SJ WorldNews - шаблон joomla Авто

ကျန်းမာ သန်စွမ်းစိတ် ရွှင်လန်းကြစေဖို့

Saturday, 02 June 2018 09:37 font size decrease font size decrease font size increase font size increase font size

လူတို့နေ့စဉ်စားသုံးနေကြသောအာဟာရများမှ ပရိုတင်းဓာတ်သည် နှလုံးရောဂါဝေဒနာရှင်များ  အသက် ရှည်ကြာ နေနိုင်ရေးအတွက် ထိရောက်သော အာဟာရဖြစ်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိထားကြပြီး သက်ကြီး ရွယ်အို နှလုံးရောဂါ ဝေဒနာရှင်များ အနေဖြင့် ပရိုတင်းဓာတ် ပါဝင်သော အစားအစာများများ စားသင့်ကြောင်း တိုက်တွန်း ထားသည်။

ပညာရှင်များက ဥရောပတိုက်ရှိ နှလုံးရောဂါဝေဒနာရှင် ၂ဝဝဝ ကျော်တို့ကို လေ့လာ ဆန်းစစ်ကြည့်ကြရာ ပရိုတင်းပါဝင်သည့် အစားအစာ စားသုံးမှုနည်းပါးသူသည် များများစားသူထက် သေဆုံးမှု ၄၆ ရာခိုင်နှုန်း ကျော်ရှိကြောင်း တွေ့ရသည်။ ပရိုတင်းဓာတ်ပါသော အစားအစာများများစားသုံးသူသည် ကြွက်သားများကို သန်မာစေခြင်းနှင့်  နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေသဖြင့် နေ့စဉ်စားသုံးသော အစားအစာ များတွင် ပရိုတင်းပါဝင်သည့် အခွံမာသစ်သီးများ၊ နို့၊ ကြက်ဥ စသည်တို့ကို စားသုံးကြရန် လိုကြောင်း နယ်သာလန် နိုင်ငံရှိ ဆေးတက္ကသိုလ်တစ်ခုမှသုတေသီများ၏လေ့လာတွေ့ရှိချက်ကို ဗီယင်နာနိုင်ငံ၌ ကျင်းပသည့် ပြင်းထန်နှလုံး ရောဂါ ကမ္ဘာ့ ကွန်ဂရက်သို့ မေ ၂၈ ရက်က တင်သွင်းလိုက်ကြောင်းသိရသည်။

နယ်သာလန်နိုင်ငံရှိ ဆေးတက္ကသိုလ်မှ သုတေသီများသည် ပျမ်းမျှအသက် ၆၈ နှစ်ဝန်းကျင်ရှိသော သက်ကြီး ရွယ်အိုနှလုံးရောဂါဝေဒနာရှင်များ ပရိုတင်းဓာတ်စားသုံးမှု ပမာဏကို သိရှိနိုင်ရန်၎င်းတို့ထံမှ ဆီးနမူနာကို ယူ၍စစ်ဆေး ကြည့်ကြရာ ပရိုတင်းဓာတ် ပါဝင်သည့် အစားအစာများများစား သုံးသူများမှာ နှလုံးရောဂါ ပျောက်ကင်း စေမည့် အလားအလာကောင်းရှိကြောင်း တွေ့ကြရသည်။ အခြားလေ့လာ ဆန်းစစ်မှုများမှာ အသက် အရွယ်နှင့်ကျောက်ကပ်၏ အနေအထား တို့ကိုပါ ဆက်စပ်လေ့လာ ကြည့်ရာတွင်လည်း ပရိုတင်းဓာတ် ပါဝင်သည့် အစားအစာပမာဏ အပေါ်မူတည်၍  ကျန်းမာရေးအခြေအနေကွဲပြားမှုရှိကြောင်းတွေ့ကြရသည်။

သုတေသီများ၏နှစ်နှစ်ကြာလေ့လာခဲ့ကြသည့်ကာလအတွင်း တစ်နေ့လျှင် ပရိုတင်းဓာတ် ၄ဝ ဂရမ်ထက် လျော့နည်း စားသုံးသော နှလုံးရောဂါဝေဒနာရှင် ၃၁ ရာခိုင်နှုန်းအထိ သေဆုံးမှုရှိကြောင်း တွေ့ရသော်လည်း ယခုအချိန်တွင် လူတစ်ဦးတစ်နေ့ပရိုတင်းဓာတ်ပါဝင်မှု ၇ဝ ဂရမ်ထက်ပိုမိုစားသုံးစေခြင်းကြောင့် သေဆုံးမှု ၁၈ ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင်း သိရသည်။

သက်ကြီးရွယ်အိုများ၏ ကိုယ်ခံစွမ်းအား ကျဆင်းမှုကြောင့် ပရိုတင်းဓာတ်ကကြွက်သားများသန်မာရေး အတွက် လုံလောက်သော စွမ်းဆောင်မှုပေးနိုင်စွမ်း လျော့နည်းသွားသဖြင့် အသက် ၇ဝ နှစ်နှင့်အထက်သက်ကြီး ရွယ်အိုများမှ ၁ဝ ရာခိုင်နှုန်း နှလုံးရောဂါ ဝေဒနာခံစားကြရသည်။   ဤသို့ဖြစ်ရသည်မှာ သက်ကြီးရွယ်အို များ၏ ခန္ဓာကိုယ်အတွင်းသွေးလည်ပတ်မှု အတွက် အခက်အခဲရှိခြင်းနှင့် ကြွက်သားများသန်မာရေးအတွက် လိုအပ်သော အောက်ဆီဂျင် လုံလောက်အောင် မပေးပို့နိုင်ခြင်းကြောင့်ဖြစ်ကြောင်း ပညာရှင်များက ထုတ်ဖော် ပြောကြားထား သည်။

လူ့ခန္ဓာကိုယ်အတွင်းရှိ နှလုံးနှင့်အဆုတ်တို့၏ လုပ်ဆောင်မှုများ ကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ကြရန်လည်း ကျန်းမာရေး ပညာရှင်များက တိုက်တွန်းထားကြသည်။

လူလတ်ပိုင်းအရွယ်များအနေဖြင့် ရက်သတ္တ တစ်ပတ်လျှင် အနည်းဆုံးမိနစ် ၁၅ဝ ကြာသည်အထိ ခပ်သွက်သွက် လမ်းလျှောက်ပေးခြင်းဖြင့် နှလုံးရောဂါ၊ အရိုးအဆစ်ရောင ရမ်းနာနှင့် ဆီးချိုသွေးချို ရောဂါတို့ကို သက်သာ စေသည့် အကျိုးရရှိမည်ဖြစ်သည်။အရက်နှင့် အခြားမူးယစ်ဆေးဝါး သုံးစွဲသူများအတွက်  ဦးနှောက်နှင့် အာရုံကြော များကို ပျက်စီးစေနိုင်သည့် အန္တရာယ်ရှိသဖြင့် ရှောင်ကြဉ်သင့်သော်လည်း လူအချို့က ဦးနှောက် ရွှင်လန်းရန် ဟူသော အကြောင်းပြချက်ဖြင့်  အန္တရာယ်ရှိသော ဆေးဝါးများကို မှီဝဲနေကြသည်မှာ စိုးရိမ်ဖွယ် ဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေးထားသည်။ ကျန်းမာရေးပညာရှင်များ၏ လေ့လာတွေ့ရှိ ချက်များအရ ကိုယ်လက်လှုပ်ရှား အားကစား မှန်မှန်ပြုလုပ်ခြင်းသည် လူတို့၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ဆေးဝါး သုံးစွဲသူများကို အဆိုးသံသရာမှ လွတ်မြောက်စေရန် ထိရောက်သော ကြိုတင်ကာကွယ်မှု ဖြစ်ကြောင်း တိုက်တွန်း ထားကြသည်။

သို့ဖြစ်၍လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတို့ အနေဖြင့် ကျန်းမာသန်စွမ်း စိတ်ရွှင်လန်းစေရန် အရက် သောက် သုံးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် အခြားမလိုလား အပ်သော ဆေးဝါးများမှီဝဲခြင်းတို့ကို ရှောင်ကြဉ်၍ အိုသော်လည်း ပျိုနေဆဲဘဝ မျိုးပိုင်ဆိုင်ကြစေရန် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည်နှင့်အညီ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများ အပါအဝင် အာဟာရဓာတ်ကြွယ်ဝသော အစားအသောက်တို့ကို နေ့စဉ်ပုံမှန် စားသုံးကြရမည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။   

................

Read 317 times Last modified on Saturday, 02 June 2018 09:48