SJ WorldNews - шаблон joomla Авто

အလိမ်အလိမ် အကြိမ်ကြိမ် မိုးတိမ်ဘယ်က ဖြစ်သနည်း

Thursday, 31 May 2018 08:21 font size decrease font size decrease font size increase font size increase font size

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း ကပ္ပလီ ပင်လယ်ပြင်နှင့်  ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း ဒေသများသို့ မေ ၂၄  ရက်တွင် စတင်ဝင်ရောက်လာရာမှ မေ ၃ဝ ရက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာ ထားသည်။

အနောက်တောင်မုတ်သုံလေ ဝင်ရောက်လာသည်နှင့် ''တစ်သိန်းငါးသောင်း၊ စက်ပေါင်းအကုန်၊ မေထုန်ရာသီ၊ တိမ်နီတိမ်ပန်း၊ ဆန်းစလေ'' ဟူသော နယုန်လဘွဲ့စာဆိုနှင့်အညီ ကောင်းကင်၌ အုံ့အုံ့မှိုင်းမှိုင်းမိုးတိမ်တို့ကို တွေ့ရသည်။မိုးတိမ်တို့ကိုဖြစ်စေသော အကြောင်းတရားတို့မှာ ပင်လယ်သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊ အင်းအိုင်တို့သည် နေအပူရှိန်ကြောင့် အထက်သို့ ပျံ့လွင့်တက်ရာမှ လေဟုန်ရေဟုန်အဖြစ်စုဖွဲ့၍ မိုးရွာစေခြင်း၊ မြေပြင်နှင့် တောင်ကုန်းတောင်တန်းတို့မှ အခိုး၊ အငွေ့များအထက်သို့ ပျံ့လွင့်တက်ရာမှ လေဟုန်ရေဟုန်အဖြစ် စုဖွဲ့၍ မိုးရွာစေခြင်းဖြစ်သည်။ မိုးအခါ မိုးရွာခြင်း၊ ဆောင်းအခါ ချမ်းအေးခြင်း၊ နွေအခါပူပြင်းခြင်းတို့သည် သဘာဝတရားကြီးက  ဖန်တီးသော ရာသီဥတုအလိုက် ဖြစ်ပေါ်လာကြခြင်းဖြစ်သည်။

မိုးကောင်းကင်၌ မူလအခြေအနေကပင် ရှိပြီး ရွေ့လျားနေသော လေထုအတွင်းသို့ မြေငွေ့၊ ရေငွေ့၊ ရေမှုန်တို့ကို သယ်ယူလျက် အထက်သို့ တက်လာသော လေထုတို့ တိုးဝှေ့ထိတွေ့ကြသောအခါ ပြင်းထန်သော အသံဖြစ်ပေါ်သည်ကို မိုးကြိုးသံ၊ မိုးခြိမ်းသံဟူ၍ ခေါ်ကြသည်။ ကျောက်ခဲနှစ်လုံးတို့ ပြင်းထန်စွာ ထိခတ်သောအခါ မီးလျှံဖြစ်သကဲ့သို့ ကောင်းကင်၌မူလရှိပြီး ရွေ့လျားနေသော လေထုနှင့် အခိုးအငွေ့တို့ကို စုဖွဲ့ထားသည့် မိုးတိမ်ကို သယ်ယူလာသော လေထုတို့ အချင်းချင်း ထိတွေ့တိုက်ခတ်ကြရာမှ ထွက်ပေါ်လာသော အရောင်ကို လျှပ်စစ်ဟုခေါ်ကြသည်။

မိုးတွင်းကာလမိုးတိမ်တို့ကို သယ်ဆောင်ရွေ့လျားလာသော လေအဟုန်ကြောင့် မိုးရွာသွန်းခြင်း၊ မိုးကြိုးသံကြားရခြင်း၊ လျှပ်စစ်ရောင် လက်ခြင်းတို့သည် ရေ၊ မြေ၊ လေ၊ မီးဟူသော ဥတု သမုဋ္ဌာန်ကြောင့် ဖြစ်ပေါ်လာပြီး လူတို့အတွက် ကောင်းဆိုးနှစ်တန်ကို ဖန်တီးနိုင်စွမ်းရှိကြသည်။ မြန်မာနိုင်ငံအတွင်း ၂ဝ၁၈ ခုနှစ် မုတ်သုံအကြိုကာလတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေ အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ ယခုမုတ်သုံ စတင်ဝင်ရောက်ချိန်မှာလည်း အလားတူဆုံးရှုံးမှုများ ရှိကြောင်း တွေ့ရသည့်အပြင် မိုးကြိုးအန္တရာယ် ကြုံတွေ့ခဲ့ကြရသည်များလည်း ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တမာကျေးရွာမှ အမျိုးသမီးတစ်ဦးသည် မေ ၄ ရက် ညနေ ၆ နာရီခန့်က နေအိမ်မီးဖိုအတွင်း ထမင်းချက်နေစဉ် အိမ်အရှေ့ဘက် ၁၅ ပေခန့် အကွာရှိတဲအား မိုးကြိုးပစ်သဖြင့် ၎င်းအမျိုးသမီးမှာ မိုးကြိုးစက်ကွင်းမိပြီး ခြေဖျား၊ လက်ဖျားများ ညိုမည်း၍ သေဆုံးသွားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဓနုတ်စံပြကျေးရွာမှ အမျိုးသားနှစ်ဦးသည် ရွာအနီးရှိ အင်းအိုင်ချောင်းမြောင်းများအတွင်း ငါးရှာပြီး ပြန်လာစဉ် မေ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဓနုတ်ဘုရားအနီး လယ်ကွင်းထဲအရောက်တွင် မိုးကြိုးပစ်ခံရသဖြင့် တစ်ဦးသေဆုံးသွားပြီး တစ်ဦးမှာ ၁၅ မိနစ်ခန့် မေ့လဲသွားရာမှ ပြန်လည်သတိရသဖြင့် အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် မအူတန်းကျေးရွာ၌ လယ်ကွင်းအတွင်း လွှတ်ထားသော ကျွဲအထီးနှစ်ကောင်နှင့် အမနှစ်ကောင်သည် မေ ၁၅ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းစဉ် မိုးကြိုးပစ်ခံရသဖြင့် သေဆုံးနေသည်ကို မေ ၁၆ ရက် နံနက်ပိုင်းတွင် ကျွဲပိုင်ရှင်က ပြန်လည်တွေ့ရှိကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဆည်တိုရဲကင်းစခန်း နယ်မြေရှိ ကျောက်ဖူးကားဂိတ်၌ ရန်ကုန်ပြန်ရန် ကားစောင့်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် မေ ၁၃ ရက် ည ၉ နာရီခွဲခန့်တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး မိုးကြိုးပစ်ခံရသဖြင့်  ၎င်းတို့၏ လည်ပင်းညိုမည်းဒဏ်ရာများ ရရှိသေဆုံးသွားကြောင်း သိရသည်။

တင်ပြခဲ့သော မိုးကြိုးအန္တရာယ်များမှာ ယခုနှစ် မြန်မာနိုင်ငံမုတ်သုံ မဝင်ရောက်မီ  ကာလများအတွင်း ကြုံတွေ့ရသော ဖြစ်စဉ်များဖြစ်သည်။ ယခုမုတ်သုံ ဝင်ရောက်ချိန်မှစ၍ မိုးတွင်းကာလ တစ်လျှောက်လုံး ဆက်လက်ကြုံတွေ့ရဖွယ်ရှိသော မိုးကြိုးအန္တရာယ်ကို ကြိုတင်တားဆီးခြင်းငှာ မစွမ်းသာသော်ငြား ကောင်းကင်တစ်ဝန်း၌ အခိုးအငွေ့တို့ စုဖွဲ့ထားသည့် တိမ်နီတိမ်ပန်းတို့ ဆင်မြန်းကြပြီဆိုလျှင် မိုးကြိုးအန္တရာယ်ဖြစ်ရန် အလားအလာရှိသည်ကို မှန်းဆသတိပြု ဆင်ခြင်ကြသော် သက်သာဖွယ်ရှိနိုင်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 318 times Last modified on Thursday, 31 May 2018 08:21