်အောင် ဖြေရှင်းပေးရသော ဌာနဆိုင်ရာတို့သည် လည်းကောင်း  မိမိတို့တွင်ရှိသည့် တာဝန်ကိုယ်စီ ကျေပွန်ကြခြင်းသည် လူသားချင်းစာနာမှုကို အပြောမဟုတ် အလုပ်နှင့် သက်သေပြခြင်း မည်ပေသည်။

မြန်မာနိုင်ငံ၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အုပ်စုက ဖော်ပြ ထားကြောင်း တွေ့ရလေရာ မှန်းချက်နှင့်နှမ်းထွက် ကိုက်ညီစေရန် ဘက်ပေါင်းစုံ ကြိုးပမ်းမှုများမှ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် ခေတ်စနစ်နှင့် ကိုက်ညီမှုရှိရေး၊ လုပ်ငန်းခွင် တွင်ကျယ်မှု ရှိရေးတို့အတွက် သက်ဆိုင်သူ အားလုံးတို့က ဝိုင်းဝန်းဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 314 times Last modified on Tuesday, 29 May 2018 09:21