SJ WorldNews - шаблон joomla Авто

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အားလုံးပူးပေါင်း ပါဝင်

Wednesday, 30 May 2018 08:11 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ် လာရောက်လည်ပတ်နေကြသော ဆွစ်ဇာလန်နိုင်ငံမှ ခရီးသွား ကိုယ်စားလှယ် ၄၁ ဦးတို့သည် Diethelm  Travels Company Limited ၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံသို့ မေ ၂၂ ရက်တွင် စတင်ရောက်ရှိပြီး ရန်ကုန်မြို့နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသများသို့ သွားရောက်လည်ပတ်၍မေ ၂၇ ရက်တွင် မန္တလေးမြို့၌ သံဃာတော်

များကို ဆွမ်းလောင်းခြင်း၊ မြန်မာ့ရိုးရာ ခြင်းခတ်အားကစားနည်းများကို လေ့လာခြင်းနှင့် စစ်ကိုင်းတောင် သကျဒီတာသီလရှင် ကျောင်းတိုက်၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဆွစ်ဇာလန်နိုင်ငံမှ  လေ့လာရေးခရီးသွား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ တည်ငြိမ်

အေးချမ်းမှုအခြေအနေ၊ နိုင်ငံတော်အစိုးရ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရီးသွား ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိပါက မြန်မာနိုင်ငံအကြောင်း ပြန်လည်မြှင့်တင် အသိပေးပြောကြားရန် မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ မျှော်မှန်းချက်များသည် နေထိုင်ရန် ပိုမိုကောင်းမွန်သော နေရာဖြစ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ စီးပွားရေး အခွင့်အလမ်းများ ပံ့ပိုးပေးရန်၊ သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကြွယ်ဝသောယဉ်ကျေးမှု အမျိုးအစားများအား မျှဝေခံစားရန်၊ လာရောက်လည်ပတ်သူများကို နွေးထွေးပျူငှာစွာ ကြိုဆိုရန် တို့ဖြစ်ကြောင်း မေ ၂၅ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မျှော်မှန်းချက်များအတိုင်း အကောင်အထည် ဖော်လျက်ရှိရာ နှစ်အလိုက် ဧည့်သည် လာရောက် လည်ပတ်မှုနှင့် ရရှိသောဝင်ငွေမှာ ၂ဝ၁၇ ခုနှစ်တွင် ဧည့်သည်သုံးသန်းကျော် ဝင်ရောက်ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၁၉၆၉ သန်း ရရှိသည်။ ၂ဝ၁၈ ခုနှစ်ဧပြီလအထိ ဧည့်သည်တစ်သန်းကျော် ဝင်ရောက်ခဲ့ရာမှ အမေရိကန် ဒေါ်လာ သန်း ၇၁ဝ ရရှိထားသည်။ ၂ဝ၁၈ ခုနှစ်အတွင်း တိုက်ရိုက် အလုပ်အကိုင် ရရှိမှုမှာ ဟိုတယ်လုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း၊ လေကြောင်းလိုင်းနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်လုပ်ငန်းတို့၌ စုစုပေါင်း ၄၂၃၃၄ဝ ဦးတို့အား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားပြီး ဖြစ်ကြောင်း သိရသည်။

သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖော်ထုတ်၍ ဒေသခံပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေစဉ်မှာပင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ကျေးရွာဒေသများအဖြစ် ကျေးရွာ ၄၇ ရွာတွင် လုပ်ငန်း ၂၁ ခုဆောင်ရွက်လျက် ရှိသည်။ ခရီးသွား သတင်းအချက်အလက် ဖြန့်ဝေရေးစင်တာများ အဖြစ် ရှမ်းပြည်နယ်တွင် ဖယ်ခုံကောင်တာ၊ ဟဲဟိုးလေဆိပ် ကောင်တာနှင့် ကလောကောင်တာ၊ ချင်းပြည်နယ်တွင် ကန်ပက်လက်ကောင်တာ၊ မွန်ပြည်နယ်တွင် မော်လမြိုင်ကောင်တာနှင့် ရခိုင်ပြည်နယ်တွင် စစ်တွေကောင်တာတို့ ဖွင့်လှစ် ထားသည်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာကို ၂ဝ၁၅ ခုနှစ်မှစ၍ လူထုအခြေပြု ခရီးသွားလုပ်ငန်း စတင်အကောင်အထည် ဖော်ခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် အာဆီယံက ချီးမြှင့်သောလူထု အခြေပြုခရီးသွား လုပ်ငန်းဆုရရှိသည်။ ၂ဝ၁၆ ခုနှစ်တွင် ချောက်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို ဆက်လက် အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး အတွင်း ဆက်လက် အကောင်အထည် ဖော်မည့် ဒေသများမှာ ပုံတောင်-ပုံညာဂန့်ဂေါဒေသ ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာနှင့် ငဖဲမြို့နယ် နတ်ရေကန်တောင်တို့ကို ရွေးချယ်ထားပြီး လုပ်ငန်းများ ဆောင်ရွက်ရန်  တိုင်းဒေသကြီး အစိုးရထံ တင်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးသွား လုပ်ငန်း၏ ၂ဝ၁၈ ခုနှစ် ဧပြီလအထိ ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရန်ကုန်မြို့တွင် ၂၃ ရာခိုင်နှုန်း၊ မန္တလေးမြို့တွင် ၁၂ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ၆၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ရန်ကုန်မြို့တွင် ၇၁ ရာခိုင်နှုန်း၊ မန္တလေးမြို့တွင် ၅ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၂၄ ရာခိုင်နှုန်း အသီးသီးရှိကြသည်။ ရင်းနှီးမြှုပ်နှံမှုစာရင်းများကိုနှိုင်းယှဉ်ကြည့်ပါက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုသည် ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပြီး အခြားနေရာများတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုက ပိုများကြောင်း  တွေ့ရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ မျှော်မှန်းချက်များမှ လာရောက်လည်ပတ်သူများကို နွေးထွေးပျူငှာစွာ ကြိုဆိုရန်ဟူသော မျှော်မှန်းချက်သည် လူတိုင်းတတ်နိုင်သည့် လူမှုဆက်ဆံရေး လုပ်ငန်းဖြစ်ရာ နိုင်ငံသား တစ်ဦးချင်းအနေဖြင့် အလေးအနက်ထား၍ ပူးပေါင်းပါဝင်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 342 times Last modified on Wednesday, 30 May 2018 08:12