SJ WorldNews - шаблон joomla Авто

ပြည်ထောင်စု အန္တရာယ် အစဉ် ကာကွယ်

Tuesday, 29 August 2017 08:36 font size decrease font size decrease font size increase font size increase font size

အခြေခံပညာ အထက်တန်းကျောင်းသား ဘဝက ''မောင်တော်တမ်း အလွမ်းပြေနှင့် ဇိသျှင်ခိုးကေ''ဟူသော ရခိုင်တေးကဗျာ နှစ်ပုဒ်ကို ကျက်မှတ်ခဲ့ရသည်။

မောင်တော်တမ်း အလွမ်းပြေရခိုင်တေးမှ ''အပွင့်ယေ ဖြူပြာ၊ အညှာရေကောင်းခြင်း၊ ယာတောင်ထက်မှာ၊ ဝါဂွမ်းခင်လေး''ဟု အစချီထားသည်။ ရေခံမြေခံနှင့် ရာသီဥတု ကောင်းမွန်မျှတသော ဒေသ၌ ရှေးယခင်ကစ၍ အခြေချနေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားတို့၏ တောင်ယာတွင် စိုက်ပျိုးထားသော ဝါပင်များမှာ အဖြူရောင်၊ အပြာရောင် ပန်းကလေးများ ရောင်စုံပွင့်၍ အညှာကကောင်း ကြသည်။ ထိုဝါပင်မှရသော ဝါဂွမ်းကိုချည်ငင်၍ မေ့ရက်ကန်းစင်ဖြင့် ရက်လုပ်ထားသည့် ပုဆိုးကို ဘကြီးသား ဝတ်လာစဉ် မြင်တွေ့ရသည်မှာ  ကျောက်မျက်ငါးမျိုးနှင့် တူနေတော့ကြောင်းကို ''နှမလက်ရာ၊ မောင်ဝတ်လာ၊ အဘာကြီးသား၊ လှရေကား။ ကြွရေပရေ၊ သာထွန်းဝေ၊ အမေရို့မှာ မျက်ငါးသွယ်..လေး..မျက်ငါးသွယ်'' ဟူ၍ တင်စားဖွဲ့ဆိုထားသည်။ ဤတေးကဗျာကိုပင် ရခိုင်တိုင်းရင်းသူ ယိမ်းပျိုဖြူတို့က ပြည်ထောင်စုနေ့တွင် သီဆိုကပြကြသည်ကို မြင်တွေ့ရသည်။

ရှေးယခင် နှစ်ပေါင်းများစွာမှစ၍ ရခိုင်ပြည်နယ်၌ အခြေချနေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားတို့၏ အခြေအနေမှာ ''အိမ်သူကို ဧည့်စောင်း၊ သူကောင်းကို အပြစ်တင်၊ တောင်ယာရှင်ကို မျောက်လိုက်လို့မောင်း''သည့် အခြေအနေများနှင့် မကြာခဏ ကြုံတွေ့ခဲ့ကြရဖူးသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရခိုင်ဒေသသို့ ဘင်္ဂါလီများ စတင်ဝင်ရောက်လာကြရာ ၎င်းတို့လူဦးရေ များလာချိန်တွင် ကိုယ်ပိုင်ပြည်နယ် ရရှိရေး တောင်းဆိုမှုဖြင့် အကြမ်းဖက်လာကြသဖြင့် တပ်မတော်က ၁၉၅၁ ခုနှစ်တွင် မေယုစစ်ဆင်ရေး၊ ၁၉၅၄ ခုနှစ်တွင် မုတ်သုံစစ်ဆင်ရေး၊ ၁၉၆၆ ခုနှစ်တွင် ကျီးကန်းစစ်ဆင်ရေး၊ ၁၉၆၉ ခုနှစ်တွင် မြတ်မွန်စစ်ဆင်ရေး၊ ၁၉၇၄ ခုနှစ်တွင် စံပယ်စစ်ဆင်ရေးတို့ ဆင်နွှဲ၍ မြန်မာနိုင်ငံအတွင်း ဘင်္ဂါလီများ တရားမဝင် လာရောက် နေထိုင်ခြင်းကို တားဆီးခဲ့သည်။ ဘူးသီးတောင်နှင့် မောင်တောဒေသတို့၌ နဂါးမင်းစစ်ဆင်ရေးကို အဆင့်နှစ်ဖြင့် ၁၉၇၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။

၂ဝ၁၂ ခုနှစ် နောက်ပိုင်းတွင် အကြမ်းဖက် အဖွဲ့အစည်းများသည် စနစ်တကျဖွဲ့စည်း ပြင်ဆင်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည့် တိုက်ခိုက်မှုများ ကျူးလွန်လာကြသည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသော အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် အခြေစိုက်ထားသည့် ကျီးကန်းပြင်စခန်း၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေ ရဲစခန်းတို့အား ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူများက စီးနင်းတိုက်ခိုက်ကြသဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးပြီး လက်နက်၊ ခဲယမ်းများ ဆုံးရှုံးခဲ့သည်။ ၎င်းဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက် နယ်မြေလုံခြုံရေး အတွက် တပ်မတော်နယ်မြေခံတပ်များအား တာဝန်ပေးပြီး စစ်ဆင်ရေးနယ်မြေအဖြစ် အောက်တိုဘာ ၁ဝ ရက်မှစ၍ သတ်မှတ်ဆောင် ရွက်လျက်ရှိသည်။ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများအား အသေဖမ်းမိသူ၊ အရှင်ဖမ်းမိသူနှင့် ၎င်းတို့လက်နက်ခဲယမ်းနှင့် အမှတ်အသားတံဆိပ်များကို သိမ်းဆည်းရမိခဲ့သည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည်  ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင်ရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့သို့ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသသို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်ခဲ့သည်။

အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သောင်းကျန်းသူများသည် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား ကူညီပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ဒေသခံ မြိုတိုင်းရင်းသားများအား သတ်ဖြတ်ခြင်းတို့ကို ဆက်လက်လုပ်ကိုင်နေကြရာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့အတွင်းရှိ ရဲကင်းစခန်း ၃ဝ ကို သြဂုတ် ၂၅ ရက် နံနက် ၁ နာရီမှစတင်၍ လက်လုပ်မိုင်းများ ဖောက်ခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များ၊ တုတ်၊ ဓားများကိုင်ဆောင်ထားသော အင်အားများဖြင့် တိုက်ခိုက်ခြင်း၊ တံတားများကို မိုင်းဗုံးဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် တပ်မတော်စစ်ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ကြသည်။ အလားတူ ယင်းနေ့နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေခံ တပ်ဌာနချုပ်အား အင်အား ၁၅ဝ ခန့်ဖြင့် နှစ်ဖွဲ့ခွဲ၍ ဝင်ရောက် တိုက်ခိုက်ရန်ကြိုးစားသော်လည်း တပ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေများက ပြန်လည်ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်းခြောက်လောင်း ကျန်ရှိခဲ့ပြီး ထွက်ပြေးသွားကြသည်။

မောင်တောမြို့နယ် မြင်းလွတ်မြို့ ဘင်္ဂါလီကျေးရွာကို ၎င်းတို့ကိုယ်တိုင် သြဂုတ် ၂၆ ရက် နံနက် ၅ နာရီခန့် က မီးရှို့သဖြင့် စုစုပေါင်းနေအိမ် ၈၈ လုံး၊ ဈေးဆိုင် ၅၄ ဆိုင်၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီနှစ်ခု၊ အာရဗီကျောင်း ရှစ်ကျောင်း၊ ကားကိုးစီးနှင့် ဆိုင်ကယ်လေးစီး မီးလောင်ဆုံးရှုံးသွားသည်ကို တပ်မတော်၏ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု ဝါဒဖြန့်၍ သူကောင်းကို အပြစ်တင်နေကြသည်မှာ မရိုးသားသော မုသား စကားဖြစ်သည်။

သို့ဖြစ်၍ ကြွရေပရေ တို့မျိုးဆွေ  တိုင်းရင်းသားပြည်သူများ အနေဖြင့် သတိသမ္ဗဇဉ် ဉာဏ်နှင့်ယှဉ်၍ ပြည်ထောင်စု၏ အန္တရာယ်အသွယ်သွယ်ကို  တပ်မတော်နှင့် လက်တွဲလျက်  အစဉ်အမြဲ ကာကွယ်ကြ ပါရန်မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။      

Read 685 times Last modified on Tuesday, 29 August 2017 08:38