SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြားတစ်စင်းတည်းဖြင့် ငှက်နှစ်ကောင်ထိအောင်ပစ်

Sunday, 03 June 2018 09:15 font size decrease font size decrease font size increase font size increase font size

ရေခံမြေခံကောင်းသော မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအများစုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်သည်။ မြန်မာပြည်သူများ အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ကြရာတွင် စီးပွားဖြစ် လုပ်ငန်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း၊ တစ်နိုင်တစ်ပိုင်လုပ်ငန်း စသည်ဖြင့် လုပ်ကိုင်ကြသည်။ တစ်ပိုင်တစ်နိုင်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ကိုင်ကြသူများမှာ မိမိတို့ စားသုံးမှုမှ ပိုလျှံသည်များကို အခြားသူများ စားသုံးနိုင်ရန် သင့်တင့်သော ဈေးနှုန်းဖြင့် မျှဝေရောင်းချ ပေးကြသည်။ ယခုရက်ပိုင်းအတွင်း ကြားသိရသော မွေးမြူရေးနှင့် သက်ဆိုင်သည့် သတင်းများ၌ ပြည်တွင်းဘဲဥ အထွက်နှုန်းနည်း၍ ထိုင်းနိုင်ငံမှ ဘဲဥလုံးရေ သုံးသိန်းခန့် ရန်ကုန်တိုင်း ဒေသကြီးသို့ နေ့စဉ်တင်သွင်းနေသော သတင်းတစ်ပုဒ် တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီးဈေးကွက်သို့ ဘဲဥတင်ပို့သည့်ဒေသမှာ ဧရာဝတီတိုင်းဒေသကြီး

အတွင်းရှိ ဘိုကလေး၊ ဖျာပုံ၊ မော်ကျွန်းနှင့် ကျိုက်လတ်မြို့တို့မှတင်ပို့နေကြရာ အပူရှိန်မြင့်မား

မှုကြောင့် ဘဲဥအထွက်နှုန်း ကျဆင်းလျက်ရှိသဖြင့် နေ့စဉ်ဘဲဥတင်ပို့သည့် အရေအတွက် လျော့နည်းလာကြောင်း သိရသည်။ လွန်ခဲ့သော ကာလများက ဧရာဝတီတိုင်း ဒေသကြီး၏ ဘဲဥအထွက်နှုန်းသည် တစ်နေ့လျှင်လုံးရေ ငါးသိန်းခန့်ရှိရာမှ တဖြည်းဖြည်း လျော့နည်းလာခဲ့ရာ ယခင်နှစ်က နှစ်သိန်းမှ ယခုနှစ်တွင် တစ်သိန်းခန့်သာ ထွက်ရှိသည်အထိ ကျဆင်းသွားသည်။ ဝယ်လိုအားများသော ရန်ကုန်တိုင်း ဒေသကြီး ဈေးကွက်လိုအပ်ချက်ကို ပြည်တွင်းမွေးမြူရေး လုပ်ငန်းကဖြည့်ဆည်း မပေးနိုင်ခြင်းကြောင့် ထိုင်းနိုင်ငံမှ ဘဲဥများကို မော်လမြိုင်လမ်းကြောင်းမှ တင်သွင်းနေကြရသည်။ ပဲခူးတိုင်း ဒေသကြီး မွေးမြူရေး လုပ်ငန်းများမှ ထွက်သော ဘဲဥများကို ရန်ကုန်တိုင်းဒေသကြီး ဈေးကွက်သို့ တင်သွင်း ရောင်းချရာတွင် အလုံးသေးသဖြင့် ဝယ်သူအကြိုက် နည်းခြင်းကြောင့် အလုံးလှသော ထိုင်းနိုင်ငံမှဘဲဥကို ဈေးကွက်အတွင်း တင်သွင်းရောင်းချနေကြရသည်။ ဈေးနှုန်းမှာ ထိုင်းနိုင်ငံမှ တင်သွင်းလာသော ဘဲဥတစ်လုံးလျှင် ငွေကျပ် ၁ဝဝ မှ ၁၂ဝ အထိရှိပြီး ဧရာဝတီတိုင်း ဒေသကြီးမှ ထွက်သော ဘဲဥတစ်လုံးလျှင် ငွေကျပ် ၉ဝ မှ ၁ဝဝ အထိရှိကြောင်း သိရသည်။ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး၍ ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများကို မေ ၂၉ ရက်ကကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး အဋ္ဌမ မြောက်နေ့၌ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားသည်။ ဒုတိယ ဝန်ကြီးက ဖြေကြားရာ၌ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၂ဝ၁၂ ခုနှစ် လယ်ယာမြေ ဥပဒေမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ မပြဋ္ဌာန်းမီ လုပ်ငန်းဆောင်ရွက်သည့် ငါး၊ ပုစွန်မွေးမြူရေး ကန်များအား မွေးမြူလုပ်ကိုင်နေသူ များက ငါး၊ ပုစွန်မွေးမြူရန် အခြားနည်း လျှောက်ထားလာပါက ၂ဝ၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် ပလပ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားရန်ဖြစ်ပြီး ငါး၊ ပုစွန်မွေးမြူရေး ကန်များကို အာမခံ ပစ္စည်းအဖြစ် သတ်မှတ်၍ လိုအပ်သော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဘဏ်ချေးငွေများ ရရှိရေး ဆောင်ရွက်ရန် ကိစ္စရပ်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့ ကျင်းပသည့် မေ ၁၆ ရက်တွင် အလားတူ ရေထွက်ကုန်ပစ္စည်းများ ဈေးကွက် ချဲ့ထွင်နိုင်ရေးနှင့် ဈေးနှုန်းပိုမို ရရှိနိုင်ရန် တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး လိုအပ်သော နည်းပညာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားစဉ် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် ပတ်သက်သည့် ပညာပေး သင်တန်းများလည်း ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း ထည့်သွင်း ပြောကြားသွားသည်။ အထက်ဖော်ပြပါ လွှတ်တော် အစည်းအဝေးများ၌ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာန၏ ရှင်းလင်း ဖြေကြားချက်များ အရ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုလျက်ရှိသော ရေထွက်ကုန် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို နိုင်ငံတော် အစိုးရက စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးသကဲ့သို့ ဝင်ငွေနည်း ပြည်သူများ နေ့စဉ်စားသုံး နေကြသော ကြက်ဥ၊ ဘဲဥကုန်ထုတ် လုပ်ငန်းများအား ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအတွက် အကျိုးရှိသည် သာမက ကုန်သွယ်ရေးရှင်းတမ်း လိုငွေပြမှု လျော့နည်းသက်သာမည် ဖြစ်သဖြင့် မြားတစ်စင်းတည်းဖြင့် ငှက်နှစ်ကောင်ကို ထိအောင်ပစ်နိုင်မည်ဟု မြဝတီက သုံးသပ်ရပါကြောင်း။

Read 349 times Last modified on Sunday, 03 June 2018 09:18