SJ WorldNews - шаблон joomla Авто

မိဘဆရာ စကားနာ၍ ကျမ်းစာ သိမြင်တတ်အောင်သင်

Friday, 01 June 2018 08:18 font size decrease font size decrease font size increase font size increase font size

လောကသာရပျို့ ဆုံးမစာ၌ ''ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမျှော်၊ကျိုးမပေါ်သား''ဟူ၍ ဆုံးမထားသည်။ ပညာဟူသော မျက်စိမရှိသဖြင့် တရားမှန်ကို မမြင် တတ်သောကြောင့် အကျိုးမရှိ အပြစ်ဖြစ်တတ်ကြောင်း ဖော်ညွှန်းထားသည်။ ထို့ကြောင့် နိုင်ငံတော်တွင် အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိမြင်နိုင်သော ပညာနှင့် ဗလငါးတန်ပြည့်စုံသည့် လူငယ်လူရွယ်များပေါ်ထွန်းရေး အစဉ်တစိုက် ဆောင်ကြဉ်းသော အခြေခံပညာကျောင်းများ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်ကို ယနေ့ ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိမြင်သည့်အပြင် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းခြင်း ကာယဗလ၊ ပညာတတ်မြောက်ခြင်း ဉာဏဗလ၊ ပစ္စည်းဥစ္စာနှင့်ပြည့်စုံခြင်း ဘောဂဗလ၊ မိတ်ဆွေကောင်းရှိခြင်း မိတ္တဗလ၊ အမူအကျင့်မွန်မြတ်ခြင်း စာရိတ္တဗလတို့နှင့် ပြည့်စုံသော သူတော်ကောင်းတို့ ချီးမြှောက်ကြသဖြင့် ဂုဏ်သတင်း ကျော်စောသူအဖြစ်သို့ ရောက်ရှိနိုင်သည်။ ဗလငါးတန်တို့သည် သူ့နေရာနှင့်သူ ဆိုင်ရာဆိုင်ရာအလိုက် အရေးကြီး အသုံးဝင်ကြသည့်အနက် ပညာတတ်ခြင်းဟူသော ဉာဏဗလသည် အရေးကြီး အသုံးဝင်ရာ၌ ဉာဏဗလသည် ထိပ်ဆုံးကရှိပြီး နိဗ္ဗာန်သွားရာလမ်းသို့ပင် ရှေးရှုခေါ်ဆောင်သွားနိုင်သည်ဟု ပညာရှိ သူတော်ကောင်းများက ညွှန်ပြထားကြသည်။

နိုင်ငံတော်အစိုးရ အဆက်ဆက်တို့သည် ပညာမြင့်မှ လူမျိုးတင့်မည်ကို အလေးအနက်ထား၍ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် အခမဲ့ပညာရေး စနစ်တို့ကို အဆင့်ဆင့် အကောင်အထည် ဖော်ခဲ့ကြသည်။ နှစ်စဉ်ပညာရေး အသုံးစရိတ်ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှစ၍ သိသိသာသာ တိုးမြှင့်ခဲ့ရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၁ဝ၆ ဘီလီယံအထိ သိသိသာသာ တိုးတက်လာခဲ့ပြီး လွန်ခဲ့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၇၅၆ ဘီလီယံရှိကြောင်းသိရသည်။  အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာမများ

အရည်အသွေး မြင့်မားရေးအတွက် ကျောင်းအုပ်ကြီးများ၏ ပံ့ပိုးကူညီမှုနှင့် စီမံခန့်ခွဲမှုသည် အရေးကြီးသည့် ကဏ္ဍ၌ ရှိခြင်းကြောင့် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များမှ အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်ကြီး ၉၂ ဦးတို့ တက်ရောက်ခဲ့ကြသော ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)ကို ဧပြီ ၂၃ ရက်မှ မေ ၁၂ ရက်အထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈) သင်တန်းဆင်းပွဲသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကား ပြောကြားရာ ''ပညာရည်မြင့် မားရေးအတွက် အရည်အသွေး ရှိသော ဆရာ၊ ဆရာမများသည် အဓိကကျပါကြောင်း၊ ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားရေးအတွက် ကျောင်းအုပ်ကြီးများ၏ ပံ့ပိုးကူညီမှု၊ စီမံခန့်ခွဲမှုများက အရေးကြီးပါကြောင်း၊  ကျောင်းဖွင့်ရာသီ နီးကပ်လာပြီ ဖြစ်သောကြောင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းရောက်ရှိရေး၊ မူလတန်းပညာ သင်ယူပြီးမြောက်ရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အခမဲ့ဖြန့်ဝေသည့် ဗလာစာအုပ်များ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ကျောင်းဝတ်စုံများကို ကျောင်းလာအပ်သူတိုင်း လက်ထဲအရောက် ဖြန့်ဝေပေးကြ ရန်နှင့် သင်ကြားသင်ယူမှု လုပ်ငန်းများကို ဇွန် ၁ ရက်နေ့ကတည်းက အင်ပြည့်အားပြည့် ဆောင်ရွက်သွားကြရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား လူသားကောင်းများ ဖြစ်လာရန်၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရန်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်ရန်၊ တီထွင်ကြံဆတတ်ရန် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း'' ဖြင့် ပြောကြားသည်။

အခြေခံပညာကျောင်းများ၏ ကျောင်းအပ်ရက်သတ်မှတ်ထားသော မေ ၂၅ ရက်မှ ၃၁ ရက်အတွင်း မိဘတို့ဝတ္တရားနှင့်အညီ သား၊ သမီးတို့အား ကျောင်းအပ်ပြီးဖြစ်၍ သင်ကြားမှု၊ သင်ယူမှု လုပ်ငန်းများကို ဇွန် ၁ ရက်တွင် ဆရာနှင့် တပည့်တို့က ဆက်လက် အားထုတ်နေကြပြီဖြစ်သည်။ အထူးသဖြင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှ စတင်မည့် ဒုတိယတန်း သင်ရိုးသစ်အတွက် သင်ကြားမှုနှင့် သင်ယူမှုအတွက်  အထူးအာရုံစိုက်ကြရန် လိုမည်ဖြစ်သည်။

မည်သို့ဆိုစေ ပညာနှင့်တူသော အလင်းရောင်သည် မရှိဟူ၍ လည်းကောင်း၊ ပညာဖြင့် အသက်မွေးခြင်းသည် လောကတွင် အမြတ်ဆုံးဟူ၍ လည်းကောင်း ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော် မူခဲ့သည့် အားလျော်စွာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိဘ၊ ဆရာစကားနာ၍ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့ ဟူသော လောကသာရ ဆုံးမစာကို လိုက်နာ ကျင့်ကြံကြ ရမည်ဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော်လိုက်ရပါသည်။ 

Read 453 times Last modified on Friday, 01 June 2018 08:20